Skip to content

ချီးမွမ်းခြင်းယဇ်

ဟာလေလုယ …
နှစ်တွေ လတွေ ပြောင်း၊ လတွေ နှစ်တွေဟောင်းရင်း တစ်ရက်ပြီး တစ်ရက်၊ တစ်နေ့ပြီး တစ်နေ့ ကုန်လွန်လာရင်း “၂၀၂၂” ခုနှစ်၏ နိုဝင်ဘာကိုလည်း ရောက်ရှိလို့လာခဲ့ပြန်ပါပြီ။
နိုဝင်ဘာလဟု ဆိုလိုက်ရင်ဖြင့် “ကျေးဇူးတော်ချီးမွမ်းရာလ” “Thanksgiving” ဟုလည်း ပြေးမြင်ကောင်း ပြေးမြင်ကြပေလိမ့်မည်။

ယနေ့ ကျွန်ုပ်တို့ ချီးမွမ်းကြပါတယ် …
အဆင်ပြေခြင်း အပေါ်မှာများ ဖြစ်နေမလား။

ယနေ့ ကျွန်ုပ်တို့ ချီးမွမ်းကြပါတယ် …
ကျန်းမာခြင်း အပေါ်မှာများ ဖြစ်နေမလား။

ယနေ့ ကျွန်ုပ်တို့ ချီးမွမ်းကြပါတယ် …
အောင်မြင်ခြင်း အပေါ်မှာများ ဖြစ်နေမလား။

ယနေ့ ကျွန်ုပ်တို့ ချီးမွမ်းကြပါတယ် …
ရခြင်း၊ မရခြင်း၊ ရှိခြင်း၊ မရှိခြင်း အပေါ်မှာများ ဖြစ်နေမလား။

ယနေ့ ကျွန်ုပ်တို့ ချီးမွမ်းကြပါတယ် …
တောင်းဆု ပြည့်ခြင်း မပြည့်ခြင်း အပေါ်မှာများ ဖြစ်နေမလား။

ယနေ့ ကျွန်ုပ်တို့ ချီးမွမ်းခြင်းတွေကို ပြန်လည် ဆန်းစစ်ကြစို့ရယ်။

အဆင်ပြေ၍သာ မဟုတ်ဘဲ အဆင်မပြေခြင်းထဲမှလည်း ချီးမွမ်းတတ်သောသူ ဖြစ်စေဖို့၊ ကျန်းမာခြင်းကြောင့်သာ မဟုတ်ဘဲ မကျန်းမာခြင်းထဲမှလည်း ချီးမွမ်းတတ်သောသူ ဖြစ်စေဖို့၊ အောင်မြင်ခြင်းဖြစ်စေ မအောင်မြင်ခြင်းဖြစ်စေ အနိမ့်အမြင့် အတက်အကျကြားထဲမှာပင်လျှင် ချီးမွမ်းတတ်သောသူဖြစ်စေဖို့ ဘုရားသခင်အလိုတော်ရှိတာဖြစ်သောကြောင့် ယနေ့အရာအရာတိုင်း၌ ချီးမွမ်းကြပါစို့။

အကြောင်းမူကား ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ သူ၏ ကရုဏာသည်လည်း အစဥ်အမြဲတည်ရုံသာမက သစ္စာတော်သည်လည်း ကာလအဆက်ဆက်တည်သောကြောင့် ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ ဟုနှုတ်ကပတ်တော်၌ လာသတည်း။
ဆာလံကျမ်း ၁၅၀:၆

“အသက်ရှိသောသူ အပေါင်းတို့သည် ထာဝရဘုရားကို ချီးမွမ်းကြစေ။ ဟာလေလုယ။”

ထို့ကြောင့် ယနေ့ အသက်ရှိသော ကျွန်ုပ်သည် ထိုကောင်းမြတ်တော်မူသော ထာဝရဘုရားအား အခြေအနေပေါ်၌ ချီးမွမ်းခြင်းမဟုတ်ဘဲ အခြေအနေများ၏ အထက်၌ ချီးမွမ်းခြင်းယဇ်အား ပူဇော်ကာ ချီးမွမ်းရင်း … ကျေးဇူးတော်ကြီးလှပါသည်ဟု ဝန်ခံလျက် … အထံတော်သို့ တိုးဝင်ချဥ်းကပ်ပါ၏ သခင်ဘုရား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။