Skip to content

ကိုယ်လက် မစောင့်စည်းတတ်သည့် လက်မြန် ခြေမြန်ခြင်းသည် မကောင်းသော်လည်း ဒဏ်ရာ အနာတရတို့သာ ဖြစ်နိုင်ကာ နှုတ်ကြောင့်တော့ ဆုံးရှုံးပျက်စီးရခြင်း၊ သေကြေရခြင်း …ထို့အတူ ဖားသည် မိမိ၏ အော်သံကြောင့် ဖမ်းဆီး ရိုက်သတ် ချက်စားခြင်းတို့ကို ခံရသကဲ့သို့ လူသည်လည်း မိမိ၏ နှုတ်ကို မစောင့်စည်းသဖြင့် ပျက်စီးဆုံးရှုံးရခြင်းဆိုသည့် အဓိပ္ပါယ်မျိုးကိုရသော “နှုတ်ကြောင့် သေ၊ လက်ကြောင့် ကြေ” “အသံကြောင့် ဖားသေ” ဟူသော မြန်မာဆိုရိုးစကားပုံတို့သည် မိမိတို့၏ နှုတ်ကိုစောင့်ထိန်းရန် သတိပေးထားခြင်းလည်းဖြစ်ပေလိမ့်မည်။

သေးငယ်သော နှုတ်၊ လျှာ၊ ပါးစပ် ဖြစ်သော်ငြားလည်း ကြီးမားသည့် အန္တရာယ်ကိုပင် ဖြစ်စေတတ်သည်မှာလည်း ထို နှုတ်၊ လျှာ၊ ပါးစပ်ပင် … မိသားစုအတွင်းတွင်လည်း ထိုနှုတ်ကြောင့် ၊ လုပ်ငန်းခွင်တွင်လည်း ထိုလျှာကြောင့်၊ ပတ်ဝန်းကျင်တွင်လည်း ထိုပါးစပ်ကြောင့်၊ အသင်းတော်တွင်လည်း ထိုနှုတ်၊ ထိုလျှာ၊ ထိုပါးစပ်ကြောင့်ပင် ပဋိပက္ခပေါင်းများစွာ ပေါ်ပေါက်လာတတ်ကြသည် မဟုတ်ပါလား။

ပြောရမည့် စကား၊ မပြောရမည့် စကား၊ ပြောရမည့် အချိန်၊ မပြောရမည့် အချိန်၊ တိတ်ဆိတ်စွာနေရမည့် ကာလ စသဖြင့်တို့ကို မခွဲခြားတတ်ဘဲ “ခရားရေလွှတ် တတွတ်တွတ်” သောင်စဥ်ရေမရ ပြောတတ်ကြသည့် ထိုနှုတ်၊ လျှာ၊ ပါးစပ်တို့ကြောင့် စိတ်ဒုက္ခရောက်ရခြင်းများစွာတို့ကိုလည်း ကြုံတွေ့ကောင်း ကြုံတွေ့ဖူးကြလိမ့်မည်။ စကားကျွံရာမှ ပြဿနာဖြစ်ရခြင်း၊ မိမိဘက်မှ စကားလွန်သွား၍ ဆုံးရှုံးမှုဖြစ်ရခြင်းတို့နှင့် မိမိ၏ စကားကြောင့်ပင် ပဋိပက္ခတစ်ခု ဖြစ်တည်သွားခြင်းတို့သည် မိသားစုအတွက်၊ လုပ်ငန်းခွင်အတွက်၊ အသင်းတော်အတွက်သာမကဘဲ ပတ်ဝန်းကျင်ပါမကျန် အင်မတန်မှ နစ်နာမှုတစ်ခုကို ဖြစ်ပေါ်စေတတ်သည် မဟုတ်ပါလား။

ထို့ကြောင့် မလိုအပ်ဘဲ ပြောတတ်ကြသည့် စကားများသည် အန္တရာယ်ရှိစေတတ်သဖြင့် မည်သည့်အချိန်တွင် ရပ်ရမည်ကို သိရှိရန် အင်မတန်အရေးကြီးပါသည်။ “စကားများသောအားဖြင့် အပြစ်ပါတတ်၏” ဟူသည့် အသက်တာအတွက် သတိပေးထားသော သမ္မာတရားသည် ကျွန်ုပ်တို့၏ နှုတ်၊ လျှာ၊ ပါးစပ်ကြောင့် ပဋိပက္ခတစ်ခု မဖြစ်ပေါ်လာစေရန် သတိပေးထားခြင်းပင် … ထို့အတူ မိမိ၏ ထိုနှုတ်များကို ချုပ်တည်းတတ်ခြင်းသည်ပင်လျှင် ပညာရှိဟုပင် ဆိုထားသည် မဟုတ်ပါလား …

သုတ္တံကျမ်း ၂၁:၂၃
 မိမိနှုတ်နှင့်လျှာကို စောင့်သောသူသည် မိမိစိတ်ဝိညာဉ်ကို ဒုက္ခနှင့်လွတ်စေခြင်းငှာ စောင့်ရာရောက်၏။

အချုပ်အားဖြင့်ဆိုရသော် မိမိ၏ နှုတ်၊ လျှာ၊ ပါးစပ်ကို စောင့်စည်းခြင်း၊ ချုပ်တည်းခြင်းသည် မိမိ၏ စကားများမှ အမှားပါခြင်းသော်လည်းကောင်း၊ ထိုစကားများကြောင့် ပဋိပက္ခတစ်ခု ဖြစ်တည်လာခြင်းကိုသော်လည်းကောင်း စသဖြင့်တို့ကို အထိရောက်ဆုံး ကာကွယ်နိုင်ပေလိမ့်မည်။ ထို့အတူ မိမိတို့၏ စိတ်နှလုံးများသည်ပင်လျှင် ထိုပဋိပက္ခများမှ ဖြစ်တည်လာသည့် ဘေးထွက်ဆိုးကျိုးများဖြစ်သော ဆုံးရှုံးရခြင်း၊ မိတ်ပျက်ရခြင်း၊ သင်းကွဲစေခြင်း၊ ဒုက္ခဝေဒနာ၊ စိတ်နှလုံးပူပန်ရခြင်း စသည့်အရာများနှင့်လည်း ကင်းစေပေလိမ့်မည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နှုတ်၊ လျှာ၊ ပါးစပ်များကို ထိန်းကျောင်း ချုပ်တည်းရင်း “ငါသည် ပညာရှိ” ဟု မိမိကိုယ်တိုင် သတိပေးလျှက် “စကားများသောအားဖြင့် အပြစ်ပါတတ်၏” ဟူသည့် နှုတ်ကပတ်တော်၏ သတိပေးစကားကိုလည်း ဆင်ခြင်နှလုံးသွင်းကာ မိမိတို့၏ စကားများကို မည်သည့် အချိန်တွင် ရပ်တန့်ရမည်ကို သတိရှိကြပါစို့လား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။