Skip to content

မိမိတို့၏ မိသားစုရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ အသင်းတော်ရေး စသဖြင့်တို့တွင် ရင်ဆိုင်ကြုံတွေ့ရတတ်သည့် ပဋိပက္ခများစွာတို့အား ပြေလည်စေရန် ညှိနှိုင်းဆောင်ရွက်ခြင်းအတွက် ရင်ကြားစေ့ရာတွင် စကားပြောခြင်းသည် အင်မတန်အရေးကြီးသည့် အခန်းက္ဍတစ်ရပ်ပင် …

“ပြေပြေလည်လည်ပြောရင် လေယာဥ်ပျံတောင် အလကားစီးရမယ်” ဟူသည့် စနောက်ခြင်းကို ကြားဖူးကြပေလိမ့်မည်။ စကားပြောရာတွင် ပြေပြေလည်လည် ကောင်းကောင်းမွန်မွန်နှင့် လူကြားကောင်းအောင်၊ သူတပါးနားဝင်အောင် ချိုသာသည့် စကားပြောခြင်းမျိုးသည် အခြားလူတစ်ဦး၏ စိတ်နှလုံးတွင် ထိုသူ၏ ပြောဆိုခြင်းအား လိုက်လျောပေးချင်သည် အထိဖြစ်စေတတ်ခြင်းကို ဆိုလိုခြင်းလည်း ဖြစ်ပေလိမ့်မည်။

ကျွန်ုပ်တို့သည် ပဋိပက္ခတစ်ခုအား ကြားဝင်ဖြေရှင်းပေးရာတွင် မိမိဖြစ်စေချင်သည့် ဆန္ဒများကိုဖြစ်စေ၊ အခြားသောကိစ္စရပ်များကို သက်သေပြ၍ဖြစ်စေ၊ “သမ္မာတရား” အရဖြစ်စေ ပြောဆိုရာ၌ ညင်သာပြေလည်စွာ မပြောတတ်ခြင်းသည် ကျွန်ုပ်တို့၏ ဆက်ဆံရေးကိုပါ ဆိုးဆိုးဝါးဝါး ထိခိုက်စေတတ်သည်ကို သတိမပြုမိတတ်ကြချေ။ အထူးသဖြင့် သူတပါး၏ စိတ်နှလုံးတွင် လိုက်လျောပေးချင်စိတ်၊ ကူညီပေးချင်စိတ်၊ နားထောင်ပေးလိုစိတ် ပျောက်သည်အထိ ကျွန်ုပ်တို့၏ စကားပြောခြင်းသည် မသိမ်မွေ့တတ်ကြပေ။ ထိုအရာများကြောင့်ပင် “မီးပွားမှ မီးတောက်ကြီးအလား” ပဋိပက္ခသည် သာ၍ သာ၍ပင် ကြီးထွားလာစေတတ်သည်မဟုတ်ပါလား …

တခါတရံတွင် မိမိတို့၏ ရာထူး၊ အာဏာ၊ အသက်အရွယ်၊ ဂုဏ်အသရေများကြောင့်ပင် ပဋိပက္ခများအတွက် စကားပြောရာတွင်ဖြစ်စေ၊ ညှိနှိုင်းဆောင်ရွက်ရာတွင်ဖြစ်စေ နူးညံ့သိမ်မွေ့ခြင်း၊ နှိမ့်ချခြင်း၊ ညင်သာခြင်း၊ နားဝင်ချိုသောစကားများနှင့် သူတပါးနားဝင်စေရန် မပြောတတ်တော့ … သင်းအုပ်ဆရာဟူသည့် ဂုဏ်ပုဒ်၊ သင်းထောက်ဆိုသည့် ရာထူး၊ ဆရာသမား၏ အာဏာ၊ လူကြီးသူမ ဖြစ်သည့် ပါဝါတို့ကြောင့်ပင်လျှင် ပဋိပက္ခများအား ညှိနှိုင်းဆောင်ရွက်ပေးရာ၌ စကားပြောခြင်းများကို လွဲမှားစွာလုပ်ဆောင်မိသည့် အခိုက်အတန့်များစွာ ရှိကောင်းရှိတတ်ကြပေလိမ့်မည်။

သို့သော် ရှင်ပေါလုသည် ထိုသို့မဟုတ် … သူ၏ အသက်ကြီးခြင်း၊ ဆရာသမားဖြစ်ခြင်း၊ ယေရှုခရစ်တော်၏ တမန်တော်ဟူသည့် အာဏာ၊ ပါဝါ၊ ဂုဏ်ပုဒ်တို့အား ဘေးဖယ်ထားခဲ့ကာ နူးညံ့သိမ်မွေ့စွာဖြင့် နားဝင်ချိုသော စကားများကိုသာ အသုံးပြု၍ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ခြင်းကို ဖိလေမုန်ဩဝါဒစာတွင် တွေ့ရှိရပေသည်။ တနည်းကား အမိန့်ပေးကာ စေခိုင်းခြင်းထက်၊ အာဏာပြကာ ပြောဆိုခြင်းထက်၊ တမန်တော်ကြီးပီပီ၊ အသက်ကြီးသူဖြစ်သည့်အားလျော်စွာ  “လက်ခံလိုက်၊ ခွင့်လွှတ်လိုက်” ဟုဆိုခြင်းထက် ရှင်ပေါလုကြီးကိုယ်တိုင်ပင်လျှင် ဩနေသိမ်အတွက် ကိုယ်စားပြု တောင်းပန်ပေးခြင်းတည်း …

 

ဖိလေမုန်ဩဝါဒစာ ၁:၉
 အသက်ကြီးသော ပေါလုတည်းဟူသော ယေရှုခရစ်ကြောင့် အကျဉ်းခံရသောသူ ဖြစ်လျက်ပင်၊ မေတ္တာအားဖြင့်သာ သင့်ကို တောင်းပန်ပါ၏။

ပဋိပက္ခများအား ကြားဝင်ကာ ပြန်လည်သင့်မြတ်စေခြင်း၌ ကျွန်ုပ်တို့၏ ရာထူး၊ အာဏာ၊ အသက်ကြီးခြင်းများသည် မိမိတို့အား နှိမ့်ချစွာပြောဆိုခြင်း၊ နူးညံ့သိမ်မွေ့စေခြင်း၊ ချိုသာစွာပြောဆိုခြင်း၊ သူတပါးနားဝင်စေရန်ပြောဆိုခြင်း၊ ကိုယ်စားပြုတောင်းပန်ပေးခြင်းများအား ဟန့်တားထားသည့် အပေါ်ယံအလွှာများလည်း ဖြစ်နေတတ်ပေသည်။ သို့ပေသော်လည်း ဩနေသိမ်ကိုယ်စား ရှင်ပေါလုကြီး၏ နှိမ့်ချစွာပြောဆိုခြင်း၊ ကိုယ်စားပြုတောင်းပန်ပေးခြင်းများသည် ကျွန်ုပ်တို့အတွက် ဆင်ခြင်စရာပင် … ထိုနည်းတူ ကျွန်ုပ်တို့အတွက် သခင်ယေရှုခရစ်တော်သည် ကိုယ်စားပြု အသွေးသွန်းကာ အပြစ်ဆေးကြောပေးခဲ့သည်မဟုတ်ပါလား … ဤသည်မှာ ကျွန်ုပ်တို့သည်ပင်လျှင် ဩနေသိမ်များဟုပင်ဆိုရပေအံ့ … ထို့ကြောင့် ကျွန်ုပ်တို့သည် ပဋိပက္ခများအား ပြန်လည်ရင်ကြားစေ့ရန်အတွက် ကြားဝင်ဖြေရှင်းပေးရာတွင် အပေါ်ယံအလွှာများကို ဘေးဖယ်ကာ နူးညံ့သိမ်မွေ့ခြင်း၊ နားဝင်ချိုသောစကားများကို အသုံးပြုခြင်း၊ နှိမ့်ချခြင်း စသဖြင့် ကိုယ်စားပြုတောင်းပန်ပေးခြင်းများကိုလည်း မမေ့လျော့စေရန် ဖိလေမုန်ဩဝါဒစာစောင်သည် သက်သေတစ်ခုပင်ဖြစ်ချေသည် မဟုတ်ပါလား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။