Skip to content

ယာဗက်၏ဆုတောင်း

“ထိုအဆွေအမျိုး၌ ယာဗက်သည် ထူးဆန်းသောသူဖြစ်၏။ သူ၏အမိက၊ ငါသည် ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကိုမြင်ရပြီဟုဆိုလျက်၊ ယာဗက်အမည်ဖြင့် မှည့်၏။ ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းချီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့်အယှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အားဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။”
‭‭ရာဇဝင်ချုပ်ပဌမစောင် ၄း၉-၁၀

ယာဗက်အကြောင်းကို အထက်ပါ ကျမ်းနှစ်ပိုဒ်မှာဖော်ပြထားသလောက်သာ ကျွန်ုပ်တို့မြင်တွေ့ရပါတယ်။ နောက်ပြီး ထိုသို့အကျဉ်းသာဖော်ပြခံရသော ယာဗက်အကြောင်းကို အခြေခံပြီး စာအုပ်တွေ၊ တရားဟောချက်တွေများစွာလည်းထွက်ပေါ်လာခဲ့ပါတယ်။ အတော်များများ သတိထားမိသလောက်ကတော့ “ဘုရားသခင်ကကောင်းကြီးပေးတဲ့ဘုရား”၊ “ဆုတောင်းရင်နားညောင်းတဲ့ဘုရား”၊ “တောင်းတိုင်းပေးတဲ့ဘုရား” စသည်ဖြင့် ကိုယ်အကျိုးကိုသာမြင်ပြီး ဟောပြောသွန်သင်တာတွေကများပါတယ်။ ဒီလိုပြောလိုက်လို့ ဘုရားသခင်ဟာ ထိုအချက်တွေနဲ့ဆန့်ကျင်ဘက်ဖြစ်တယ်လို့ပြောနေခြင်း မဟုတ်ပါဘူး။ ဘုရားရဲ့ကျေးဇူးပြုခြင်း၊ ကျေးဇူးပြုချင်သော သဘောတို့နှင့် ဆန့်ကျင်ဘက်ဖြစ်နေသော အကျွန်ုပ်တို့အသက်တာကိုသတိပြုစေလိုတာဖြစ်ပါတယ်။

ပထမဦးဆုံး ကျမ်းပိုဒ်ရဲ့အစမှာ ယာဗက်ဟာ သူ့အဆွေအမျိုးညီအကိုတွေထက် “ထူးဆန်းသောသူ” (more honorable) လို့ ဖော်ပြထားပါတယ်။ တနည်းဆိုရလျှင် ဂုဏ်သရေသိက္ခာရှိသောသူ၊ ဖြောင့်မတ်သောသူလို့ စာရေးသူနားလည်သဘောပေါက်မိပါတယ်။ ဆက်လက်ပြီး ဒီနာမည်ကိုဘာကြောင့် မှည့်ခေါ်ခံရသလဲဆိုတာကိုဖော်ပြထားပါသေးတယ်။ သူ့ကိုမွေးဖွားတဲ့အချိန်မှာ သူ့ရဲ့မိခင်ကပြင်းစွာသော ဝေဒနာကိုခံရပြီးရခဲ့သောကြောင့် ဟေဗြဲစကားလုံးမှာနာကျင်ခြင်းဆိုတဲ့စကားလုံးနဲ့ဆင်တူတဲ့ “ယာဗက်”ဆိုတဲ့အမည်ကိုပေးခဲ့တယ်လို့သိရပါတယ်။ သားဖွားတဲ့ဘယ်မိခင်မဆို နာကျင်စွာဖွားရတယ်ဆိုတာ အားလုံးအသိပါပဲ။ ဒါပေမယ့် ယာဗက်ရဲ့မိခင်ကတော့ဘယ်လောက်တောင်ပိုပြီးနာကျင်ခဲ့လို့ ဒီလိုနာမည်ကိုပေးခဲ့သလဲဆိုတာမြင်ယောင်ကြည့်နိုင်ပါတယ်။

ဒုတိယပိုင်းကတော့ သူ့ရဲ့ဆုတောင်းခြင်းကိုတွေ့မြင်ရပါတယ်။ သူဆုတောင်းတဲ့အချက်တွေကိုကြည့်လိုက်တဲ့အခါ အချက်တိုင်းဟာ ဘုရားသခင်ရဲ့ ကောင်းကြီးပေးခြင်း၊ ကြွယ်ဝစေခြင်း၊ စောင့်မပေးခြင်း၊ လက်တော်ဖြင့်ကွယ်ကာစေခြင်းစတဲ့အချက်တွေကို တွေ့ရပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင်တော့ “ယာဗက်ကလည်းတကိုယ်ကောင်းဆန်လိုက်တာ”လို့တွေးကောင်းတွေးမိပါလိမ့်မယ်။ ဒါပေမယ့် ဒီဆုတောင်းချက်က တကိုယ်ကောင်းဆန်လား၊ မဆန်လားဆိုတာ အဖြေကိုကြည့်တဲ့အခါသိနိုင်ပါတယ်။ “တောင်းသောဆုကိုဘုရားသခင်ပေးသနားတော်မူ၏” တဲ့။ သူတောင်းသည့်အရာတိုင်းကို ဘုရားသခင်အဖြေပေးခဲ့ပါတယ်။ တောင်းခဲ့တဲ့အရာတခုစီတိုင်းကိုပေါ့။
ဒါကိုကြည့်ရင်း ကျမ်းပိုဒ်လေးတခုကိုသတိရမိပါတယ်။

“ဖြောင့်မတ်သောသူတို့သည် အော်ဟစ်သောအခါ၊ ထာဝရဘုရားသည် နားထောင်၍၊ သူတို့ကို ခပ်သိမ်းသော ဆင်းရဲထဲက ကယ်လွှတ်တော်မူ၏။” ဆာလံကျမ်း ၃၄း၁၇

အဆွေအမျိုးချင်းအတူတူထဲကတောင်မှ ယာဗက်ဟာအခြားသောသူတွေထက်ထူးဆန်းတယ်လို့ကျမ်းစာကမှတ်တမ်းတင်ခဲ့သလို၊ သူရဲ့ဆုတောင်းဟာလည်း ဘုရားရှင်ရဲ့နားညောင်းတော်မူခြင်းကိုရရှိခဲ့တယ်။ ဒါကြောင့်ယာဗက်ဆုတောင်းသလို ဆုတောင်းကြပါလို့တော့ စာရေးသူ မတိုက်တွန်းလိုပါ။ ဒီလိုပြောတဲ့အခါမှာလည်း ဆုတောင်းချက်တွေက မှားနေလို့ပြောနေခြင်း မဟုတ်ပါဘူး။ ဘုရားရှင်ဖြည့်ဆည်းပေးနိုင်တဲ့အရာတွေပဲလေ၊ တောင်းလို့ရတာပေါ့။ ဒါပေမယ့် မတောင်းလျှောက်ခင်မှာ အသက်တာကိုပြင်ဆင်ဖို့အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုရင် ဘုရားသခင်ဟာ သူ့ကိုအော်ဟစ်၍ခေါ်သောသူတို့ရဲ့ စိတ်နှလုံးကိုသိလို့ပါပဲ။ တခါတရံမှာ ကျွန်ုပ်တို့ရဲ့ ခေါင်းထဲ၊ နားထဲ၊ အသွေးအသားထဲမှာ စွဲကျန်ပြီးသိနေတတ်တာက “ဘုရားသခင်မတတ်နိုင်တာမရှိဘူး” ဆိုတဲ့စကားပေါ့။ ဒါပေမယ့် နှလုံးသားကတော့ ယိုယွင်းနေတာကိုသတိမမူဘဲ ဆုတွေတသီကြီးတောင်းတတ်ကြပါတယ်။ ယာဗက်ထက်တောင်မှ ပိုများ၊ ပိုဆန်းကြယ်တဲ့ ဆုတောင်းခြင်းတွေတောင်ပါနိုင်ပါသေးတယ်။ ဒါကြောင့် ဆုတောင်းလည်းပျင်း၊ အသက်တာကလည်းဖျင်း၊ နှလုံးသားကလည်းယိုယွင်းနေမည်ဆိုရင်တော့ သင့်ရဲ့ဆုတောင်းခြင်းတွေကဘုရားသခင်ဆီတော့ရောက်ပေမယ့်၊ သင်လိုချင်တဲ့အဖြေကတော့ သင့်ဆီရောက်လာမှာ မဟုတ်ပါဘူး။

ချစ်သောညီအကိုမောင်နှမတို့ ကျွန်ုပ်တို့တတွေဟာ ယာဗက်များမဟုတ်ကြပါ။ သို့သော် “ယာဗက် တည်းဟူသောနာကျင်ခြင်းနှင့်မကင်းတဲ့လောကမှာ”မွေးဖွားလာကာ လောကဓံကိုတွေ့ကြုံနေရသူတွေများသာ။ ထိုသို့နာကျင်ခြင်းများကြုံရခိုက် လွတ်မြောက်ဖို့ဆုတောင်းခြင်းဟာ မမှားပေမယ့်၊ ဆုတောင်းနေတဲ့နှလုံးသားနှင့်အသက်တာဟာ သခင့်ရှေ့တော်မှာစုံလင်ဖြောင့်မတ်နေဖို့ရာအင်မတန်မှအရေးကြီးပါတယ်။

“အကြောင်းမူကား၊ ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့ ဆုတောင်းခြင်းကိုလည်း နားထောင်တော်မူ၏။ ဒုစရိုက်ပြုသော သူတို့ကိုကား၊ ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏။” ရှင်ပေတရုဩဝါဒစာပဋ္ဌမစောင် ၃း၁၂

“ယာဗက်၏ဆုတောင်း” ဘုရားရှင်နားညောင်းခြင်းဟာ အကြောင်းမဲ့မဟုတ်သလို၊ ကျွန်ုပ်တို့ရဲ့ဆုတောင်းခြင်းများစွာကိုလည်း ဘုရားရှင်အဖြေမပေးခြင်း၊ စောင့်ဆိုင်းနေစေခြင်းဟာလည်း အကြောင်းမဲ့မဟုတ်ဘူးဆိုတာကိုဆင်ခြင်နိုင်ဖို့ရာကိုတိုက်တွန်းရင်း အသက်တာကိုပြင်ဆင်ကာ၊ စိတ်နှလုံးကိုအထူးသဖြင့်စောင့်ရှောက်လျက် လောက၌နေစဉ်တောင်းပန်လိုသမျှမှာ သခင့်ကိုမှီခိုလျက်သစ္စာရှိပြီး ဆုတောင်းနေသောအသက်တာများဖြစ်ပါမည်အကြောင်းခွန်အားပေးရင်း

မေတ္တာဖြင့်