Skip to content

အပြစ်နှင့် ဝန်ချတောင်းပန်ခြင်း

မိတ်ဆွေတို့ရေ … မိတ်ဆွေ တို့ကို တခုလောက်မေးချင်ပါတယ်။ မိတ်ဆွေတို့ထဲမှာ အပြစ်မလုပ်ဖူးတဲ့သူရှိပါသလား။ လုပ်ခဲ့ဖူးသူဆိုရင်ရော အပြစ်များကို ဝန်ချတောင်းပန်ရမယ့်အစား ဖုံးကွယ်ခဲ့ဖူးသလား။ တကယ်လို့ အပြစ်လည်း မလုပ်ခဲ့ဖူးသူ မဖုံးကွယ်ခဲ့ဖူးသူဆိုရင်တော့ သင်ဟာတော်တော်လေးကို ထူးခြားတဲ့သူ ဖြစ်သွားပါပြီ။ တကယ်လို့ လုပ်လည်း လုပ်ဖူးတယ် ဖုံးလည်း ဖုံးကွယ်ခဲ့ဖူးတယ် ဆိုရင်တော့ ဝန်ချတောင်းပန်ဖို့ရန် လိုအပ်ကြောင်း သတိပေးပါရစေ။

“မိမိအပြစ်ကို ဝှက်ထားသောသူသည် ချမ်းသာမရ။ မိမိအပြစ်ကို ဘော်ပြဝန်ချ၍ စွန့်ပစ်သောသူမူကား၊ ကရုဏာတော်ကို ခံရလိမ့်မည်။”
သုတ္တံကျမ်း ၂၈:၁၃

ဒီကျမ်းပိုဒ်လေးကိုမြင်တွေ့တဲ့အခါမှာ စာရေးသူ ကိုယ်တိုင်ရော မိတ်ဆွေတို့ရော တခုခု စိတ်ထဲခံစားမိပြီး အသက်တာကိုပြန်ဆင်ခြင်မိမယ်ထင်ပါတယ်။ ဥပမာအနေဖြင့် ကိုယ်ငယ်ငယ်ကမိဘတွေက “အချိုတွေအများကြီး မစားရဘူးနော်၊ ချောင်းဆိုးမယ်၊ သွားပိုးစားမယ်” အစရှိသဖြင့် သတိပေးတာကြားခဲ့ဖူးမှာပါ။ ဒါပေမဲ့ ကိုယ်ကအရမ်းစားချင်လို့ ခိုးစားမိတယ် ဆိုပါစို့၊ စားပြီးမသိအောင် ပြန်ဖုံးဖိထားတယ်ဆိုပါစို့။ ဒါပေမဲ့လည်း မိဘတွေက ခြေရာလက်ရာပျက်လို့သော်လည်းကောင်း၊ ကိုယ်တိုင်ချောင်းတွေဆိုးလာ၍သော်လည်းကောင်း ခိုးစားတာမိသွားပြီး အပြစ်ပေးခံ အဆူခံထိကြရပါတယ်။ ဒီနေရာမှာ အထက်ကကျမ်းပိုဒ်လေးနဲ့ပြန်လည်ဆင်ခြင်မယ်ဆိုရင် အပြစ်လုပ်ထားပီး ဖုံးဖိထားပါက ချမ်းသာရာ မရနိုင်ဘူး ဆိုတာကို ရှင်းရှင်းလင်းလင်းသိမြင်နိုင်ပါတယ်။ တကယ်လို့သာ ကိုယ်က အချိုတွေခိုးစားထားတာ မိဘတွေကို ဝန်ခံခဲ့မယ်ဆိုရင်တော့ အနည်းနှင့်အများတော့ အဆူခံ အပြစ်ပေးခံ ပေါ့လျော့နိုင်ပါတယ်။ သုတ္တံဆရာကတော့ အပြစ်ကို ဝန်ချ စွန့်ပစ်သူကတော့ ကရုဏာကို ခံစားရမယ်လို့ သမ္မာကျမ်းစာထဲတွင် ဖော်ပြထားပါတယ်။ ဒီအရာလေးနဲ့ ပတ်သတ်ပြီး ကျွန်တော် ကျွန်မတို့ မိတ်ဆွေတို့အနေဖြင့် ဘုရားသခင်
မနှစ်သက်သောအရာ၊ အပြုအမူတွေနှင့်အတူ၊ အလိုတော်နှင့်မညီသော အရာများကို ပြုလုပ်ပီးတဲ့အခါမှာ သခင့်ရှေ့မှောက်မှာ နောင်တရလျက်ပြန်လည်တိုးဝင်ချဉ်းကပ် ဝန်ချဖူးပါသလား။ မလုပ်ရသေးဘူးဆိုရင်တော့ ယခုပင် ယနေ့ပင် သခင့်ထံတော်ပါး၌ ဝန်ချတောင်းပန်ဖို့တိုက်တွန်းပါရစေ။ အဘယ့်ကြောင့်ဆိုသော်

“ကိုယ်အပြစ်မရှိဟု ငါတို့သည်ဆိုလျှင်၊ ကိုယ်ကိုကိုယ် လှည့်ဖြားကြ၏။ ငါတို့၌သစ္စာတရားမရှိ၊ ကိုယ်အပြစ်တို့ကို ဘော်ပြတောင်းပန်လျှင်၊ ငါတို့အပြစ်များကိုလွှတ်၍ ဒုစရိုက်ရှိသမျှနှင့် ကင်းစင်ခြင်းငှါ ဘုရားသခင်သည် သစ္စာတရားနှင့်၄င်း၊ ဖြောင့်မတ်ခြင်းတရားနှင့်၄င်း ပြည့်စုံတော်မူ၏။ “
ရှင်ယောဟန်ဩဝါဒစာပဌမစောင် ၁:၈-၉

မည်သူမျှတော့အပြစ်နှင့်ကင်းဖူးသည်ကတော့ မရှိပါဘူး။ သမ္မာကျမ်းစာထဲမှ လူတယောက်ဖြစ်သည့် ဒါဝိဒ်မင်းကြီး၏အသက်တာနှင့်ပြန်လည်ဆင်ခြင်မည်ဆိုလျှင် သူသည်ပင်လည်းအပြစ်နှင့် မလွတ်ကင်းခဲ့သောသူဖြစ်ပါတယ်။ သူတပါးရဲ့သားမယားကို ပြစ်မှားသည်သာမက ခင်ပွန်းသည်ကိုပါအသက်သေဆုံးစေသည်အထိ ဘုရားမနှစ်သက်သောအရာကို သူပြုလုပ်ခဲ့ပါတယ်(၂ရာ၊ ၁၁:၁-၂၇)။ ထို့အတွက်လည်း ဒါဝိဒ်မင်းကြီးသည် အပြစ်အဖိုးအခအတွက် ဗာသရှေဘမှမွေးဖွားလာသည့် သားသည် အသက်ဆုံးရှုံးခဲ့ရပါသည် (၂ရာ၊ ၁၂:၉-၁၈)။ သို့သော်လည်း နောင်တတရားနှင့်အတူစိတ်နှလုံးကြေကွဲခြင်းတို့ဖြင့် သခင်ဘုရားအားပြန်လည်ဝန်ချတောင်းပန်သောအခါတွင်တော့ ခွင့်လွှတ်ခြင်းနှင့်အတူ ဒါဝိဒ်မင်းကြီးအား သားတော် ရှောလမုန်အားဖြင့် ပြန်လည်ကောင်းကြီးပေးခဲ့ပါသည် (၂ရာ၊ ၁၂:၂၄-၂၅)

တခါတရံမှာ မိတ်ဆွေတို့ရော ပေါ့ပေါ့တန်တန်ပြောဖူးပါလိမ့်မယ်။ “အပြစ်က မသိလိုက်ဘဲလုပ်မိတာ၊ တကယ်က ကျွန်တော်လုပ်တာမဟုတ်ဘူး သူလုပ်တာ၊ ကယ်တင်ခြင်းကျေးဇူးတော်ကာလ အပြစ်လုပ်လည်းဘာမှမဖြစ်ပါဘူးဟာ” အစရှိသဖြင့် အမျိုးမျိုးဆင်ခြေပေးဖူးကြမှာပါ။ မည်သို့ပင် အပြစ်လုပ်စေကာမူ အပြစ်ဆိုသည့်အရာက တွေးတောကြံစည်ပြီးမှဖြစ်လာတဲ့အရာဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။ထို့အတူ အပြစ်လုပ်သည့်အခါမှာ မိမိတဦးတည်းသာမဟုတ်ပဲ သူတပါးကိုလည်း ထိခိုက်ပျက်စီးနိုင်တာကို ကမ္ဘာဦးစကတည်းက အာဒံ ဧဝအသက်တာတို့ဖြင့် ဆင်ခြင်သတိရစေချင်ပါတယ်။ “You can choose the sin, but you can’t choose the consequences” ဆိုတာကိုတော့ အမြဲအမှတ်ရနေစေချင်ပါတယ်။ ထို့ကြောင့် အပြစ်လုပ်တော့မည်ဟုတွေးတောမိလျှင်သော်လည်းကောင်း၊ လုပ်မိသွားပြီးနောက်တွင်သော်လည်းကောင်း နောင်တရသော စိတ်နှင့် သခင့်ထံပြန်လည် ဝန်ချတောင်းပန်ဖို့ လိုအပ်ပါကြောင်း မေတ္တာဖြင့် ပြောကြားလိုပါတယ်။

“ဘုရားသခင်နှစ်သက်တော်မူသောယဇ်မူကား၊ ကျိုးပဲ့သောစိတ်ပေတည်း။ အိုဘုရားသခင်၊ ကိုယ်တော်သည်ကျိုးပဲ့ကြေမွသော နှလုံးကို ငြင်းပယ်တော်မမူတတ်ပါ။”
ဆာလံကျမ်း ၅၁:၁၇

အားလုံးအပေါ်၌ဘုရားရှင်ကောင်းချီးပေးပါစေ။