Skip to content

အသင်းတော်ကိုဆေးရုံနှင့်ခိုင်းနှိုင်းတဲ့ တရားဟောချက်တွေ၊ quotes တွေသင်ကြားဖူးပါလိမ့်မယ်။ နောက်ပြီး ဆေးရုံဆ်ိုတဲ့နေရာကိုလည်း သင်ရောက်ဖူးပါလိမ့်မယ်။ ကိုယ်တိုင်နေမကောင်း၍သော်လည်းကောင်း၊ တစုံတယောက်မနာမကျန်းဖြစ်၍သော်လည်းကောင်း အကြောင်းတခုခုကြောင့်ရောက်ဖူးကြမှာပါ။ ဒါကြောင့် အသင်းတော်ဟာဆေးရုံဆိုလျှင် တနင်္ဂနွေဘုရားကျောင်းတက်ပြီးပြန်လာတိုင်း သင့်ဝိညာဉ်ကျန်းမာရေးက တိုးတက်ကောင်းမွန်လာပါရဲ့လား။ သင်တကယ်သတိပြုမိပါရဲ့လား။

~ လုံလောက်မှု ~

လုံလောက်မှုဆိုတာ ပြတ်လပ်မှုရဲ့ဆန့်ကျင်ဘက်ပါ။ ရှိနှင့်ပြီးသောအသင်းတော်များစွာနှင့်ထပ်မံထူထောင်ပေါ်ပေါက်လာသောအသင်းတော်များစွာကိုကြည့်လိုက်လျှင် လုံလောက်သယောင်နှင့်ပြတ်လပ်မှုများစွာရှိသော အခြေအနေပါပဲ။ ဥပမာဆိုရလျှင် ဆေးရုံသာရှိပြီး ဆရာဝန်တွေ၊ သူနာပြုတွေ မလုံလောက်သောအဖြစ်မျိုးပေါ့။ ဒီကနေ့မှာဆိုရင်လည်း အသင်းတော် တော်တော်များများမှာ နှစ်စဉ်ကျမ်းစာကျောင်းဆင်းများစွာရှိနေသော်လည်း အမှန်တကယ် စိတ်ရောကိုယ်ပါဆက်ကပ်အပ်နှံသည့်အမှုတော်ဆောင်များ ပြတ်လပ်နေခြင်း လက္ခဏာကတော့ အနှုတ်ပြနေလျက်ပင်။ ဘွဲ့ရသောသူများပြီး အစေခံသောသူများပြတ်လပ်ခြင်းက အသင်းတော်တခု၏အနာဂတ်အတွက်မတွေးရဲစရာပင်။ အဘယ့်ကြောင့်ဆိုသော် အသင်းတော်သို့လာရောက်ကြသည့် လူတိုင်းမှာ ဒဏ်ရာကိုယ်စီရှိကြသော လူနာများဖြစ်သောကြောင့်ပင်။ နာသောသူများပြီး ကုသပေးသူနည်းပါးနေခြင်းက ရေရှည်မှာ ခံနိုင်ရည်ရှိနိုင်ပါ့မလား။ ဒီလိုရေးနေရင်း စိတ်မကောင်းဖြစ်ရသည့်အချက်တခုမှာ ပညာတတ်ငွေရှိအသင်းဝင်များကိုသာ ပစားပြီးနေရာပေးကာ မျက်နှာသာလုပ်တတ်သော အသင်းတော်များရှိနေခြင်းက အလွန်ပင်ဆိုးရွားသည့်အမှုပါပဲ။ ထိုသို့သောအသင်းတော်များအနေနှင့် အလျင်အမြန်နောင်တရလျက် ပြင်ဆင်ပြုပြင်ရန်အလို့ငှါ သတိပေးလိုပါတယ်။ ပိုက်ဆံတတ်နိုင်သူကိုသာဦးစားပေးကုသပေးသော သမားတော်များသာ စုပြုံလုံလောက်နေပြီး၊ နာသောသူတိုင်းကို ကျောသားရင်သားမခွဲခြားဘဲပြုစုကြင်နာပေးသူတို့ကတော့ ပြတ်လပ်နေပြီဆိုလျှင်တော့ ပြဿနာရှိနေပါပြီ။ ဘာတွေလုံလောက်ပြီး ဘာတွေပြတ်လပ်နေသလဲဆိုတာ မျက်စိဖွင့်နားစွင့်ပါဦး။

အသင်းတော်ကို ဆေးရုံတခု အနေနဲ့၎င်းရဲ့ လုပ်ဆောင်မှုကို နှိုင်းယှဥ်ဖော်ပြတဲ့အခါ
ဆေးရုံတခုမှာ လုံးဝကို မရှိလို့မဖြစ်တဲ့ “အရာ”တွေ ရှိပါတယ်။

+ ပထမဦးဆုံး ဆေးရုံမှာ ဆေးရှိရပါမယ်၊ ပြီးတော့ ဆေးကလည်း အတုဖြစ်နေတာမျိုးတွေ၊ အရည် အသွေးမမှီတာမျိုးတွေ၊ ဒိတ်အောက် နေတာမျိုး၊ ကျန်းမာရေး ကုသမှုစံချိန်စံညွှန်းတွေနဲ့ မကိုက်တာမျိုး မဖြစ်ရပါဘူး။ ဒီလိုမှသာဆေးကို မှီဝဲမယ့် လူနာတွေအတွက် အကျိုးရှိမှာဖြစ်ပါတယ်။

+ အလားတူပဲ ဝိညာဥ်ရေးရာပိုင်းမှာ မကျန်းမာဖြစ်နေတဲ့ ယုံကြည်သူတွေအတွက် အသင်းတော်မှာ “နှုတ်ကပတ်တော်” ဆိုတဲ့ “ဆေး” ရှိရပါမယ်။ ပြီးတော့ ထို”နှုတ်ကပတ်တော်” ကလည်း စစ်မှန်ဖို့ ဖို့လိုအပ်ပါတယ်။ သမ္မာတရားစစ်အားဖြင့်သာ ဝိညာဥ်ရေးရာနေမကောင်းဖြစ်နေတဲ့ သူကို ကျန်းမာစေ မှာ ဖြစ်ပါတယ်။

+ ဆေးရုံမှာ “ဆေး”ရှိနေရုံနဲ့ မပြီးဘဲ “ဆေး”ကို လူနာအတွက် ကောင်းကျိုးရှိစေဖို့ “မှန်ကန်စွာ” ခံယူ မှီဝဲတတ်အောင် လမ်းညွှန်ပေးနိုင်တဲ့ “ဆေးဆရာ (တနည်း) ဆရာဝန်လည်း” ရှိရပါမယ်။

+ ထို့အတူ“အသင်းတော်” မှာလည်း ယုံကြည်သူတွေ စစ်မှန်တဲ့ နှုတ်ကပတ်တရားစစ်ကို မှန်ကန်စွာ ခံယူ နှလုံးသွင်းတတ်စေဖို့ သမ္မာတရားနှင့်အညီ သွန်သင်ပေးတဲ့ ဆရာ ရှိရပါမယ်။

အပေါ်မှာပြောထားတဲ့အချက် (၂) ချက် နဲ့ မကိုက်ညီတဲ့အခါ ဘယ်လို ဆိုးကျိုးတွေဖြစ်လာမလဲ?

“‌ဆေး” မရှိတဲ့ ဆေးရုံ နဲ့ “အတု” ဖြစ်နေတဲ့ “ဆေး”

ကြားရတာနဲ့တင် ကြောက်စရာကောင်းနေပါပြီ၊ ဒီလိုပြောလို့ မအံ့သြသွားပါနဲ့၊ ဆေးရုံမှာ ဆေးမရှိလို့ (တနည်း) ရောဂါတခုခုအတွက် တိတိကျကျလိုအပ်တဲ့ ဆေးမရှိလို့ အသက်ဆုံးရှုံးသွားရတဲ့ လူနာတွေ ရှိပါတယ်။
နောက်တပိုင်းက ဆေးတော့ရှိတယ် ဒါပေမယ့်အရည်အသွေးညံ့နေတာမျိုး၊ ဒိတ်အောက်နေတာမျိုး၊ နောက်ဆုံး ဆေးက “အတု” ဖြစ်နေ တာမျိုးတောင် ရှိတတ်ပါတယ်။ ဘယ်သူမှ အဲလို ဆေးတွေနဲ့ကုတဲ့ ဆေးရုံမှာ ရောဂါမကုချင်ကြပါဘူး။ မစစ်မှန် တဲ့ ဆေးကြောင့် ရောဂါနဲ့ မသေဘဲ ဆေးနဲ့သေဖို့ ရှိပါတယ်။

“နှုတ်ကပတ်တော်” မရှိတဲ့ အသင်းတော် နဲ့ နှုတ်ကပတ်တော် မစစ်တဲ့ အသင်းတော်

ကြားရတာနဲ့တင် စာတန်ကပြုံးနေလောက်ပါပြီ။ နှုတ်ကပတ်တော်” မရှိတဲ့ အသင်းတော်ကို “သခင်ယေရှု” မရှိတဲ့ အသင်းတော်လို့တောင် ခေါ်လို့ရပါတယ်။ ဒါပေမယ့်လည်း တချို့သော အသင်းတော်လို့ ကိုယ့်ကိုယ်ကို ခေါ်ဝေါ်ကြတဲ့ အဖွဲ့တွေက “နှုတ်ကပတ်တော်” နေရာမှာ “လူတွေရဲ့ အတွေးအခေါ်တွေ၊ တသီး တခြားယုံကြည်မှုတွေ၊ စစ်မှန်တဲ့ နှုတ်ကပတ်တော်အပေါ်မှာ အခြေမခံထားတဲ့ သွန်သင်ချက်တွေနဲ့ အစားထိုး ထားကြပါတယ်။ ဒါတွေဟာ သင့်ရဲ့ ဝိညာဥ်ပိုင်းဆိုင်ရာ နာမကျန်းမှုကို ပျောက်ကင်းအောင် လုံးဝ လုပ်ဆောင်ပေးနိုင်မှာ မဟုတ်သလို သင့်အနေနဲ့ နှုတ်ကပတ်တော်နေရာ အစားထိုးထားတဲ့ အခြားသွန်သင်ချက်တွေကိုတောင် နှုတ်ကပတ်တော်အစစ်ကဲ့သို့ မှားယွင်းစွာလက်ခံသွားစေသည်အထိ ဖြစ်စေပါလိမ့်မယ်။

နှုတ်ကပတ်တော် မစစ်သောအသင်းတော်

ကျွန်တော်တို့ အိပ်လို့မပျော်တဲ့အခါ “အိပ်ဆေး” သောက်ရင် ဆေးအာနိသင်ကြောင့် အိပ်ပျော်ပါလိမ့်မယ်။ ထုံဆေးကို ထိုးထားရင်၊ ထုံလာမည်ဖြစ်ပြီး မေ့ဆေးပေးထားရင်တော့ မေ့သွားမှာ ဖြစ်ပါတယ်။ ဤသည်ပင် ဆေး စစ်မှန်ကြောင်းသက်သေပင်ဖြစ်ပါတယ်။
ဒါဆိုရင် ကျွန်တော်တို့ စစ်မှန်တဲ့ နှုတ်ကပတ်တရားတော်မြတ်ကို ဆင်ခြင်နှလုံးသွင်းတဲ့အခါ ဘယ်လိုမျိုး အာနိသင်ဖြစ်လာမှာပါလဲ? အောက်က ကျမ်းပိုဒ်လေးအားဖြင့် ရှင်းလင်းစွာ သိနိုင်ပါတယ်။

“ထာဝရဘုရား၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ ထာဝရဘုရား၏နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား၏ ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍၊ မျက်စိကိုရှင်းလင်းစေတတ်၏။”
(ဆာလံကျမ်း ၁၉:၇-၈)

စစ်မှန်တဲ့နှုတ်ကပတ်တော်ကို နှလုံးသွင်းတဲ့အခါ ၊ မှီဝဲတဲ့အခါ သင့်ရဲ့ အတွင်းစိတ်ဝိညာဥ် ပြုပြင်ခြင်းခံရပါမယ်။ (သင့်ခန္ဓာကိုယ် လှပလာမှာ မဟုတ်ဘူးနော်)၊ သင်ဟာ မလိမ္မာ ဆိုးသွမ်းသူတယောက် ဖြစ်နေမယ်ဆိုရင် စစ်မှန်တဲ့ နှုတ်ကပတ်တော် မှီဝဲတဲ့အခါ သင်ဟာ လိမ္မာလာမယ်။ သင့်ရဲ့ စိတ်နှလုံးထဲမှာ ဝမ်းမြောက်ခြင်း ပျောက်ဆုံးနေတဲ့အခါ (သင့်ရဲ့ ခန္ဓာကိုယ်အသွေးအသား တပ်မက်မှုအလိုမပြည့်လို့ စိတ်ညစ်နေတာကို ဆိုလိုခြင်းမဟုတ်) စစ်မှန်တဲ့နှုတ်ကပတ်တော်ကြောင့် စိတ်နှလုံးရွှင်လန်းပါလိမ့်မယ်။ သင့်ရဲ့ သင့်ကိုယ်သင်မြင်နေတဲ့အမြင်တွေ၊ သင့်ရှေ့ကလောကရဲ့ တပ်မက်စရာတွေနဲ့ ရှုတ်ယှက်ခတ်နေတဲ့ မြင်ကွင်းတွေ၊ သူများတွေကိုမြင်နေတဲ့ အမြင်တွေ၊ သင်ယုံကြည်တဲ့ ဘုရားအပေါ် လွဲမှားစွာမြင်နေတဲ့အမြင်တွေ (တချို့က ဘုရားကို Financial Sponsor တယောက်လို၊ သားက ဘယ်ဟာတောင်းတောင်း ပေးတတ်တဲ့ အဖေ တယောက်လိုမျိုးမြင်တတ်ကြတယ်၊ တချို့ကလည်း လေယာဥ်တို့၊ သင်္ဘောတို့ ၊ ဂြိုလ်တု တို့တောင်းကြတယ်၊ ရတဲ့သူလည်း ရကြတယ်ပြောတယ်) ဒီလိုမှားယွင်းတဲ့ အမြင်တွေကို ရှင်းလင်းစေမှာ ဖြစ်ပါတယ်၊ ဒါဟာဝိညာဥ်နဲ့ဆိုင်တဲ့ မင်္ဂလာ ပဲဖြစ်ပါတယ်။
(မှတ်ချက်။ ။ သတို့သားဖြစ်တဲ့ ခရစ်တော်ဟာ သတို့သမီး ဖြစ်တဲ့ အသင်းတော်ကို ဘယ်လောက်ပဲ ချစ်ချစ် သတို့သမီးက နောက်ယောက်ျားတယောက် ပေးဖို့ တောင်းရင်တော့ ပေးမှာမဟုတ်ပါဘူး။)
သင်မှီဝဲတဲ့ နှုတ်ကပတ်တော် မစစ်မှန်ဘူးဆိုရင်တော့ အခုလိုမျိုး ရလဒ်တွေ၊ အသီးအပွင့်တွေ ရလာမှာ မဟုတ်ပါဘူး။ သတိထားဖို့ပါ။

နာမကျန်းဖြစ်နေတဲ့ လူနာကို ကုသတဲ့အခါ “ဆေး” ကို လိုအပ်သလို “ဆေးသမား(တနည်း) ဆရာဝန်” ကိုလည်း လိုအပ်ပါတယ်။ ဆရာဝန်ကသာ မိမိလူနာခံစားနေရတဲ့ ရောဂါနဲ့ ထိုရောဂါကို ပျောက်ကင်းအောင် “ဆေး”ကို အသုံးပြုပြီး ကုသပေးတာဖြစ်ပါတယ်။ ဆေးရုံတရုံမှာ “ဆေး”တွေပဲ ရှိပြီး “ဆရာဝန်” မရှိရင်လည်း သဘာဝမကျပါဘူး။ ဆေးပဲရှိပြီး ဆရာဝန်မရှိတဲ့အခါ လူနာက မိမိထင်သလို တွေ့ကရာ “ဆေး”တွေကို ရမ်းသမ်း ပြီးသောက်လို့မရပါဘူး။ ပို၍တောင် အန္တရာယ်ဖြစ်စေပါလိမ့်မယ်။

ထို့အတူ အသင်းတော်မှာ “နှုတ်ကပတ်တော်” ရှိရမှာ ဖြစ်သလို “နှုတ်ကပတ်တော်ကို သန့်ရှင်းသောဝိညာဥ် တော်ရဲ့ လမ်းပြမှုနဲ့အညီ သွန်သင်ပေးမယ့် အမှုတော်ဆောင် ဆရာများ” လည်း ရှိဖို့လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ အောက်ပါကျမ်းစကားအတိုင်း ယုံကြည်သူတွေဟာ နှုတ်ကပတ်တော်ကို ခံယူတဲ့အခါ ဝိညာဥ်တော်လမ်းပြမှု နဲ့ အညီသွန်သင်ပေးမယ့် ဆရာများ လိုအပ်ပါတယ်။

“သင်တို့အမှုကို စောင့်၍၊ ခရစ်တော်ထံ၌ သစ္စာရှိသော ဆရာတည်းဟူသော ငါတို့ချစ်သော ကျွန်ချင်း ဧပဖြသည် သင်တို့ကို သွန်သင်သည်အတိုင်း သင်တို့သည် ကြား၍၊ ဘုရားသခင်၏ ကျေးဇူးတော်ကို မှန်ကန်စွာ ဝန်ခံသောနေ့မှစ၍ ထိုသို့သောအကျိုးရှိ၏။”
(ကောလောသဲ ၁ : ၇)

ထိုသို့မဟုတ်ဘဲ၊ မိမိ၏ အသွေးအသားတပ်မက်သည့်အလျောက် နှုတ်ကပတ်တော်အား မှားယွင်းစွာဝန်ခံမိပါက အကျိုးယုတ်စရာအကြောင်းရှိပါလိမ့်မယ်။
ဆေးနဲ့ ဆေးဆရာ အပိုင်းပြီးသွားတဲ့အခါ နောက်ထပ်အရေးကြီးတဲ့ အပိုင်းအချို့ကျန်ပါသေးတယ်။ ဆေးရုံမှာ ဆေးလည်းရှိတယ်၊ ရှိတဲ့ဆေးကလည်း စစ်မှန်တယ်၊ ဆေးကုပေးမယ့် ဆရာလည်း ရှိတယ်ဆိုပေမယ့်

+ လူနာကိုကုသပေးတာတွေ ကောင်းတဲ့ဆေးကို ညွှန်းပေးတာတွေ စသဖြင့် ဆရာဝန်က ကုသပေးတဲ့အရာတွေ အထဲမှာ ပို၍အရေးကြီးတဲ့ အရာတခု ကျန်ပါသေး တယ်။ ဒါကတော့ “ချစ်ခြင်းမေတ္တာ” ပါပဲ။ မိမိလူနာကို ကုသပေးနေတဲ့ ဆေးဆရာဟာ မိမိလူနာ အပေါ် ချစ်တဲ့စိတ်နှင့် ကုသပေးခြင်းဟာ အလွန်ပဲအရေးကြီးပါတယ်။ သို့ပေမယ့်လည်း အချို့သော ငွေရမှ ဂရုစိုက်တတ်တဲ့ အသပြာဆရာဝန်တွေလို လူနာရဲ့မျက်နှာကိုတောင် သေချာမကြည့်ဘဲ ကုပေးနေတဲ့ ပုံစံမျိုးကတော့ အလွန်ပဲဝမ်းနည်းစရာကောင်းပါတယ်။

+ ထို့နည်းတူ အသင်းတော်မှာလည်း ဝိညာဥ်ရေးရာ မကျန်းမာတဲ့သူတွေ အပေါ် နှုတ်ကပတ်တော်ဆေးနဲ့ ကုသပေးတဲ့အခါမှာ ဆရာတွေ အနေနဲ့ လောကီ အသပြာဆရာဝန်တွေလို လူနာရွေးကုတာမျိုး။ ဆယ်ဖို့တဖို့အများကြီး ပေးတဲ့ အသင်းသား၊ ကားနဲ့လာခေါ်ပေးတဲ့ အသင်းသား၊ လစဥ်အလှူငွေ ပုံမှန်ပေးနိုင်တဲ့ အသင်းသား၊ စတဲ့ အသင်းသားတွေ အပေါ်မှာပဲ ဂရုတစိုက်ပေးတာမျိုး၊ အင်တာနက် ပေါ်တင်ပြီး ဟောတဲ့တရားဟောချက်ကိုတောင် Member ဝင်ကြေး အနည်းအများအလိုက် ပေးရပြီး ဝင်ကြေးမပေး နိုင်သူ က Sermon ရဲ့ တချို့တဝက်ပဲနားထောင်၊ ပုံမှန်ဝင်ကြေးပေးတဲ့သူဆို အစအဆုံးနားထောင်၊ ဝင်ကြေးအများကြီး ပေးထားတဲ့ member ဆိုရင်တော့ Sermon လည်းအစအဆုံးနားထောင်၊ ပြီးတော့လည်း Bonus အနေနဲ့လည်းဆရာ ကိုယ်တိုင်က တိုက်ရိုက်ဆုတောင်းပေး၊ ဆရာနဲ့တိုက်ရိုက် မိသဟာရဖွဲ့လိုရ) စတဲ့ ‌လောကီစီးပွားရေး သမားတွေ သူတို့ရဲ့ Product တွေကို Customer level ခွဲပြီး ရောင်းချတဲ့ပုံစံမျိုးတွေကိုတွေ့နေရပါတယ်။ ဒီလိုမျိုး ပြုမူခြင်းဟာ ခရစ်တော်ရဲ့ ကယ်တင်ခြင်း‌ကျေးဇူးတရား သတင်းကောင်းကို “ခရစ်ယာန်တွေရဲ့ ထုတ်ကုန် တခုပုံစံမျိုး” အခယူပြီး Promote လုပ်နေခြင်းဟာ အသင်းတော်က လောကီပုံသဏ္ဍာန်ကို အတုယူနေခြင်း သာဖြစ်ပြီး ထိုကဲ့သို့ လုပ်နေတဲ့ ဆရာတွေကတော့ ဝိညာဥ်ရေးရာအသပြာဆရာဝန်တွေပါပဲ

ဧဝံ‌ဂေလိသတင်းကောင်း ဟာ ထာဝရဘုရားရဲ့ လူသားများအပေါ် ထားတဲ့ ချစ်ခြင်းမေတ္တာကို အခြေခံထားတာ ဖြစ်တဲ့အတွက် တစုံတယောက်သောသူကို ကျွန်တော်တို့ အရင်ဆုံး မချစ်နိုင်ဘဲနဲ့ ဘုရားရဲ့ ချစ်ခြင်းမေတ္တာ အကြောင်းသွားပြောလို့ မရပါဘူး။ ပြီးတော့လည်း ဧဝံဂေလိသတင်းစကားဟာ ဒီတယောက်ကိုပဲချစ်လို့ သူ့ကိုပဲ ပြောမယ် ဟိုတယောက်ကိုတော့ မချစ်လို့မပြောချင်ပါဘူး ဆိုပြီး လုပ်လို့မရပါဘူး၊ မလုပ်သင့်ပါဘူး။
ဘုရားရဲ့ ချစ်ခြင်းမေတ္တာဟာ ပုဂ္ဂိုလ်အပေါ်မှာ မူမတည်သလို အပြစ်လွှတ်ခြင်းတရားကိုလည်း လူသားအားလုံး တပြေးညီကြားရဖို့ ကိုယ်တော်အလိုတော်ရှိပါတယ်။ မိမိနှင့်စပ်ဆိုင် သောသူမှန်သမျှကို မိမိကိုယ်ကို ချစ်သလို ချစ်ပါ လို့ သခင်ယေရှုမိန့်တော်မူခဲ့တဲ့အတိုင်း စပ်ဆိုင်လာ သမျှသော သူတွေထဲကမှ သူ့ကိုမှချစ်ခြင်းပါလျက် ကုပေးမယ်၊ သူ့ကိုတော့ ဝတ်ကျေတန်းကျေ အနာ ပျောက်ပြီးရော ဆိုပြီးလုပ်နေတဲ့ ဆရာတွေ ရှိပါတယ်။ ထိုသို့သောအမှုကို သခင်ဘုရားနှစ်သက်တော်မူမယ်လို့ မထင်ပါ။

~ အရေအတွက်လော အရည်အချင်းလော ~

တချို့သောအမှုအရာတွေမှာ အရည်အချင်းများများစားစားမလိုဘဲ အရေအတွက်ပဲလိုတဲ့နေရာရှိသလို၊ အရေအတွက်ထက် အရည်အချင်းကိုပိုပြီးလိုအပ်တဲ့အခြေအနေတွေလည်းရှိပါတယ်။ သို့သော်လည်း အသင်းတော်မှာတော့ ထိုအရာနှစ်မျိုးလုံးမျှတစွာရှိသင့်ပါတယ်။ ဒီကနေ့မှာတော့ ဘုရားကျောင်းထဲမှာ လူတွေအများကြီးရှိနေမှ ဒီအသင်းတော်ကနိုးကြားတယ်၊ နှုတ်ကပတ်တော်ကောင်းတယ် စသည်ဖြင့်မှတ်ချက်ပေးတတ်ကြပါတယ်။ ဟုတ်မှန်တဲ့ အသင်းတော်တွေလည်းရှိသလို၊ မဟုတ်မမှန်တာတွေကလည်း ဒုနဲ့ဒေးပါပဲ။ အရေအတွက်ကြောင့် အမြင်အားဖြင့် ချီးမွမ်းစရာရှိပေမယ့်၊ အရည်အချင်းမမီသူတွေများစွာရှိနေသည်ကိုတော့ သတိမမူကြတော့ပေ။ နာမည်ကြီးဆေးရုံဆေးခန်းဖြစ်လို့ လူတွေလာနေကြသော်လည်း ကုသပေးသည့်ဆရာဝန်တွေရဲ့ အရည်အချင်းကပြဿနာရှိနေလျှင်တော့မတွေးဝံ့စရာပင်။ ဒါကြောင့် အသင်းဝင်သူတွေများလာသည့်နှင့်အမျှ၊ အသင်းဝင်သူတို့၏ ဝိညာဉ်ရေးရာတိုးတက်မှု တနည်းဆိုရလျှင် ဝိညာဉ်ရေးရာအရည်အချင်းပြည့်မီလာမှုတို့ကို ဦးစားပေးသင့်ပါတယ်။ တပည့်တော် ၁၂ပါးထဲမှာပင်လျှင် ငွေကိုတပ်မက်လျက် သခင့်ကိုရောင်းစားသူတောင်ပါလာသေးသည်မဟုတ်လော။ ဘယ်သူကတော့ မှန်ကန်စွာရှိလျက်အသက်တာကိုအပ်နှံတယ်၊​ ဘယ်သူကတော့ စိတ်မပါရင်လစ်ပြေးတော့မယ် ဆိုတာကိုမြော်လင့်ထားပြီး စင်ကြယ်သောဩဝါဒ၊ သမ္မာတရားကိုအကောင်းဆုံးကြိုစားအားထုတ်ကာပြုစုသင့်ပေသည်။ အရေအတွက်များဖို့အတွက်ကတော့ ကြော်ငြာကောင်းဖို့ပဲလိုပါတယ်။ အရည်အချင်းရှိဖို့ကတော့ ကိုယ်တိုင်ကအရည်အချင်းပြည့်မီ(qualified)ကာ သစ္စာရှိဖို့ပဲလိုပါတယ်။ သို့မှသာ အရည်အချင်းရှိသူတွေ အသင်းတော်ထဲမှာ အရည်အတွက်များပြားလာမှာပါ။

~ ဂုဏ်အသရေသာသေချာ ~

တခါတလေကျပြန်တော့လည်း အထူးကုဆေးရုံပုံစံမျိုးတောင်ဖြစ်လာတဲ့အနေအထားတွေလည်းရှိပါတယ်။ ဘယ်လိုမျိုးလည်းဆိုရင် ငွေဆိုတဲ့ကြွယ်ဝမှုဂုဏ်အသေရေရှိသူတွေသာ နေရာရပြီး၊ မျက်နှာသာပိုပေးခံရတဲ့အဖြစ်မျိုးတွေပေါ့။ အလှူငွေပိုထည့်နိုင်သူတွေကိုသာ ပိုပြီးကျေးဇူးတင်ကာ၊ သူတို့ရဲ့ပေးကမ်းခြင်း“တံစိုး”တွေကြောင့် သူတို့ရဲ့ဝိညာဉ်ရေးကပြောစရာမရှိဘူးဆိုကာ အမြင်တွေမှေးယှက်လာကုန်ကြသည်။ အမှန်တကယ် နာကျင်နေသူတွေကိုကျတော့ လက်မခံချင်ကြတော့ပါ။ ဂုဏ်အသရေတွေနဲ့လာသူတွေသာ နေရာသေချာရတဲ့သဘောလားလို့တောင်မေးရတော့မည့်အနေအထားပင်။ ငွေကြေးကြွယ်ဝကာ၊ ကားတွေ၊ တိုက်တွေ၊ လုပ်ငန်းတွေ ပိုင်ဆိုင်ထားသူတွေက ဘုရားနဲ့မှန်ပြီး ဝိညာဉ်ရေးမှာ အလွန်ပင်အားကြီးသူတွေလို့မှတ်ယူကာ နေရာပေးနေသ၍၊ တွယ်ကပ်နေသ၍ အသင်းတော်ဟာပိုက်ဆံရှိသူတွေသာဆေးကုလို့ရတဲ့ အထူကုဆေးရုံမျိုးသာဖြစ်နေဦးမှာပါ။ တကယ်ဆိုအသင်းတော်ဟာ အပြစ်သားတိုင်းကို အထူးကုသပေးရမယ့် ဂုဏ်အသေရေရှိတဲ့အရပ်ဖြစ်ရမည်သာ။ စိတ်မကောင်းစရာက “အသရေ” ထက် “အသေ”တွေ အပတ်စဉ်စုဝေးနေတဲ့အဆောက်အဦးဖြစ်လာနေခြင်းပါပဲ။

~ ဆွေးနွေးအကြံပေး ~

ဆေးရုံတွေတော်တော်များများမှာ ကျန်းမာရေးနှင့်ပက်သက်သို့ ဆွေးနွေးနိုင်တာမျိုးတွေရှိပါတယ်။ ဒီလိုဆွေးနွေးအကြံပြုခြင်းတွေအားဖြင့်လည်း စိတ်ပိုင်းဆိုင်ရာ၊ ခန္ဓာပိုင်းဆိုင်ရာအသိပညာတွေနဲ့ ကြုံတွေ့ခံစားနေရတဲ့ရောဂါဝေဒနာတွေကို ရင်ဆိုင်နိုင်မှာပါ။ အချို့သောအသင်းတော်တွေမှာ ဒီနေ့အသေအချာကြည့်ရင် နှစ်သိမ့်အကြံပေးဆွေးနွေးခြင်းတွေ မရှိသလောက်ကိုဖြစ်လာပါပြီ။ တနင်္ဂနွေတရက် ဘုရားရှိခိုးပြီးတာနဲ့ ပြီးသွား၊ နောက်အပတ်ပြန်လာ ပြန်သွား၊ သင်းအုပ်ကတရားဟော၊ အသင်းသားကနားထောင်၊ ဒါလေးတွေနဲ့တင် “ဟုတ်ပြီ” ဆိုပြီးတော့ အဆင်ပြေသလိုနေနေကြသည်။ တကယ်တမ်းတော့ ဟန်ဆောင် ကောင်းနေကြသည်ထက်မပိုပါ။ တချို့တွေမှာ လူသိမခံနိုင်တဲ့အမှုအရာတွေ၊ အရှက်သိက္ခာနှင့်ယှဉ်တဲ့ပြဿနာတွေကို ဆွေးနွေးနှစ်သိမ့်ပေးဖို့ရာလိုအပ်နေကြပါတယ်။ ရင်နာစရာက ထိုသို့သောသူတွေကို ဆွေးနွေးနှစ်သိမ့်အကြံပေးရမည့်အစား “အနာပြင်းထန်လာမှ” ဆေးမမီတော့ဘူးဆိုပြီး လူမဆန်၊ ခက်ထန်စွာ အသင်းတော်ကနေမောင်းထုတ်တာမျိုးတွေ၊ သင့်တော်သည့်ဆုံးမပြစ်တင်မှုမျိုးကိုမပေးခဲ့ဘဲ ဖြစ်လာတော့မှကိုယ့်ရဲ့တာဝန်ပေါ့လျော့မှုကိုဖုံးကွယ်တတ်တဲ့သူတွေအသင်းတော်ထဲမှာ အများကြီးပါပဲ။ တချို့ဆိုလျှင် ကယ်တင်ခြင်းနဲ့ပက်သက်လို့ ဝေဝါးမှုတွေရှိနေသော်လည်း အသင်းတော်၌ ပုံမှန်ပါဝင်နေသောကြောင့် “ဘာမှမဖြစ်ဘူး၊ အားလုံးကောင်းတယ်”အထင်မျိုးကလည်း ဆိုးဝါးလှပါသည်။ ရေရှည်အတွက်ပင်မဆိုဦးနှင့် ရေတို၌ပင်လျှင် “ရေသာခို”နေမည်ဆိုပါက၊ နာကျင်စွာခံစားနေရသူသောသူဟာ အနာငြိမ်းရမည့်အစား နာတာရှည်ခံစားသွားရမည့်အဖြစ်မျိုးကို တွေ့ကြုံရမည်သာ။

~ စွန့်ပစ်ပစ္စည်းများ ~

ဆေးရုံ၊ ဆေးခန်းများမှာနေ့စဉ် အသုံးပြုပြီးစွန့်ပစ်ရသည့်အရာများစွာရှိသည်။ ထိုအရာများက ကျန်းမာရေးအရသော်လည်းကောင်း၊ ရောဂါပိုးမွှားများမပြန့်ပွါးဖို့ရန်သော်လည်းကောင်း စနစ်တကျစွန့်ပစ်ကာ နောက်တဖန်ဘယ်တော့မှသုံးစွဲဖို့မသင့်တော့သည့် ပစ္စည်းများဖြစ်သည်။ ဒါကြောင့် အသင်းတော်များလည်း အထူးသဖြင့် စွန့်ပစ်ရမည့်ပစ္စည်းများကို ဘယ်လိုစွန့်ပစ်သင့်သလည်းဆိုတာကို အမြဲသတိပေးတိုက်တွန်းနေသောနေရာဖြစ်ရပါမည်။ အသင်းတော်ဆိုသည်မှာ သခင်ယေရှုခရစ်တော်ကိုယုံကြည်သူများအတူတကွစုဝေးခြင်းဖြစ်ပါတယ်။ အပြစ်မှလွှတ်ခြင်းကိုခံရသောသူတွေ စုဝေးကြခြင်းလို့လည်းဆိုနိုင်ပါတယ်။ ထိုသို့စုဝေးကာ ဘုရားသခင်အားကိုးကွယ်ချီးမွမ်းခြင်းကိုပြုသည့်အခါတိုင်း ဘုရားရှင်၏သန့်ရှင်းခြင်း၊ ဖြောင့်မတ်ခြင်း စသည့်ဂုဏ်အင်္ဂါလက္ခဏာများကို ဆင်ခြင်အောက်မေ့လျက်တိုးဝင်ကာ အထူးသဖြင့်စွန့်ပစ်သင့်သောအရာများ၊ သန့်ရှင်းသောအရပ်၌မရှိသင့်သော မသန့်ရှင်းသည့်အရာများကို စွန့်ပစ်ခြင်းသော်လည်းကောင်း၊ စွန့်ပစ်တတ်လာစေခြင်းငှါလည်းကောင်း သတိပြုသင့်ပေသည်။ အသင်းတော်တွေ အတော်များများမှာ ကောင်းကြီးမင်္ဂလာအကြောင်း၊ ကြွယ်ဝခြင်းအကြောင်းတွေကိုသာဦးတည်သွန်သင်နေကြပေမယ့်၊ တကယ်တမ်းစွန့်ပစ်ရမည့်အမင်္ဂလာများကိုတော့ချန်လှပ်ကာ စစ်မှန်သောကောင်းကြီးမင်္ဂလာ၊ ကြွယ်ဝခြင်းတို့နှင့်အလှမ်းဝေးနေကြသည်ကလည်း စိတ်မကောင်းစရာပင်။ “ယေရှုကိုယုံလျှင်”ဆိုသည့်စကားနှင့် “ဒါပဲလိုချင်တယ်၊ဒါပဲဖြစ်ရမယ်”ဆိုပြီးဝန်ခံခြင်းတွေကများပြီး၊ “သခင်ယေရှုအားဖြင့်”ဆိုသည့် ကျေးဇူးပြုခြင်းကိုသဘောပေါက်ပြီး အသက်တာမှာ ဝန်ချစွန့်ပစ်သင့်သည်များကိုဝန်ခံသူကတော့ နည်းလှပါတယ်။

ချစ်သောမိတ်ဆွေ … အသင်းတော်ရဲ့ဦးခေါင်းဟာခရစ်တော်ဖြစ်တယ်ဆိုတာ၊ သန့်ရှင်းသောဝိညာဉ်တော်မပါဘဲ အသင်းတော်ဟာဘယ်လိုမှမကြီးထွားနိုင်ဘူးဆိုတာ၊ ထိုနှစ်ချက်ကိုမသိရင် ဘုရားသခင်ရဲ့ဘုန်းဟာ အသင်းတော်မှာထင်ရှားခြင်းမရှိဘူးဆိုတာ ကိုသတိပြုမိတယ်ဆိုရင် ဆင်ခြင်ကာပြင်ဆင်နိုင်မည့်အကြောင်း တိုက်တွန်းနှိုးဆော်ပါရစေ။

မေတ္တာဖြင့်