ချစ်လှစွာသောစာဖတ်သူ .. ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရများဖြစ်သည့် Gap Creationism ဟုခေါ်သည့် “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ”၊ “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ”၊ “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”၊ “Theistic Evolutionism” ဟူသည့် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ”၊ “Evolutionary Creationism” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ”၊ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း” များထဲမှ Gap Creationism ဟူသော “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” ၏ သမိုင်း၊ “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ” နှင့် “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”များ၏ သမိုင်း၊ “Theistic Evolutionism” ဟူသည့် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ” နှင့် “Evolutionary Creationism” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ” များ၏ သမိုင်း၊ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေပေးနေသော အဖွဲ့အစည်းကြီးများ စသည့်အကြောင်းများကို ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)၊ (၆) နှင့် အပိုင်း(၇) တို့တွင် ပြည့်စုံစွာဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုနောက်ဆုံးအပိုင်း၌မူ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒီတို့၏ ယုံကြည်ချက်များ” အကြောင်းကို အသိပေးဖော်ပြပါမည်။ OEC တို့၏ယုံကြည်ချက်များသည် YEC တို့၏ယုံကြည်ချက်များနှင့် ယေဘုယျအားဖြင့် အားလုံးနီးပါးဆန့်ကျင်ဘက်ဖြစ်ကြသည်ဟု မှတ်ယူနိုင်ပါသည်။
ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒီ တို့၏ ယုံကြည်ချက်များ
၁။ စကြဝဠာနှင့် ကမ္ဘာသက်တမ်းသည် နှစ်သန်းထောင်ပေါင်းများစွာသက်တမ်းရှိပြီး ဖန်ဆင်းခြင်း ၆ ရက်ရှိ ပထမနေ့၊ ဒုတိယနေ့ဆိုသည်မှာ ၂၄ နာရီတရက်ကို ဆိုလိုခြင်းမဟုတ်ဘဲ ရှည်ကြာသည့် ခေတ်ကာလ တခုကို ဆိုလိုသည်ဟု OEC များက ယုံကြည်ကြသည်။
ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒအောက်တွင် အယူကွဲပြားသောအခြားသောအယူဝါဒအသီးသီးရှိသည်ကို သိရှိခဲ့ကြပြီးဖြစ်ပါသည်။ သို့သော်လည်း မည်မျှပင် အယူကွဲပြားပါလေစေ စကြဝဠာနှင့် ကမ္ဘာသက်တမ်းနှင့်ပတ်သက်ပါက နှစ်သန်းထောင်ပေါင်းများစွာ ကြာညောင်းနေပြီဟု OEC များအားလုံးတူညီစွာလက်ခံယုံကြည်ထားကြသည်။ သိပ္ပံပညာရှင်များနှင့် ဘူမိဗေဒပညာရှင်များကလည်း ကမ္ဘာဂြိုလ်သက်တမ်းအား နှစ်ပေါင်း ၄.၅ ဘီလီယံ (4.5 Billion Years Old) ခန့်ဟူ၍လည်းကောင်း၊ စကြဝဠာဗေဒပညာရှင်များနှင့် နက္ခတ္တဗေဒပညာရှင်များကလည်း စကြဝဠာသက်တမ်းအား နှစ်ပေါင်း ၁၃.၈ ဘီလီယံ (13.8 Billion Years Old) ခန့်ဟူ၍လည်းကောင်း အသီးသီး တွက်ချက်ထားကြသည့်အတွက် ကမ္ဘာမြေကြီးသက်တမ်းနှင့်ပတ်သက်၍ မျက်မှောက်ခေတ် သိပ္ပံပညာနည်းကျရှာဖွေတွေ့ရှိမှုများ၊ သိပ္ပံနည်းကျ သီအိုရီများ၊ သက်သေအထောက်အထားများနှင့် ကိုက်ညီမှုရှိသည့် အယူဝါဒတခုဟု ဆိုနိုင်သည်။ ထို့ကြောင့် ဖန်ဆင်းခြင်း ၆ ရက်ရှိ ပထမနေ့၊ ဒုတိယနေ့ဟူသည့် စသည့် “နေ့” များကို ၂၄ နာရီသာ ကြာမြင့်သော နေ့တနေ့ အဖြစ် အနက်မပြန်ကြပါ။ ဘာကြောင့် စာသားအတိုင်း အနက်မပြန်ကြသနည်းဟူသည့် အကြောင်းပြချက်အမျိုးမျိုးကို ဤ OEC ဆောင်းပါးတွဲ၏ရှေ့အပိုင်းများတွင် ခေါင်းစဉ်တခုချင်းစီအောက်၌ စာရေးသူဖော်ပြခဲ့ပြီးဖြစ်ပါသည်။
၂။ ကမ္ဘာဦးကျမ်းအား စာသားအတိုင်း(Literal Interpretation) တိုက်ရိုက်အနက်ပြန်ဆိုခြင်းသည်သာလျှင် စစ်မှန်ပြီးသမ္မာနည်းကျသည့် တခုတည်းသော အနက်ပြန်ဆိုခြင်းမဟုတ်ဘဲ သမ္မာကျမ်းစာ၏ အခွင့်အာဏာတော်ကို အထူးလေးစားသော အခြားသော အနက်ပြန်ဆိုခြင်းများလည်းရှိသည်ဟု OEC များက ယုံကြည်ကြသည်။
ကမ္ဘာဦးကျမ်းကို အနက်ပြန်ဆိုကြရာတွင် ကျွန်ုပ်တို့ မြန်မာခရစ်ယာန်များသည် အနက်ပြန်ဆိုပုံတမျိုးတည်းသာရှိသည်ဟု အများစုထင်မှတ်ကြသည်ကို လေ့လာတွေ့ရှိရပါသည်။ ထို့အပြင် စာသားအတိုင်းတိုက်ရိုက်အနက်ပြန်မှသာလျှင် သမ္မာနည်းကျ(Biblical ဖြစ်)သည်ဟု သွန်သင်ဟောပြောကြသည်များကိုလည်း တွေ့မြင်ရပါသည်။ စင်စစ် ကမ္ဘာဦးကျမ်းနှင့် ပတ်သက်၍ ခရစ်ယာန်များကြားတွင် အနက်ပြန်ဆိုမှုအမျိုးမျိုးရှိပါသည်။ ကျွနု်ပ်တို့ ငယ်စဉ်ကလေးဘဝကပင် ရင်းနှီးကျွမ်းဝင်ခဲ့သော ကမ္ဘာဦးကျမ်းအား စာသားအတိုင်းတိုက်ရိုက်အနက်ပြန်ဆိုခြင်း (Literal Interpretation)သည် ယင်းအနက်ပြန်ဆိုမှုအမျိုးမျိုးများထဲမှ တခုမျှသာဖြစ်ပါသည်။ ကမ္ဘာဦးကျမ်းနှင့်ပတ်သက်၍ အနက်ပြန်ဆိုခြင်းအမျိုးမျိုးရှိလေရာ ယေဘုယျအားဖြင့် အနှစ်ချုပ်လိုက်လျှင် “Concordist Interpretations” ဟူသည့် “သဟဇာတဖြစ်မှုကို အသားပေးသောအနက်ပြန်ဆိုခြင်း” နှင့် “Non-concordist Interpretations” ဟူသည့် “သဟဇာတဖြစ်မှုကို အသား မပေးသောအနက်ပြန်ဆိုခြင်း” ဟူ၍ဖြစ်လေသည်။ စာရေးသူစကားပလ္လင်ခံလိုသည်မှာ ဤအနက်ပြန်ဆိုခြင်းအမျိုးမျိုးအား တခုချင်းစီရှင်းပြရမည်ဆိုလျှင် ယခုခေါင်းစဉ်အောက်၌ လုံလောက်မည်မဟုတ်ပေ။ ထို့ကြောင့် အသေးစိတ် မရှင်းပြတော့ပါ။ ၎င်းအတွက် သီးခြားခေါင်းစဉ်ဖြင့် ဆောင်းပါးရှည်တပုဒ် ရေးပြမှသာ ပို၍နားလည်လွယ်မည်ဖြစ်သည်။ ယခုခေါင်းစဉ်အောက်တွင် စာရေးသူ၏ရည်ရွယ်ချက်မှာ ကမ္ဘာဦးကျမ်းနှင့်ပတ်သက်၍ Literal Interpretation တခုတည်းပဲရှိသည်သာ မဟုတ်ဘဲ သမ္မာကျမ်းစာ၏ အခွင့်အာဏာတော်ကို အထူးလေးစားသော အခြားသော အနက်ပြန်ဆိုခြင်းများလည်းရှိသည်ဟု OEC များက ယုံကြည်ကြကြောင်း စာဖတ်သူတို့အား အသိပေးလိုခြင်းဖြစ်ပါသည်။
Concordist Interpretations အောက်တွင်ရှိသော အနက်ပြန်ဆိုခြင်းများမှာ
၁။ Young-Earth Interpretation
၂။ Gap Interpretation
၃။ Day-Age Interpretation
၄။ Appearance of Age Interpretation တို့ဖြစ်ကြပါသည်
Non-concordist Interpretations အောက်တွင်ရှိသော အနက်ပြန်ဆိုခြင်းများမှာ
၁။ Proclamation Day Interpretation
၂။ Creation Poem Interpretation
၃။ Kingdom-Covenant Interpretations
၄။ Ancient Near Eastern Cosmology Interpretation
၅။ Temple Interpretation တို့ဖြစ်ကြပါသည်။
ထို့ကြောင့် OEC များက သမ္မာနည်းကျသည်၊ မကျသည်ကို စာသားအတိုင်းတိုက်ရိုက်ပြန်ခြင်း၊ မပြန်ခြင်းကိုသာ ကြည့်ကာဆုံးဖြတ်၍ မရဘဲ သမ္မာကျမ်းစာ၏ အခွင့်အာဏာတော်ကို လေးစားတန်ဖိုးထားသော အခြားသောအနက်ပြန်ဆိုခြင်းများကိုလည်း ထည့်သွင်းစဉ်းစားရမည်ဟု ယုံကြည်ကြသည်။ ယခုမိတ်ဆက်ပေးခဲ့သော ကမ္ဘာဦးကျမ်းဆိုင်ရာအနက်ပြန်ဆိုခြင်းအမျိုးမျိုးသည် တခုနှင့်တခု လုံးဝ မတူညီ၊ ဆန့်ကျင်ဘက်ချည်း ဖြစ်နေကြတာမျိုးတော့မဟုတ်ဘဲ ယုံချက်ခြင်းထပ်တူကျသည့်အခါများလည်းရှိတတ်ပါသည်။ ၎င်းကိုတော့ အနက်ပြန်ဆိုခြင်းတခုချင်းစီကို သေချာလေ့လာသည့်အခါတွေ့မြင်လာနိုင်မည်ဖြစ်ပါသည်။
၃။ ကမ္ဘာဦးခေတ်တွင် မည်သူမျှ အသက်မရှင်ဖူးခဲ့ပါ။ ကမ္ဘာဦးခေတ်ကာလ၏ တဦးတည်းသော မျက်မြင်သက်သေမှာ (only eye-witness of the creation) ဖန်ဆင်းရှင်ဘုရားသခင်သာလျှင် ဖြစ်သည်မှန်သော်လည်း စကြဝဠာနှင့် ကမ္ဘာမြေ၏မူလအစနှင့် ပတ်သက်၍ မျက်မှောက်ခေတ် သိပ္ပံပညာရှာဖွေတွေ့ရှိမှုများကိုလည်း သမ္မာကျမ်းစာအားအနက်ပြန်ဆိုရာတွင် ထည့်သွင်းစဉ်းစားသင့်သည်ဟု OEC များက ယုံကြည်ကြသည်။
OEC များသည် နယ်ပယ်တော်တော်များများတွင် Mainstream Science ကို လက်ခံကြသည်။ စာရေးသူဆိုလိုသည့် “နယ်ပယ်” ဆိုသည်မှာ စကြဝဠာဗေဒ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒ၊ ဓာတုဗေဒ၊ ရူပဗေဒ စသည့်သိပ္ပံရပ်ဝန်းနယ်ပယ်များကို ဆိုလိုပါသည်။ ဤအချက်တွင် YEC တို့နှင့် ဆန့်ကျင်ဘက်ဖြစ်လေသည်။ နှိုင်းယှဉ်ဖော်ပြရလျှင် YEC များသည် ကမ္ဘာဦးကျမ်းစာရှိ ဖန်ဆင်းခြင်းအဖြစ်အပျက်များကို စာသားအတိုင်း တိုက်ရိုက်အနက်ပြန်လိုက်သည်။ ထို့ကြောင့် ၎င်းတို့၏ Literal Interpreatation ကို အထောက်အပံ့ပြုနိုင်မည့် သီအိုရီများကို ရှာဖွေကြရသည်။ ဥပမာ စကြဝဠာနှင့် ကမ္ဘာသက်တမ်းသည် နှစ် ၁၀၀၀၀ အောက်ဖြစ်ကြောင်း၊ နောဧခေတ်တွင် တကမ္ဘာလုံးရေလွှမ်းမိုးခဲ့သည်ဟု ယုံကြည်သည့်အတွက် ၎င်းအတွက် သီးခြားသက်သေကို ရှာဖွေစုဆောင်းကြရသည်။ ထို့ကြောင့် ၎င်းတို့အယူတွင် Mainstream Science ရှိ စကြဝဠာ၏မူလအစ Big Bang Theory၊ သက်ရှိတို့၏ ဆင့်ကဲပြောင်းလဲခြင်း Evolution Theory စသည်များကို လက်မခံဘဲ ငြင်းပယ်ကြပြီး ၎င်းတို့၏ကိုယ်ပိုင်ဗားရှင်း Creation Science ခေါ် Scientific Creationism၊ နောဧခေတ်ရေလွှမ်းမိုးခြင်းအတွက် Flood Geology စသည့် ဩဝါဒအမျိုးမျိုးကို ဖြန့်ဝေကြရတော့သည်။ OEC များကမူ Mainstream Science က ရှာဖွေတွေ့ရှိမှုများ၊ သုတေသနပြုမှုများကို မပြတ်နားစွင့်နေကြသည်။ ထို့နောက် သဘာဝတရားကို သိပ္ပံနည်းလမ်းစဉ်များကို အသုံးပြု၍ စုဆောင်းရရှိလာသည့် အသိ (Knowledge) အမျိုးမျိုးကို ဆင်ခြင်သုံးသပ်၍ ကမ္ဘာဦးကျမ်းကို မှန်ကန်စွာနားလည်နိုင်မည့်နည်းလမ်းကို ကြိုးပမ်းရှာဖွေကြသည်။ သို့သော်သတိပြုရမည်မှာ OEC များသည် သိပ္ပံပညာကို သမ္မာကျမ်းစာထဲ အတင်းသွပ်သွင်းဖို့ကြိုးစားကြတာမျိုးတော့ မဟုတ်သည်ကို တွေ့ရှိရသည်။ မြင်သာအောင်ဖော်ပြရလျှင် ရောမဩဝါဒစာစောင်ကို လေ့လာသည့်အခါ ရောမဩဝါဒစာစောင်၏ သမိုင်းနောက်ခံကို သိထားလျှင် ပို၍မှန်ကန်စွာ အနက်ပြန်နိုင်မည်ဖြစ်သည်။ ဂလာတိဩဝါဒစာစောင်ကို လေ့လာပါက ထိုခေတ်အခါက မည်ကဲ့သို့ ပြဿနာများဖြစ်ပေါ်နေ၍ မည်သည့်အကြောင်းကြောင့် တမန်တော်ပေါလုက ဤဩဝါဒစာစောင်ကို ရေးရသည့် သမိုင်းနောက်ခံကို သိရှိထားပါက ထိုကျမ်းစာစောင်များကို လေ့လာရာတွင် ပိုမိုနားလည်လွယ်မည်ဖြစ်သည် မဟုတ်ပါတကား။ ဤသည်မှာ မိမိတို့ သိရှိထားသော သမိုင်းနောက်ခံ အသိ (Knowledge) ကို သမ္မာကျမ်းစာနှင့် မညီညီအောင် အတင်းလုပ်ယူ၊ ညှိယူတာမျိုးမဟုတ်ဘဲ ယင်းကျမ်း၏ ဆိုလိုရင်းကို ပိုမိုနားလည်စေရန် ထိုအသိကို အသုံးချခြင်းသာဖြစ်သည်ဟု OEC များက ဆိုကြသည်။ ထိုနည်း၎င်းပင် ကမ္ဘာဦးကျမ်းရှိ စကြဝဠာအစ၊ ကမ္ဘာမြေအစ၊ လူသားအစ စသည့် မူလဇစ်မြစ်(Origins) နှင့်စပ်ဆိုင်သောအရာများကိုလေ့လာသည့်အခါတွင်လည်း စကြဝဠာဗေဒ၊ နက္ခတ္တဗေဒ၊ ဇီဝဗေဒများကို ထိုက်သင့်သလောက်သိရှိထားမှသာလျှင် ထိုကျမ်းကို လေ့လာရာ၌ ပိုမိုနားလည်လွယ်စေမည် မဟုတ်ပါတကား။ ထို့ကြောင့် OEC များသည် ကမ္ဘာဦးခေတ်တွင် မည်သူမျှ အသက်မရှင်ဖူးခဲ့သည်မှန်သော်လည်း စကြဝဠာအစ၊ ကမ္ဘာမြေ၏အစ စသည့် မူလဇစ်မြစ်ကို လေ့လာနေသော မျက်မှောက်ခေတ်သိပ္ပံရှာဖွေတွေ့ရှိမှုများကို လုံးဝမျက်ကွယ်ပြုပြီး မိမိတို့ရဲ့ စာသားအတိုင်း အနက်ပြန်ဆိုခြင်းသည်သာ မှန်ကန်သော အနက်ပြန်ဆိုခြင်းဖြစ်သည်ဟု ကြွေးကြော်နေခြင်းသည် မှန်ကန်၍သမ္မာနည်းကျသည့် အနက်ပြန်ဆိုမှုကို ရရှိနိုင်မှာ မဟုတ်ကြောင်း OEC များက ယုံကြည်ကြပါသည်။ သို့သော်လည်း ရှေ့အပိုင်းများတွင် ဖော်ပြခဲ့ပြီးသည့်အတိုင်း OEC အားလုံး သက်ရှိတို့၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကို အပြည့်အဝလက်ခံကြသည်တော့ မဟုတ်ပေ။ မည်သည့် အဖွဲ့အစည်းများသည် Evolution Theory ကို အပြည့်အဝ လက်မခံကြကြောင်း ရှေ့အပိုင်းများတွင် စာရေးသူ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
၄။ နောဧခေတ် ရေလွှမ်းမိုးခြင်းသည် တကယ်ဖြစ်ခဲ့ပါသည် သို့သော် တကမ္ဘာလုံးရေလွှမ်းခြင်း မဟုတ်သကဲ့သို့ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် မျက်မှောက်ခေတ် ကမ္ဘာမြေကျောက်လွှာများဖွဲ့စည်းတည်ဆောက်ပုံ၊ ဘူမိမြေပြင်ဖွဲ့စည်းပုံများသည် နောဧခေတ်ရေလွှမ်းမိုးမှုကြောင့်မဟုတ်ပါဟု OEC များက ယုံကြည်ကြသည်။
OEC များသည် YEC တို့၏ Scientific Creationism အတွက် ပင်မအသက်သွေးကြောကြီးဖြစ်သော “Flood Geology” ကို ငြင်းပယ်ကြပါသည်။ Flood Geology သည် Science မဟုတ်ဘဲ Pseudoscience သာဖြစ်ပါသည်။ မျက်မှောက်ခေတ် သိပ္ပံရှာဖွေတွေ့ရှိချက်များတွင် နောဧခေတ် တကမ္ဘာလုံးရေလွှမ်းခြင်း အတွက် သက်သေအထောက်အထားတစုံတရာ မရှိပေ။ သို့သော် သိပ္ပံပညာရှင်များသည် နောဧခေတ်က ထိုနေရာတဝိုက်၌သာ ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှု (Local Flood) တော့ရှိနိုင်သည်ဟု မှတ်ချက်ပေးကြသည်။ OEC များသည် ထိုအချက်ကို သဘောတူလက်ခံကြပြီး ထိုသို့ လက်ခံခြင်းသည် ခရစ်ယာန်ယုံကြည်မှုဆိုင်ရာ ကိုးကွယ်မှုများနှင့် တန်ဖိုးများကို လျော့ကျထိခိုက်စေနိုင်သည်ဟု မရှုမြင်ကြပါ။ အကြောင်းမှာ သင်သည် သခင်ယေရှုခရစ်တော်ကို မိမိအသက်တာ၏ ကယ်တင်ပိုင်ရှင်ဘုရားအဖြစ် ယုံကြည်လက်ခံခြင်းကသာ ထိုကိုးကွယ်မှုတန်ဖိုးများအတွက် အဓိကအထွတ်အထိပ်ဖြစ်ပြီး ကမ္ဘာသက်တမ်းအား သင်မည်ကဲ့သို့ ယုံကြည်လက်ခံခြင်းဆိုသည်မှာ သာမည ဖြစ်သည်ဟု ရှုမြင်သောကြောင့်သာ ဖြစ်သည်။
၅။ အချို့သော OEC များက ချားလ်စ်ဒါဝင်၏ သိပ္ပံဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် ကို အပြည့်အဝလက်ခံကာ သမ္မာကျမ်းစာနှင့် ကိုက်ညီသည်ဟု ယုံကြည်ကြပြီး၊ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်၏ Macroevolution မှာမူ သမ္မာကျမ်းစာနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်သီအိုရီကို အချို့သော OEC များက အပြည့်အဝ လက်မခံကြပေ။
လူနှင့် ချင်ပန်ဇီတို့သည် ရှေးဘုံတူ ဘိုးဘေးမျိုးစိတ်(common ancenstor) ဖြစ်သည့် လူဝံ (Ape) ကဲ့သို့သောသတ္တဝါမျိုးမှ အချိန်ကာလကြာမြင့်လာသည့်အခါ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာခဲ့သည်ဟူသည့် သိပ္ပံဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကို “Theistic Evolutionists” များနှင့် “Evolutionary Creationists” များက လက်ခံကြပြီး “Day-age Creationists” များနှင့် “Progressive Creationists” များက ငြင်းပယ်ကြသည်။ YEC များနှင့် Evolution Theory ကို အပြည့်အဝလက်မခံသော OEC အချို့တို့သည် မျိုးစိတ်အတွင်း ဆင့်ကဲပြောင်းလဲခြင်းကိုသာ လက်ခံကြပြီး မျိုးစိတ်တစ်ခုမှ နောက်မျိုးစိတ်တခုသို့ ဆင့်ကဲပြောင်းလဲခြင်းကိုမူ သမ္မာကျမ်းစာ သွန်သင်ချက်နှင့် မညီဟု ဆိုကာ လက်မခံနိုင်ကြပေ။ ၎င်းတို့ အခေါ် မျိုးစိတ်အတွင်း ဆင့်ကဲပြောင်းလဲခြင်းကို Micro-evolution ဟု ခေါ်ကြသည်။ ဥပမာ .. ခွေးမျိုးစိတ်တခုမှ ဝိသေသနလက္ခဏာမတူသော အခြားခွေးမျိုးကွဲသို့ ဆင့်ကဲပြောင်းလဲခြင်းမျိုးကို သူတို့ဆိုလိုကြခြင်းဖြစ်သည်။ ထို့ကြောင့် ခွေးဘီလူး၊ ခွေးစုတ်ဖွား၊ ဟတ်စကီးခွေးမျိုး စသဖြင့် အမျိုးကွဲများအဖြစ် ထွက်ပေါ်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။ ကြောင်မျိုးစိတ်၊ ကျားမျိုးစိတ်၊ မျောက်မျိုးစိတ်များလည်း ထိုနည်း၎င်းပင်။ Micro-evolution ကို ကမ္ဘာဦးကျမ်း ၁ : ၂၀ ပါ ကျမ်းစာသားဖြစ်သည့် “ … အမျိုး အလိုက် ( … according to its kind)” ဟူသည့်အရာနှင့် ခိုင်းနှိုင်းပြောဆိုလေ့ရှိကြပြီး Macro-evolution ကိုမူ မျိုးစိတ်တစ်ခုမှ နောက်မျိုးစိတ်တခု(မျောက်မှ လူ) သို့ ဆင့်ကဲပြောင်းလဲခြင်းအဖြစ် ပြောဆိုကြသည်။ သို့သော် လူနှင့် ချင်ပန်ဇီတို့သည် အမျိုးနီးသည်ဟူသော common ancestry နှင့် macroevolution ကိုမူ လက်မခံနိုင်ကြပေ။ စင်စစ် မျက်မှောက်ခေတ်သိပ္ပံပညာရပ်ဝန်းက ဖော်ပြသော Micro-evolution နှင့် Macro-evolution ၏ အဓိပ္ပါယ်များမှာမူ ထိုသို့ မဟုတ်ပါချေ။ Micro-evolution နှင့် Macro-evolution အဓိပ္ပါယ်ကို ယခင်က ထွက်ရှိခဲ့ပြီးသည့် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – အပိုင်း(၃) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
၆။ အာဒံအပြစ်မပြုမီကာလကတည်းကပင် သက်ရှိတို့ရုပ်ခန္ဓာ သေခြင်းတရား ရှိခဲ့နိုင်ပါသည်၊ ဤကဲ့သို့ ယုံကြည်ခြင်းသည် သမ္မာကျမ်းစာသွန်သင်ချက်နှင့်လည်း ကိုက်ညီမှုရှိပါသည်ဟု OEC များက ယုံကြည်ကြသည်။
ကျွန်တော်အပါအဝင် စာဖတ်သူတို့ ငယ်စဉ်ကတည်းက နားရည်ဝနေသည့် သွန်သင်ခြင်းတခုဖြစ်သည့် ဖန်ဆင်းစက အရာအားလုံးသည် ပြီးပြည့်စုံသည်။ “အရာရာ ပြီးပြည့်စုံသည် (Very good == Perfect)” ဆိုသည်မှာ ဧဒင်ဥယျာဉ်ထဲ၌ အို၊ နာ၊ သေခြင်းမရှိ။ သေခြင်းတရားဟူသည် အာဒံနှင့်ဧဝ အပြစ်ပြုခြင်းကြောင့် ဤလောကသို့ စတင်ဝင်ရောက်လာသည်၊ ပထမဆုံးဦးဆုံးလူသား ၂ ဦး၏ အပြစ်ဒုစရိုက်ကြောင့် ဤတလောကလုံး ကျိန်ခြင်းအမင်္ဂလာခံရသည်။ ထို့ကြောင့် အို၊ နာ၊ သေခြင်း ဖြစ်လာရသည်ဟူသည့် သွန်သင်ချက်ပင်ဖြစ်သည်။ သို့သော် OEC များကမူ ဒါဝင်၏ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်သီအိုရီနှင့် ပတ်သက်၍ ၎င်းတို့အချင်းချင်းကြား မည်မျှပင် သဘောတရား မတိုက်ဆိုင်စေကာမူ အာဒံအပြစ်မပြုမီကာလကတည်းကပင် သက်ရှိတို့၏ ရုပ်ခန္ဓာသေခြင်းတရားရှိနိုင်သည်၊ အို၊ နာ၊ သေခြင်းသည် အပြစ်မပြုမီကပင် ရှိခဲ့နိုင်သည်၊ ထို့ပြင် အာဒံသည် ဖန်ဆင်းခံစကပင် သေမျိုး (Immortal) ဖြစ်သည်ဟု တညီတညွတ်တည်း ယုံကြည်ကြသည်။ ထိုကဲ့သို့ ယုံကြည်ခြင်းသည် ၎င်းတို့အတွက် ဓမ္မစိန်ခေါ်ချက် (Theological issue) မဖြစ်သည့်အပြင် သမ္မာနည်းကျ (Biblical) ဖြစ်သည် ဟုပင် ယုံကြည်ကြပါသည်။ OEC များသည် ဘာကြောင့် ထိုကဲ့သို့ယုံကြည်ကြသနည်း၊ အာဒံအပြစ်မပြုမီကာလကတည်းကပင် သက်ရှိတို့၏ ရုပ်ခန္ဓာသေခြင်းတရားရှိနိုင်သည်ဟူသော ၎င်းတို့ ယုံကြည်ချက်သည် ဓမ္မစိန်ခေါ်ချက်မရှိဟု အဘယ်ကြောင့် ယုံကြည်ချက်ရှိရှိကြွေးကြော်နိုင်ကြပါသနည်း။ ၎င်းတို့အဆိုအတွက် သမ္မာကျမ်းစာဆိုင်ရာ သက်သေအထောက်အထား တစုံတရာရှိပါသလား။ ဤသည်ကို ခေါင်းစဉ်သက်သက်တခုခွဲ၍ လေ့လာမှသာ ပိုမိုနားလည်နိုင်မည်ဖြစ်ပါသည်။ ဤနောက်ဆုံးအပိုင်းတွင်တော့ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒီများ၏ ယုံကြည်ချက်ကိုသာ မိတ်ဆက်ပေးမည်ဖြစ်ပြီး အဘယ့်ကြောင့် ၎င်းတို့သည် ထိုကဲ့သို့ယုံကြည်ကြသနည်းဆိုသည်ကိုတော့ အသေးစိတ် မရှင်းပြသေးပါ။ ဤသည်မှာ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒီများ၏ ပင်မယုံချက်များပင် ဖြစ်ပါတော့သည်။
နိဂုံး
ယခုဆိုလျှင် စာရေးသူအနေဖြင့် “ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism)” နှင့် “ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism)” အကြောင်းကို ဆောင်းပါးတွဲရေး၍ စာဖတ်သူများအား တူညီမှု၊ ကွဲပြားမှု အသီးသီးကို မိတ်ဆက်တင်ပြခဲ့ပေးပြီးဖြစ်ပါသည်။ အသိပေးလိုသည်မှာ ဤဆောင်းပါးများသည် ဆောင်းပါးအတွဲဖြစ်သော်လည်း မိတ်ဆက်ဆောင်းပါးမျှသာဖြစ်သည်ကို ထပ်မံအသိပေးလိုပါသည်။ ဆိုလိုသည်မှာ စာဖတ်သူအနေနဲ့ စာရေးသူ၏ ဆောင်းပါးတွဲ ၂ တွဲကို ဖတ်ရုံမျှဖြင့် အကုန်အစင်နားလည်နိုင်မည် မဟုတ်သကဲ့သို့ မည်သည့်ဝါဒကို ဆွဲကိုင်ယုံကြည်ရမည်နည်းဆိုသည်ကိုလည်း ဆုံးဖြတ်နိုင်လိမ့်ဦးမည် မဟုတ်ဟု ထင်ပါသည်။ စာရေးသူဖော်ပြပေးခဲ့သည့် သက်ဆိုင်ရာ တရားဝင်ဝက်ဘ်ဆိုက်များ၊ စာအုပ်စာပေ၊ ဆောင်းပါးများကို ကိုယ်တိုင်ကိုယ်ကျ ထပ်မံလေ့လာဖို့ရန်တိုက်တွန်းလိုပါသည်။ ထိုသို့ဆိုလျှင် စာဖတ်သူအနေနှင့် ဤသို့ တွေးကောင်းတွေးပေလိမ့်မည် “ဤခေါင်းစဉ်များကို ဘာကြောင့်လေ့လာရမည်နည်း။ ဤခေါင်းစဉ်များသည် ခရစ်ယာန်တို့၏ ပင်မယုံကြည်ချက်များကို မထိခိုက်စေနိုင်ဘူးဆိုလျှင် အဘယ့်ကြောင့် လေ့လာရန် သို့မဟုတ် ဆွေးနွေးငြင်းခုန်ရန် လိုအပ်ပါဦးမည်နည်း” ဟူ၍ ဖြစ်သည်။ ဟုတ်ပါသည် .. ဤကမ္ဘာဦးဆိုင်ရာခရစ်ယာန်အယူဝါဒများသည် ခရစ်ယာန်တို့၏ ပင်မယုံကြည်ချက်များကို မထိခိုက်စေနိုင်သည်မှန်သော်လည်း သင်သည် အခြားသာသနာပလူတဦးဦးနှင့် ဘုရားသခင်တည်ရှိကြောင်းချက်ကျလက်ကျ ဆွေးနွေးငြင်းခုန်လိုသည့်အခါသော်လည်းကောင်း၊ ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းညီညွတ်စွာ ခုခံချေပ (Christian Apologetics လုပ်) လိုသည့် အခါတွင်လည်းကောင်း ဤခက်ခဲရှုပ်ထွေးသောခေါင်းစဉ်များကို အသေးစိတ်လေ့လာဖို့ရန် လိုအပ်ပါသည်။ ထို့ကြောင့် စာဖတ်သူအနေနှင့် Christian Apologetics ဓမ္မပညာကို စိတ်ပါဝင်စားသူဖြစ်ပါက ဤအငြင်းပွားဖွယ်ရာခေါင်းစဉ်များ (Controversial Topics) များကို ရှောင်လွှဲ၍ရမည် မဟုတ်ပေ။ စာရေးသူ၏ ဤဆောင်းပါးတွဲ ၂ ခုကို ဖတ်ရှုလေ့လာခြင်းအားဖြင့် ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။
ကိုးကားထားသော စာပေအရင်းအမြစ်
– Old Earth Creationism (National Center for Science Education) — https://ncse.ngo/old-earth-creationism
– Old Earth Creationism (Wikipedia) — https://en.wikipedia.org/wiki/Old_Earth_creationism
– The Creation/Evolution Continuum (National Center for Science Education) — https://ncse.ngo/creationevolution-continuum
– Gap Creationism (Wikipedia) — https://en.wikipedia.org/wiki/Gap_creationism
– Day-age Creationism (Wikipedia) — https://en.wikipedia.org/wiki/Day-age_creationism
– Theistic Evolution (Wikipedia) — https://en.wikipedia.org/wiki/Theistic_evolution
– Old Earth (Progressive) Creationism: History and Beliefs (BioLogos) — https://biologos.org/series/science-and-the-bible/articles/old-earth-progressive-creationism-history-and-beliefs
– What is Evolutionary Creation? (BioLogos) — https://biologos.org/common-questions/what-is-evolutionary-creation
– How is Evolutionary Creation different from Evolutionism, Intelligent Design and Creationism? (BioLogos) — https://biologos.org/common-questions/how-is-biologos-different-from-evolutionism-intelligent-design-and-creationism/
– အလင်းမှီ အစာစုဖွဲ့ခြင်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/biology101/bio101_tp9_photosynthesis/
– ချားစ်ဒါဝင် မည်သူနည်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2015/06/13/charles_darwin/
– Why Geology Matters စာအုပ် အနှစ်ချုပ် ( Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2021/01/29/why-geology-matters-summary/
– သိပ္ပံနဲ့ ဘာသာတရားရဲ့ ဆက်ဆံရေး (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2016/07/28/relations-betw-science-and-religion/
– Yom (Hebrew: יום) — Wikipedia — https://en.wikipedia.org/wiki/Yom
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Doubting Thomas နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။