Skip to content

လူပိန်းတွေပဲ ဘုရားသခင်ကိုယုံကြည်ကြတာလား

ယနေ့ခေတ်တွင် ဘာသာမဲ့(ဘုရားမဲ့ဝါဒီ) အများစုက မိမိတို့သည် ဘာသာစွဲထဲက လွတ်မြောက်သွားကြ​ပြီဟု ဂုဏ်ယူစွာကြွေးကြော်လေ့ရှိကြပြီး ဘာသာတရားထဲမှာ ရှိကြတဲ့သူများကိုလည်း ဦးနှောက်ဆေး (brainwashed) ခံထားရတဲ့လူပိန်းတွေဆိုပြီးသမုတ်လေ့ရှိကြသည်။ ထိုသို့ဆိုလျှင် ကနဦးရူပဗေဒ (Classical Physics) ကို ရှာဖွေတွေ့ရှိခဲ့သူများဖြစ်တဲ့ James Clerk Maxwell, Lord Kelvin, Michael Faraday, Mendel, Pasteur အစရှိသောပုဂ္ဂိုလ်များကိုယ်တိုင်က ဖန်ဆင်းရှင် ထာဝရဘုရားသခင်ကိုယုံကြည်ခဲ့ကြ​သောကြောင့် လူပိန်းတွေများဖြစ်နေ​ကြမလားဆိုတာစဉ်းစားစရာဖြစ်နေပါသည်။

ထို့ကြောင့် ဘုရားသခင်ရှိခြင်းကိုယုံကြည်ကြသောသူများသည် လူပိန်းများဟုတ်​​​၊မဟုတ်ကို အကြောင်း၊အကျိုးဆင်ခြင်​ခြင်း(reasoning) လုပ်ကြည့်ကြရအောင်။ အကြောင်း၊အကျိုးဆင်ခြင်ခြင်း ဆိုသည်မှာ လောကတွင်ရှိသော တစ်စုံတစ်ခု မှန်ကန်ခြင်းရှိ၊မရှိ ကို တိုင်းတာခြင်းဖြစ်သည်။ သိပ္ပံပညာရှင်များသည် အကျိုးသက်ရောက်မှု (effect) တစ်စုံတစ်ခု ဖြစ်ပေါ်လာတိုင်း မည်သည့်အကြောင်း(cause) ကြောင့် ဖြစ်ပေါ်လာခြင်းကိုသိရှိရန် အစဉ်အမြဲ ကြိုးစားလေ့ရှိကြသည်။ ထိုအရာသည် သိပ္ပံပညာ၏အခြေခံသဘောတရားဖြစ်ပါသည်။အကြောင်း(cause) နဲ့ အကျိုး(effect) နိယာမ၏ သဘောတရားမှာအကြောင်းတရား(cause) တွင် မရှိသည့် တစ်စုံတစ်ခုကို အကျိုးတရား(effect) တွင်မတွေ့ရနိုင်ပါ။ တနည်းအားဖြင့် ဆိုရ​သော် အကျိုးတရားတခု ​ဖြစ်​ပေါ်လာ​စေနိုင်သည့်အလားအလာ (စွမ်းရည်) (potential to create an effect) သည် အ​ကြောင်းတရား(cause) တိုင်း၌ ရှိထားပြီးဖြစ်သည်
ဘုရားသခင်ရှိကြောင်းကို အကြောင်း၊အကျိုးဆင်ခြင်ခြင်းဖြစ်သော အကြောင်းတရား(cause) နဲ့ အကျိုးတရား(effect) နိယာမ အားဖြင့်သိနိုင်ပါသည်။ တစ်စုံတစ်ခု ဖြစ်တည်ရန် နေရာ(Space)၊ အချိန်(Time) ၊ ဒြပ်(Matter) တို့ တပြိုင်တည်းတည်ရှိရန်လိုအပ်ပါသည်။ သိပ္ပံပညာရှင်များ၏ရှာဖွေတွေ့ရှိချက်အရ နေရာ(Space) ၊ အချိန်(Time) ၊ ဒြပ်(Matter) တို့သည် ထာဝရတည်ရှိခဲ့ခြင်းမဟုတ်ဘဲ ၄င်းတို့တွင်အစရှိခဲ့သည်ဟုဆိုသည်။ ထိုအရာများတို့သည် ဘာမှမရှိသည့် အခြေအနေမှ မဟာပေါက်ကွဲမှုကြီး (Big Bang) အားဖြင့် စတင်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ယုတ္တိရှိရှိစဉ်းစားကြည့်လျှင် ထိုအရာများကို ဖြစ်ပေါ်စေတဲ့အကြောင်းတရား(cause) က ထိုအချိန်၊နေရာ၊ဒြပ်ထဲတွင် မရှိနိုင်ဘဲ နေရာမဲ့(Spaceless) ၊ အချိန်မဲ့(Timeless) ၊ ဒြပ်မဲ့ (Immaterial)၊ တန်ခိုးကြီးမားသော(Powerful) ၊ ဉာဏ်ရည်မြင့်မားသော(Intelligent)၊ Person (ပုဂ္ဂိုလ်) ဖြစ်သောအကြောင်းတရား(cause) တစ်ခုခုဖြစ်ရမည်ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ကျမ်းစာက ယခုကဲ့သို့ ​​ဖြေရှင်းချက်ပေးထားသည်။

“အ​စ​အ​ဦး​၌ ဘု​ရား​သ​ခင်​သည် ကောင်း​ကင်(Universe) နှင့် မြေ​ကြီး​ကို​ ဖန်​ဆင်း​တော်​မူ​၏။” (က​မ္ဘာ​ဦး​ကျမ်း ၁:၁)
“In the beginning, God created the heavens and the earth.” (Genesis 1:1)

အစအဉီး – အချိန်
ကောင်းကင် – နေရာ
မြေကြီး- ဒြပ်

အထက်ပါကျမ်းပိုဒ်ကိုကြည့်ခြင်းဖြင့် ဘုရားသခင်သည် အချိန်၊နေရာ၊ဒြပ် ကိုဖန်ဆင်းခဲ့သောကြောင့် အချိန်၊နေရာ၊ဒြပ်၏အပြင်တွင်ရှိသော ကြီးမားသည့်အကြောင်းတရား(cause) ဖြစ်ကြောင်းကိုသိနိုင်သည်။

ယ​နေ့ခေတ်တွင် လူအများစုလက်ခံယုံကြည်ကြသည့် စကြဝဠာကြီး၏အစဖြစ်သော မဟာပေါက်ကွဲမှုကြီး (Big Bang) သည် မည်သည့်အကြောင်းတရားကြောင့်ဖြစ်ပေါ်လာခြင်းကို ယခုအချိန်ထိရှာမတွေ့ကြသေးသည့် အကျိုးတရားတစ်ခုဖြစ်ပါသည်။ ဘာသာမဲ့များ၏အယူအဆအအရ စကြဝဠာကြီးသည် ဘာမှမရှိသည့်အခြေနေမှ တစ်စုံတစ်ခုဖြစ်ပေါ်လာသည် (something comes out of nothing) ဟုယုံကြည်ကြသည်။ ယုတ္တိကျကျစဉ်းစားကြည့်လျှင် ဘာမှမရှိသည့်အခြေအနေမှ တစ်စုံတစ်ခုဖြစ်ပေါ်လာနိုင်စရာအကြောင်းမရှိပေ။ တစ်စုံတစ်ခုတည်ရှိ​နေသည့်အခြေအနေမှသာ တစ်စုံတစ်ခုဖြစ်ပေါ်လာနိုင်ပါသည် (something can only come out of something)။ ထို့ကြောင့်ဘာသာမဲ့များ၏မှတ်ချက်အရ အကြောင်းလုံးလုံးမရှိဘဲ အကျိုးဖြစ်ပေါ်နေပြီး အကြောင်း နဲ့ အကျိုး နိယာမကို တိုက်ရိုက်ချိုးဖောက်နေကြောင်းကိုတွေ့ရသည်။ ထိုကြောင့် ထိုယူဆချက်အရ ဘာသာမဲ့များကိုယ်တိုင်မှာပင် လူပိန်းများဖြစ်နေမလားဆိုတာ မေးခွန်းထုတ်စရာ ရှိနေပါသည်။

ထို့ပြင် ဆင့်ကဲဖြစ်စဉ် (Evolution) မှာလည်း သက်ရှိများစတင်ဖြစ်ပေါ်လာသည့်ဇစ်မြစ်အကြောင်းအရင်း (origin of life) ကို မရှင်းပြနိုင်​ဘဲ သက်ရှိများ၏ဆင့်ကဲပြောင်းလဲလာပုံနှင့်ကွဲပြားခြားနားမှုများကိုသာ အသေးစိတ်ရှင်း​ပြထားပါသည်။ ဉာဏ်ပညာ (intelligence) နှင့်ပတ်သက်၍မူကား ဘာသာမဲ့များ၏အယူအဆအရ ကျွန်တော်တို့ အတွေးအခေါ်များသည် မော်လီကျူးများဓာတ်ပြုခြင်း၏ အကျိုးတရားဖြစ်သည်ဟုဆို​ကြသည်။ ထို့သိုဆိုသော် ကျွန်တော်တို့သည် စနစ်တကျမရှိသော၊ အသိဉာဏ်ရှိဒီဇိုင်း (intelligent design) မဟုတ်သောမော်လီကျူးများဓာတ်ပြုခြင်း၏ရလဒ်သာဖြစ်သော ထိုအတွေးအခေါ်များကို အဘယ်ကြောင့် ယုံနိုင်စရာ ရှိပါမည်နည်း။ ထိုအရာကိုအကြောင်းပြု၍ သင်္ချာပညာရှင် နှင့် ဇီဝဗေဒပညာရှင်ဖြစ်သော John Lennox က ဘာသာမဲ့များကို အောက်ပါအတိုင်းမှတ်ချက်ပြုထားပါသည်။

“They say your mind is the product of a random unguided process and you trust it “
“သင်၏စိတ်သည် လမ်းညွှန်ထားခြင်းမရှိသောလုပ်ငန်းစဉ်တစ်ခု၏ ကျပန်းထုတ်ကုန်ရလဒ်မျှသာဖြစ်သည်ဟုသင်တို့ဆိုကြပြီး ထိုစိတ်ကိုသင်တို့ယုံကြည်ကြသည်။”

ဘုရားသခင်သာမရှိခဲ့ဘဲ ဘုရားမဲ့ဝါဒီ (atheism) သာ အမှန်ဖြစ်ခဲ့လျှင် ကျွန်တော်တို့သည်ကိုယ့်အတွေးအခေါ်အကြံအစည်များအားလုံးကို ယုံနိုင်စရာမရှိဘဲမေးခွန်းထုတ်စရာဖြစ်နေပြီး ဘဝ၏အဓိပ္ပာယ်မှာလည်း ရှိနိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့်ဘုရားသခင်ကို ယုံကြည်ခြင်းသည် ဘုရားမဲ့ဝါဒီဖြစ်ခြင်းထက် ပို၍ အကြောင်းအကျိုးဆီလျော်ပြီး ယုတ္တိတန်သည်ဟု ကောက်ချက်ချနိုင်ပါသည်။

“For the LORD gives wisdom; from his mouth come knowledge and understanding.”
(Proverbs 2:6)
“အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် ပ​ညာ​ကို ပေး​တော်​မူ​တတ်၏။ နား​လည်​နိုင်​သော​ဉာဏ်​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့်​သာ ဖြစ်​တတ်၏။”
(သုတ္တံကျမ်း ၂:၆)