Skip to content

ခရစ်ယာန်အတော်များများပြောတတ်ကြတဲ့ စကားတခုရှိပါတယ်။ အဲ့ဒီစကားကတော့ အခြားမဟုတ်ပါဘူး။ “ဘုရားအလိုတော်ရှိရင်” ဆိုတဲ့စကားပါပဲ။ ဒါပေမယ့် မေးချင်တာက အဲ့ဒီစကားကိုပြောလိုက်တိုင်း “အလိုတော်”ကိုတကယ်ပဲသိချင်တာဟုတ်ပါရဲ့လား။ “အလိုတော်”ကို အမှန်တကယ်ဆောင်ချင်တာ ဟုတ်ပါရဲ့လား။ စာရေးသူကိုယ်တိုင်က အဲ့ဒီစကားကိုအလွန်အသုံးနည်းပါတယ်။ နောက်ပြီးဘဝမှာ ကိုယ်လုပ်ချင်တာတွေကို ဘုရားအလိုတော်လားမမေးခဲ့ဘဲ အဆင်ပြေခဲ့တာတွေမှအများကြီးပဲလေ။ အဆင်မပြေတဲ့အခါကျမှ “ဘုရားရဲ့အလိုတော်ပဲလေ” “ဝန်ခံရမှာပေါ့” လို့ဆိုလိုက်ခြင်းက ကိုယ်ဘက်ကမှန်ကန်နေပြီး ဘုရားဘက်က မီးစိမ်မပြသေးဟန် အနေအထားမျိုးဖြစ်နေပါတယ်။

စာရေးသူဘဝမှာ အလိုတော်ကိုမှန်ကန်စွာ ဝန်ခံတတ်ဖို့ အခုချိန်ထိ နှုတ်ကပတ်တော်အားဖြင့် သင်ယူနေရဆဲပါပဲ။ ဘာကြောင့်လဲဆိုရင် “အလိုတော်”လို့ဆိုလိုက်တိုင်း ထိုအရာက ဘုရားရဲ့စကားတော်နှင့်ကိုက်ညီမှုရှိမရှိ ဆိုတဲ့အရာကသာ ပထမဖြစ်သင့်ပါတယ်။ သမ္မာကျမ်းစာကိုလေ့လာဆင်ခြင်မှုမရှိတဲ့ “အလိုတော်”ဟာ ကိုယ့်အလိုပဲဖြစ်နေမှာ အသေအချာပါပဲ။ ဥပမာပေးရရင် သခင်ယေရှုလောကမှာ လူ့ဇာတိကိုခံပြီး ခမည်းတော်ဘုရား၏အလိုကိုဆောင်လျက် လုပ်ဆောင်တဲ့အခါမှာ သူလုပ်ဆောင်သမျှဟာ ခမည်းတော်ထံမှလာတယ်၊ အလိုရှိသည်အတိုင်း၊ မှာထားသည့်အတိုင်းဟောပြောတယ်လို့ အမြဲဆိုခဲ့သလို၊ ဂေသရှေမန်ဥယျာဉ်ထဲ လူသားဇာတိခံယူထားသူအနေနှင့်ခက်ခဲသောအမှုကိုကြုံတွေ့ ရတဲ့အခါမှာ လွတ်မြောက်ခြင်းကို လိုချင်သော်ငြားလည်း ခမည်းတော်ရဲ့မူလပထမအကြံအစည်အလိုတော်ကိုသာဆောင်ခြင်းငှါ မြေပေါ်သို့ကျသည့်ချွေးစက်များက သွေးစက်ခဲကဲ့သို့ဖြစ်သည်အထိ ကြိုးစားဆုတောင်းခဲ့ပါတယ်။ “အလိုတော်ရှိရင် ဤခွက်ကိုလွှဲတော်မူပါ”ဟု ဆိုသော်လည်း ကျွန်ုပ်အလိုထက် ကိုယ်တော့်အလိုပြည့်စုံဖို့သာ တောင်းလျှောက်ခဲ့သည်။

ဒါကြောင့်ကြိုးစားဆုတောင်းခြင်း မရှိသောအသက်တာဖြင့် အလိုတော်ပါပဲ ဆိုပြီးပါးစပ် ပါတိုင်း ပြောနေခြင်းက မဖြစ်သင့်ပါ။ တချို့ကလည်း “ကိုယ်အမှုတို့ကိုထာဝရဘုရား၌အပ်လော့၊ သို့ပြုလျှင်စီရင်တော်မူမည်” လို့ပြောထားတယ်လေ ဆိုပြီးပြောတတ်ကြပါသေးတယ်။ မှန်ပါတယ် အပ်နှံတာ မမှားပါဘူး။ ဒါပေမယ့် ထိုသို့အပ်နှံစေတာက “အလိုတော်”ကိုသိမှတ်ခြင်းသဘောမဟုတ်ပေဘူးလား။ ဘာကြောင့်လဲဆိုရင် ကျွန်ုပ်တို့တတွေက ကိုယ်တွက်ချက်ထားတဲ့ရလဒ်ကိုမြော်ကိုးပြီးတော့သာ “ဘုရားရှင်ကောင်းကြီးပေးပါ၊ မစတော်မူပါ” ဆိုပြီးအပ်နှံပစ်လိုက်တတ်ကြသည် မဟုတ်လော။ “သို့ပြုလျှင်စီရင်တော်မူမည်” ဆိုသည့်အပိုင်းကိုတော့ ဘုရားကသူ့အလိုတော်နှင့်အညီတည်စေမယ် ဆိုသည်ကိုတော့စာရေးသူ တကိုယ်ရည်ယုံကြည်ခံယူပါသည်။ အလိုတော်မရှိသည့်အရာအချို့ကို လျှပ်တပြက် သိမြင်နိုင်ပေမယ့်၊ တချို့သောအရာတွေကတော့ ကျွန်ုပ်တို့ရဲ့မက်မောမှု၊ အထူးသဖြင့် “လောဘ” ဖုံးလွှမ်းမှုကြောင့် ဘုရားထံသာမန်ကာလျှံကာအပ်နှံပြီး၊ ဘုရားထံမှလာသည့်အဖြေထက် ကိုယ့်လိုချင်သည်အဖြေကိုသာ ဗဟိုပြုဆုတောင်းတတ်ကြပြန်ပါသေးတယ်။

“နေ့တိုင်းဆုတောင်း၊ ဝန်ခံ၊ ရကိုရမယ်” ဆိုတာမျိုးကြီးကလည်း ရှိပြန်ပါသေးတယ်။ အလိုတော်ကို အမှန်သိချင်သူတို့အဖို့ကတော့ နေ့တိုင်းဆုတောင်းဝန်ခံခြင်းထက်၊ နေ့တိုင်းသခင့်သဏ္ဠာန်တော်နှင့်တူလာခြင်းကိုသာ ဦးစားပေးလုပ်ဆောင်မည်သာ။ ဒါကြောင့် နှုတ်ကပတ်တော်ကိုဆင်ခြင်နေသူအဖို့ မည်သည့်အမှုအမျိုးကိုမဆို (လောကီရေးရာ၊ ဝိညာဉ်ရေးရာ) မပြုမီသော်လည်းကောင်း၊ ပြုပြီးသော်လည်းကောင်း ကိုယ်တော်အလိုတိုင်းဖြစ်စေပါ၊ အလိုတော်နှင့်ညီစေပါ ဟု ဆုတောင်းပြင်ဆင်သင့်ပေသည်။ ကိုယ့်အလိုနှင့်အညီ ဘုရားကိုပုံသွင်းခိုင်းတာထက် သခင့်အလိုတော်နှင့်အညီဘုရားအားပုံသွင်းပြုပြင်စေခြင်းက သင့်တော်သည့်အမှုအရာပင်။

ချစ်သောညီအကိုမောင်နှမတို့ ဘုရားသခင်အလိုတော်ရှိလျှင်ဆိုပြီး ရမ်းသမ်းလုပ်ဆောင်နေတာထက်၊ ပြင်ဆင်ထားခြင်းမရှိဘဲနှင့်ရလာသည့်အဖြေအပေါ်မှာ ပေါ့တီးပေါ့ပျက်နှင့် “အလိုတော်ပေါ့”ဆိုပြီး ဝန်ခံနေတာထက်၊ နှုတ်ကပတ်တော်ကိုခံယူဆင်ခြင်ပြင်ဆင်လျက် လုပ်ဆောင်စရာရှိသည်များကိုလုပ်ဆောင်ကာ အသင့်ရှိနေသူများဖြစ်မည်အကြောင်းတိုက်တွန်းနှိုးဆော်ပါရစေ။ဘုရားအလိုတော်ရှိရင်”ဆိုသည့်စကားမှာ စကားလေးပြောလိုက်ရုံပဲဆိုတာထက်များစွာပိုပါတယ် ဆိုတာကိုမမေ့လျော့ပါနှင့်။ ကောင်းမြတ်တော်မူသောသခင်ပြုသမျှသည် အသက်တာမှာကောင်းမြတ်တော်မူသည်ဟု မှန်ကန်စွာနာခံ၊ ဝန်ခံနိုင်ဖို့လို့ငှါသာဖြစ်သည်ကို ဆင်ခြင်ရင်း

မေတ္တာဖြင့်