Skip to content

အစ အလယ် အဆုံး

အစကောင်းမှ အနှောင်းသေချာ” ဆိုသည့် မြန်မာစကားပုံဆိုရိုးအား မိတ်ဆွေတို့အနေဖြင့် ရင်းနှီးကျွမ်းဝင်လိမ့်မည်ဖြစ်ပါသည်။ လူကြီးမိဘများက ဆုံးမလျှင်သော်လည်းကောင်း၊ သူငယ်ချင်းမိတ်ဆွေများ အချင်းချင်းတိုက်တွန်းနှိုးဆော်လျှင်သော်လည်းကောင်း ထိုစကားပုံအား မိတ်ဆွေတို့ မကြာခဏကြားဖူးနားဝရှိပါလိမ့်မည်။ ဆိုလိုရင်းမှာ မည်ကဲ့သို့သောအလုပ်မဆို စတင်ပြုလုပ်သည့်အချိန်၌ ကောင်းမွန်သောစတင်ခြင်းနှင့် အစပြုခဲ့လျှင် အဆုံးတွင် သေချာကောင်းမွန်သော ရလဒ်များအားပိုင်ဆိုင်နိုင်မည်ဖြစ်ကြောင်း အဓိပ္ပာယ်ရပါသည်။ အလွန်ကောင်းမွန်သည့် ဆိုရိုးသာဓကလေးဖြစ်သည့်အလျောက် စာရေးသူလည်း သဘောကျနှစ်ခြိုက်သည့် စကားပုံတစ်ခုဖြစ်ပါသည်။ သို့သော်လည်း တဖက်တွင်တော့ မည်မျှပင်ကောင်းမွန်ခိုင်မာသော အကြောင်းအရာ လုပ်ငန်းတစ်ခုအား အစပြုခဲ့စေကာမူ အလယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ရပ်တန့် လက်လျှော့ကာ အရှုံးပေးမည်ဆိုလျှင်တော့ အဆုံးတွင် ရလဒ်ကောင်း ထွက်ရှိဖို့က မသေချာသလောက်နည်းပါးသွားပြီပဲဖြစ်သည်။

“အမှု​၏အဆုံးသည် အစထက်သာ၍ကောင်း​၏။ သည်းခံတတ်သောသဘောသဘောရှိသူသည် မာနကြီးသောသူထက်သာ၍ကောင်း​၏။”
ဒေသနာကျမ်း ၇:၈

“The end of a matter is better than its beginning, and patience is better than pride.”
Ecclesiastes 7:8(NIV)

ယုံကြည်သူ ကျွန်တော်ကျွန်မ မိတ်ဆွေတို့ရဲ့ အသက်တာမှာ ကောင်းမွန်သော အစပြုခြင်းဖြစ်သည့် သခင်ဘုရားအားသိကျွမ်းခြင်း၊ ဆုကျေးဇူးကောင်းကြီးမင်္ဂလာများနှင့်တကွ သခင်ယေရှုအားဖြင့် ကယ်တင်ခြင်း ထာဝရအသက်တို့ကို ရရှိပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။ သို့ရာတွင် ထိုအရာတို့အား ဆက်လက်၍ကောင်းမွန်စွာ မတည်ဆောက်ဘဲ ရွေ့လျော့သောအသက်တာအားဖြင့်ရှင်သန်မည်ဆိုလျှင်တော့ သခင်ဘုရားအားရနှစ်သက်တော်မူသည့် အသက်တာဖြစ်မလာဘဲ အဆုံးတွင် အပြစ်​၏ဆွဲချခေါ်ဆောင်ရာနောက်သို့ လိုက်ပါသွားမည်ပဲဖြစ်ပါသည်။ ထိုအကြောင်းအရာတို့နှင့်ဆက်စပ်၍ သမ္မာကျမ်းစာထဲမှ လူတယောက်အကြောင်းအားဖြင့် သာဓကပေး ဝေမျှချင်ပါတယ်။

ထိုသူမှာ အခြားသူမဟုတ်။ ဉာဏ်ပညာနှင့်တရားစီရင်ခြင်းတွင် သူမတူအောင် ကျွမ်းကျင်တတ်မြောက်ခြင်းဆုကျေးဇူးကို ရရှိထားကာ ပညာရဲ့ကောင်းမွန်မြင့်မြတ်ခြင်းအကြောင်းအရာအား သုတ္တံကျမ်းအားဖြင့် လူတို့အား သိရှိဖော်ပြခဲ့သော ဒါဝိဒ်မင်းကြီး​၏သား ရှောလမုန်မင်းကြီးပဲဖြစ်ပါသည်။ ရှောလမုန်မင်းကြီး​၏ အသက်တာအားပြန်လည်ဆင်ခြင်ကြည့်လျှင် အသက်ငယ်ရွယ်စဉ်၌ သခင်ဘုရားရွေးနှုတ်တော်မူသော ဣသရေလလူမျိုးတို့အားအုပ်စိုးရသောအခွင့်နှင့်အတူ သူ​၏တောင်းလျှောက်ခဲ့သောပဌာနာစကားအား သခင်ဘုရားသည် နှစ်သက်တော်မူ၍ ဉာဏ်ပညာဆုကျေးဇူးနှင့်အတူ ကောင်းချီးမင်္ဂလာများအား သူ့၌ပြည့်ဝစေခဲ့ပါသည်။ (၃ရာ ၃:၉-၁၃)။ ထိုနည်းတူ ၃ရာ အခန်းကြီး ၃ အပိုဒ် ၁၄ အားဆက်လက်ဖတ်ရှုလျှင် “သင့်အဘ ဒါဝိဒ်ကျင့်သည်အတိုင်း ငါ့လမ်းသို့လိုက်၍ ငါစီရင်ချက်ပညတ်တရားတို့ကို စောင့်ရှောက်လျှင်၊ တာရှည်သောအသက်ကိုလည်း ငါပေးမည်” ဟုထာဝရဘုရားက မိန့်တော်မူခဲ့ပါသည်။ ထိုအရာတို့အား ကြည့်ရှုဆင်ခြင်လျှင် ရှောလမုန်မင်းကြီးသည် ဆုကျေးဇူးကောင်းချီးမင်္ဂလာများဖြင့် အစပြုကောင်းခဲ့တာကို တွေ့ရှိနိုင်ပါသည်။

သို့သော်လည်း သူသည် ထိုဆုကျေးဇူးတို့အား ဆက်လက်တည်ဆောက်ခြင်းအမှုအရာမှာ ပျက်ကွက်ခဲ့ကာ တပါးအမျိုးသားတို့နှင့် စုံဘက်၍ ထိုသူတို့​၏ ဘုရားများအား ပူဇော်ခြင်းအရာ၌ ကူညီကာ စိတ်နှလုံးလွဲခဲ့ပါသည်။ ထို့ကြောင့် ရှောလမုန်မင်းကြီးသည် ထာဝရဘုရားရှေ့တော်၌စုံလင်ခြင်း မရှိတော့သောကြောင့် သူ​၏ကောင်းချီးဆုကျေးဇူးများ ပြန်လည်ရုတ်သိမ်းခံခဲ့ရကာ သူ​၏သားစဉ်မြေးဆက်သည်လည်း ဣသရေလလူမျိုးတို့အား ဆက်လက်အုပ်စိုးခွင့်မရရှိခဲ့တော့ပေ။ (၃ရာ ၁၁:၉-၁၃)။

ထို့ကြောင့် ယုံကြည်သူ ကျွန်တော်ကျွန်မ မိတ်ဆွေတို့အနေဖြင့် အစကောင်းမွန်သော အသက်တာ ဆုကျေးဇူးအား ကရုဏာတော်အားဖြင့် ရရှိထားသော်လည်းဆက်လက်တည်ဆောက်ခြင်းမပြုဘဲ ရွေ့လျော့မည်ဆိုလျှင်တော့ အဆုံး၌ သခင်နှစ်သက်တော်မူသည့်အသက်တာ မဖြစ်နိုင်တော့မည်ကိုတော့ သတိပြုဆင်ခြင်သင့်ပါသည်။

“ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့်အသက်ရှင်လိမ့်မည်။ သို့သော်လည်း၊ ရွေ့လျော့လျှင်၊ ငါ့စိတ်ဝိညာဉ်သည် ထိုသူကိုအားရနှစ်သက်ခြင်းမရှိဟု ဘုရားသခင်အမိန့်တော်ရှိ​၏။”
ဟေဗြဲဩဝါဒစာ ၁၀:၃၈

တခါတရံတွင် လူ့လောကအလယ်မှာအသက်ရှင်သွားလာတဲ့အခါမှာ ပင်ပန်းဆင်းရဲမှုများ၊ ခက်ခဲကြမ်းတမ်းမှုများ၊ လောကဒဏ်ရိုက်ခတ်မှုများအား ကျွန်တော်ကျွန်မ မိတ်ဆွေတို့အနေဖြင့် လူသားများဖြစ်သည့်အလျောက် နေ့စဉ်ကြုံတွေ့ခံစားရနိုင်ပါသည်။ သို့ရာတွင် မိမိတို့ရဲ့ယုံကြည်ခြင်းမှာ ခိုင်ခံ့သောအုတ်မြတ်ပေါ်တွင်တည်ဆောက်ထားခြင်း မဟုတ်လျှင်တော့ အခက်အခဲများကြားတွင် လဲပြိုပျက်စီးသွားနိုင်ပါသည်။ သို့သော်လည်း သခင်သည် လူတို့မခံနိုင်သော စုံစမ်းခြင်းအမှုအရာအား မပေးဟု ကတိတော်ရှိသည်ကိုသော်လည်းကောင်း၊ ယုံကြည်ဖြောင့်မတ်ခြင်းအားဖြင့် သခင့်အပေါ်၌အဆုံးတိုင်သစ္စာစောင့်သိကာ လျှောက်လှမ်းခဲ့သော အာဗြံဟံ၊ ယောဘ အစရှိသည့်သူတို့​၏ အသက်တာအားဖြင့် လည်းကောင်း ပြန်လည်ဆင်ခြင်အောက် မေ့ကာ အသက်တာ၌ပျက်စီးခြင်းသို့ရောက်အံ့သောငှါ ရွေ့လျော့သောသူများမဖြစ်စေဖို့ အလွန်ပင်အရေးကြီးပါသည်။ ထိုကဲ့သို့ ပျက်စီးခြင်းသို့ မရောက်စေခြင်းအတွက် နေ့ရက်အစဉ်အတိုင်း သခင်ဘုရားအလိုတော်ရှိသည့်အသက်တာအတိုင်း အသက်ရှင်လိုက်လျှောက်ဖို့ သမ္မာတရားအားနေ့စဉ်ဖတ်ရှုဆင်ခြင်ရမှာဖြစ်သလို သခင်နှင့်အတူ မိတ်သဟာရ ဆုတောင်းဝတ်ပြုကိုပြုလျက် တရားတော်၌နေ့ညမပျက်ဆင်ခြင်အောက် မေ့ဖို့ သတိပြုရင်း ဤဆောင်းပါးလေးအားမေတ္တာဖြင့်ဖော်ပြရေးသားလိုက်ပါတယ်။

“ကောင်းစွာသောတိုက်လှန်ခြင်းကိုငါပြုပြီ။ ပြေးရသောလမ်းကိုအဆုံးတိုင်အောင်ပြေးပြီ။ ယုံကြည်ခြင်းတရားကိုစောင့်ရှောက်ပြီ။”
တိမောသေဩဝါဒစာဒုတိယစောင် ၄:၇

အားလုံးအပေါ်၌ ဘုရားရှင်ကောင်းချီးပေးပါစေ။