ဆိုရှယ်မီဒီယာတွေပေါ်က အခြားတယောက်ယောက်ရဲ့ ဘဝကိုကြည့်မိတဲ့အခါ ဘယ်လိုကြောင့်များသူတို့က သူတို့ လုပ်တဲ့ဟာတွေအားလုံးကို လုပ်နိုင်တာလဲဆိုပြီး အံ့အားသင့်နေတဲ့ သင့်ကိုယ်သင် တွေ့ဖူးပါသလား? ကျွန်တော်တို့ အင်စတာဂရမ်ပေါ်မှာ သူတို့မာစတာဘွဲ့ ပြီးသွားကြောင်းပြောနေသူတွေ၊ ကလေးတွေ အဆက်မပြတ်မွေးနေရင်းနဲ့ တောင်အခြားစိတ်ဝင်စားတပ်မက်ဖွယ်အရာတွေကို လုပ်နေတဲ့သူတွေ၊ အလုပ်ကထွက်ပြီး ကိုယ်ပိုင်စီးပွားရေးစလုပ် နေတဲ့သူတွေ၊ ကားဝယ်တဲ့သူတွေ၊ ပိတ်ရက်အပန်းဖြေသွားနေတဲ့သူတွေ တွေ့မြင်ရပါတယ်။ တကယ်မှန် မမှန်ခနထား၊ အနည်းဆုံးတော့ ဒီလို မျိုးမြင်နေရတယ်ပေါ့။
ကျွန်တော်တို့က သူတို့ရဲ့အဲ့လိုခမ်းနားတဲ့ ဘဝကို ဝင်ယူကြည့်တဲ့အခါ လောကကြီးမှာ ဒီလိုမျိုးတွေလုပ်နိူင်ဖို့ အချိန်၊ ပိုက်ဆံနဲ့ စွမ်းအင်တွေကို သူတို့ဘယ်လိုမျိုးရသလဲဆိုတဲ့အပေါ် အံ့သြမိရုံမှတပါး တခြားမရှိပါဘူး။ ထပ်ပြီးတော့ ကျွန်တော်တို့ ဆက်တွေးမိနိုင်တာက ရုပ်ဝတ္ထုပစ္စည်းချမ်းသာကြွယ်ဝမှု နဲ့ ပုဂ္ဂလိက အောင်မြင်မှုအပေါ် အာရုံစိုက်တဲ့ အသက်တာတခုဟာ ကျွန်တော်တို့အတွက် တကယ်ပဲဘုရား အလိုတော်ရှိတဲ့ အသက်တာမျိုး ဟုတ်ပါသလား? ဆိုတာပါပဲ။ ဘာလို့လဲဆိုတော့ ယနေ့ခေတ်ကာလမှာ ချမ်းသာကြွယ်ဝခြင်းဂုဏ်အသရေဟာ ကျွန်တော်တို့ကြည့်မိ တဲ့နေရာတိုင်း မှာ ရှိနေသလိုခံစားရပြီး အဲ့ဒီ “ရူးသွပ်မှု” ရဲ့ ရှေ့ဆုံးတန်းတည့်တည့်မှာ မကြာခဏထိုင်နေကြတဲ့သူတွေ ကတော့ ခရစ်ယာန်တွေပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအရာတွေကို ပိုင်ဆိုင်ဖို့ကြိုးစားတာဟာ ခရစ်ယာန်တယောက် အတွက် အဆင်ပြေမလား? အရင်းရှင် လူ့အဖွဲ့အစည်းတရပ်မှာ ခရစ်ယာန်တွေအတွက် ပုဂ္ဂလိကအောင်မြင်မှုနဲ့ ရုပ် ဝတ္ထုပစ္စည်းချမ်းသာကြွယ်ဝမှုကိုရဖို့ ကြိုးစားရှာဖွေတာဟာ အဆင်ပြေပါသလား? ရိုးရိုးလေးပဲ စဥ်းစားကြည့်ကြစို့။ ကျွန်တော်တို့ “လိုအပ်တဲ့” အရာတွေဟာ ဘာတွေလဲဆိုတာကိုအရင်ဆုံးကြည့်ရအောင်။ ကျွန်တော်တို့အားလုံး ဘဝ မှာ လိုအပ်တာ ၂ မျိုးရှိပါတယ်။ “သက်သာမှု နဲ့ အရေးပါမှု” ဖြစ်ပါတယ်။ Maslow ရဲ့ “လိုအပ်မှုအတွက် အရေးပါပုံ အဆင့်ဖော်ပြချက်ကို ကြည့်ပါ။
- ဇီဝကမ္မလိုအပ်ချက်များ (အစားအစာ၊ ရေ၊ နေစရာ စသည်) = သက်သာမှု
- ဘေးကင်းရန်လိုအပ်ချက် (လုံခြုံမှု၊ အလုပ်အကိုင်၊ အရင်းအမြစ်၊ ကျန်းမာရေး စသည်) = သက်သာမှု
- ချစ်ခြင်းမေတ္တာ နဲ့ ပိုင်ဆိုင်မှု = အရေးပါမှု
- တန်ဖိုးထားလေးစားမှု (လေးစားမှု၊ အခြေအနေ၊ အသိအမှတ်ပြုမှု၊ လွတ်လပ်မှု) = အရေးပါမှု
- မိမိအမှန်တကယ်ဖြစ်ခြင်း (ကိုယ်ဖြစ်နိုင်တဲ့အတိုင်းအပြည့်အဝ ဖြစ်ခြင်း) = အရေးပါမှု
အပေါ်ကဆိုလိုရင်းကိုပြန်သွားတဲ့အခါ၊ ကျွန်တော်တို့ဘဝမှာကြိုးစားရှာဖွေသမျှအရာအားလုံးဟာ ထိုအခြေခံအကျ ဆုံးအမျိုးအစား ၂ ခု ဖြစ်တဲ့ သက်သာမှု နဲ့ အရေးပါမှု ကို တွေ့ရပါတယ်။ တကယ်တော့ ဒီ၂မျိုးမှာ ကျွန်တော်တို့က တမျိုးမျိုးကိုရဖို့ ကြိုးစားနိုင်သလောက် နောက်တမျိုးမျိုးကိုစွန့်လွှတ်ဖို့ ရှိမှာဖြစ်ပါတယ်။ ဒါကတော့ တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ စွမ်းအားတခုပဲဖြစ်ပါတယ်။
ဥပမာ၊ လူတယောက်က Gym ကစားခြင်းဟာ သူအတွက် ခန္ဓာပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ အရေးပါမှု ရရှိစေတယ်လို့ ယုံတဲ့အခါ သူ့ခန္ဓကိုယ်အတွက် သက်သာမှုကိုစတေးပြီး ပင်ပန်းတဲ့ လေ့ကျင့်ခန်းလုပ်ခြင်းကို လုပ်ဆောင်ရပါတယ်။ သူတို့ဟာ ပြင်းထန်စွာကြိုးစားမှုနဲ့စည်းကမ်း လိုက်နာမှုဟာ သူတို့ကိုပိုပြီး အရေးပါအဓိပ္ပာယ်ရှိစေတယ်လို့ ယုံကြတဲ့ အခါ Gym မှာ ပြင်းပြင်းထန်ထန်လေ့ကျင့်ကြမှာပဲဖြစ်ပါတယ်။
သက်သာမှုအတွက်ဆိုလည်း ဒီသဘောအတိုင်းပါပဲ။ တပုံစံတည်းပဲ ကျွန်တော်တို့ဟာ ကျွန်တော်တို့အတွက် လွန်စွာမှ သက်သာစေမယ့်အရာ ရရှိမယ်ဆိုရင် အရေးပါမှုအဓိပ္ပာယ်ရှိမှုအတွက် အခွင့်အရေးကို လက်လွှတ်လိုက်ချင်မှာဖြစ် ပါတယ်။ လူများစွာဟာ အလုပ်နဲ့အခြားတာဝန်ဝတ္တရားတွေရဲ့ မရှိချိန် ခနကို အာဟာရနည်းပြီး ကိုလက်စထရော များတဲ့ အစာတွေကို ဆိုဖာပေါ်ထိုင်ကာ စားရင်းနဲ့ကုန်ဆုံးကြပါတယ်။ ကျွန်တော်တို့အားလုံးဟာ အတိုင်းအတာ တခုအထိ ဒီလိုမျိုးလုပ်ကြတာပါပဲ။ ဒါဟာဘာလို့လဲဆိုရင် ကျွန်တော်တို့ဟာ သိရဲ့သားနဲ့ဖြစ်စေ မသိလိုဖြစ်စေ “အရေးပါမှု အဓိပ္ပာယ်” ရှိခြင်းဆိုတဲ့ လိုအပ်ချက် နေရာမှာ “သက်သာမှု” ရှိခြင်းဆိုတဲ့လိုအပ်ချက်ကို လက်ခံရန် ဆုံးဖြတ်လိုက်လို့ပဲဖြစ်ပါတယ်။ ကျွန်တော်တို့ သတိထားမိသည် ဖြစ်စေ၊ မထားမိသည်ဖြစ်စေ ဒါဟာ ကျွန်တော်တို့ဆန္ဒပါတဲ့ အပေးအယူ တခုပဲဖြစ်ပါတယ်။
ဒါဆိုရင် “အောင်မြင်မှု” ဆိုတာဟာ “သက်သာမှု နဲ့ အရေးပါမှု” များများရှိခြင်းကို အတိုချုံးပြောနေတာပဲပေါ့။ “အောင်မြင်တယ်” ဆိုတာကို ကျွန်တော်တို့ လေ့လာကြည့်ရင် ကျွန်တော်တို့ စိတ်ကူးပုံဖော်ထားသမျှဟာ ဒီ အရာ (၂) ခုဆီကိုပဲ ပြန်ရောက်လာတယ်ဆိုတာ တွေ့ရပါတယ်။ ဒါဆို မေးခွန်းက “ဘုရားအနေနဲ့ ကျွန်တော်သက်သာမှုနဲ့ အရေးပါမှုအား ရှာဖွေတာကို လက်ခံပါသလား၊ အဆင်ပြေသလား?” ဖြစ်ပါတယ်။ “သက်သာမှု” ရော “အရေးပါမှု” ရော မကောင်းတဲ့အရာမဟုတ်ပါဘူး။ တကယ်တော့ ကျွန်တော်တို့ဟာ ဒီအချက် ၂ ခုကြောင့်အသက်ရှင်နေရတယ် ဆိုတာကိုတော့ ကျွန်တော် စောတကတက်ချင်ပါတယ်။ အသက်ရှင်နေခြင်းနဲ့ပတ်သက်လို့ အကောင်းဆုံး အရာတွေ ဟာ ကျွန်တော်တို့ကို သက်သာမှု အတိုင်းအတာတခု ယူဆောင်ပေးပါတယ်။ ကျွန်တော်တို့ဟာ မသက်မသာဖြစ်နေ ပြီးတော့ အဲ့လိုဖြစ်နေတာကလည်း မရရှိသေးတဲ့ “သက်သာမှု” သို့မဟုတ် “အရေးပါမှု” တခုခုကြောင့်သာဆိုရင်တော့ တစုံတခုဟာ မှားယွင်းကောင်းမှားယွင်းနေပါပြီ။
ဥပမာ၊ သင်ဟာသင့်ခါးနာမှုကြောင့် မသက်မသာခြင်းကို တိုးပြီးခံစားနေရတယ်ဆိုရင် တစုံတခုမှားယွင်းနေတာ ဖြစ်ပါလိမ့်မယ်။ သင့်ရဲ့ ခါးနာမှုဆိုတဲ့ မသက်မသာဖြစ်ခြင်းကြောင့် သင့်မှာ ပြန်လည်ရရှိမယ့် “သက်သာမှု” သို့မဟုတ် “အရေးပါမှု” ဆိုတဲ့ ရလဒ် မရှိဘူးဆိုတာ သင်အလိုလိုသိနေတာမို့လို့ပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ “မသက်မသာ” ဖြစ်ခြင်းသက်သက်ဟာ ကောင်းတဲ့အရာတခု မဟုတ်ပါဘူး။ ဒါပေမယ့် သင့် ခန္ဓာကိုယ်က အဲ့ဒီ မသက်မသာဖြစ်ခြင်း ကို အသုံးပြုပြီး ဖြစ်လာမယ့်ရေရှည်ပြဿနာတွေကို ဖြေရှင်းဖို့ သင့်ကိုအသိပေးနေတာပဲဖြစ်ပါတယ်။ သင်ဟာ ယေရှုခရစ်တော်ရဲ့ နောက်လိုက်တယောက်ဆိုရင် သင်ယုံကြည်သမျှအားလုံးဟာ “သက်သာမှု”နဲ့ “အရေးပါမှု” အပေါ် အခြေခံထားတာဖြစ်ပါတယ်။ ကောင်းကင်နိုင်ငံဟာ သက်သာရာ ဖြစ်တယ် (ဗျာဒိတ် ၂၁ : ၄). ဤကမ္ဘာလောကမှာ ဘုရားနဲ့အတူသွားလာခြင်းဟာ သက်သာမှုကိုယူဆောင်လာတယ် ( ၂ ကော ၁ : ၃ – ၄, ဆာလံ ၂၃ : ၄) နဲ့ ဘုရားသား သမီးတယောက်ဖြစ်ခြင်းကတော့ သင်ရဲ့ “အရေးပါမှု” ကိုရှာတွေ့နိုင်မယ့်နေရာပဲဖြစ်တယ်။
ဘုရားဟာ ကျွန်တော်တို့ကို “သက်သာမှု နဲ့ အရေးပါမှု” ကို သူ့အထဲမှာ ရှာတွေ့ဖို့အလိုတော်ရှိတယ်။ ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ ကျွန်တော်တို့ဘဝတွေမှာ လုပ်ဆောင်သမျှအရာအားလုံးဟာ ထိုအရာနှစ်ခုကိုပဲ လှည့်ပတ်ဖြစ်နေမှာ ဖြစ်တယ်။ မကြာခဏဆိုသလို ကျွန်တော်တို့ဟာ “သက်သာမှုနဲ့ အရေးပါမှု” အတွက် အခြား အရင်းအမြစ်တွေကို အားကိုးလေ့ရှိကြတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့အလုပ်အကိုင်တွေ၊ မိသားစုတွေ၊ လူမှု ရေးအခြေအနေတွေ နဲ့ အခြားသော “သက်သာမှုနဲ့ အရေးပါမှု”ကို ရရှိစေနိုင်မယ့် အရာတွေကို ကြည့်လေ့ရှိတယ်။
ပြဿနာက လူတွေဟာကောင်းတယ်ထင်ခဲ့ပြီးမှ မှားယွင်းတဲ့ နေရာကနေရတဲ့ သူတို့ရဲ့ သက်သာမှုနဲ့အရေးပါမှုတွေကို မှန်ကန်တဲ့အရင်းမြစ်နဲ့ အစားမထိုးဘဲ၊ ဘာနဲ့မှ ပြန်မဖြည့်ဘဲနဲ့ ဒီအတိုင်းစွန့်လွှတ်လိုက်တာပဲဖြစ်ပါတယ်။ ပြီးတော့မှ “သက်သာမှု” နဲ့ “အရေးပါမှု” ဟာ ကျွန်တော်တို့အတွက် မဟုတ်ဘူးဆိုပြီး အပြီးသတ် ယုံလိုက်ကြပါလေရော။ ကျွန်တော့်ဘဝမှာ “သက်သာမှု” နဲ့ “အရေးပါမှု”ဟာ မကောင်းတဲ့အရာတွေလို့ ယုံကြည်ပြီး ဘဝကိုအဓိပ္ပာယ်မဲ့ အလွတ်သဘော နေနေကြတဲ့လူတွေ ဘယ်လောက်များသလဲဆိုတာတောင် မပြောနိုင်တော့ပါဘူး။ ဒါဟာတကယ် ပါပဲ၊ သင်ဟာမှားယွင်းတဲ့ အရင်းအမြစ်ကို ရောက်နေရင် ဒါတွေဟာ မကောင်းတဲ့အရာတွေဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ “သက်သာမှု” နဲ့ “အရေးပါမှု” အတွက်ကိုပဲ ဖန်ဆင်းခံထားခဲ့ကြရတာပဲ မဟုတ်လား? ကျမ်းစာက မှတ်တမ်းတင်ထားတဲ့ လူသားမျိုးနွယ်ရဲ့ အကြောင်းကို စဥ်းစားကြည့်ပါ။ ကျွန်တော်တို့လူသားသမိုင်းကြောင်းရဲ့ အချိန်တခုမှာ ကျွန်တော်တို့လိုချင်တဲ့ “သက်သာမှု နဲ့ အရေးပါမှု” အားလုံးကိုရရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ဆီမှာ အရင်းအမြစ်အားလုံးနဲ့ ကျွန်တော်တို့တောင်းဆိုနိုင်တဲ့ အခွင့်အာဏာအားလုံးရှိခဲ့ပါတယ်။ အဲ့ဒါကတော့ ဧဒင်ဥယျာဥ် ပဲဖြစ်ခဲ့ပါတယ်။ ခြွင်းချက်အနေနဲ့ ထပ်ပြီးပိုများပိုကောင်းတဲ့အရာ ရှိသေးတယ်ဆိုတဲ့ တချက်က လွဲလို့ပေါ့။
ကျွန်တော်တို့ရှိထားပြီးသား “သက်သာမှု နဲ့ အရေးပါမှု” ထက်ပိုတဲ့ အခြေအနေတခု ပေးနိုင်မယ်လို့ထင်ရတဲ့ အရာ တခုရှိခဲ့ပြီး ကျွန်တော်တို့က အဲဒီအရာကို ရယူဖို့ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ တကယ်လို့များလုံလုံလောက်လောက် လေ့လာသင်ယူမယ်၊ ကြိုးစားမယ်ဆိုရင် ကျွန်တော်တို့ရဲ့ “သက်သာမှုနဲ့ အရေးပါမှု” အရင်းအမြစ် က ကျွန်တော်တို့ကိုယ်တိုင် ဖြစ်လာနိုင်မယ် လို့ထင်ခဲ့ပါတယ်။ ဒီကနေ့အထိတောင် ကျွန်တော်တို့ အဲ့ဒီနည်းလမ်းအတိုင်း ကြိုးစားနေဆဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒါဟာ အရင်တုန်းက အလုပ်မဖြစ်ခဲ့သလို အခုလည်းပဲ ကြာရှည်ခံတဲ့ “သက်သာမှု” နဲ့ “အရေးပါမှု”ကို မပေးစွမ်းနိုင်ပါဘူး။ ဒါပေမယ့် ပျော်စရာတချက်တော့ ဒီမှာရှိနေပါတယ်။ သင်ဟာ ပြဿနာကို သေချာဂရုတစိုက်ကြည့်ပြီး သရုပ်ခွဲနိုင်မယ်ဆိုရင်တော့ သူ့ကိုဖြေရှင်းနိုင်ဖို့အတွက် အခွင့်အရေးတခု ရှိပါတယ်။ ဘုရားမှာ သင့်ကို “သက်သာမှု” နဲ့ “အရေးပါမှု” ရရှိစေလိုတဲ့ ရည်ရွယ်ချက်ရှိတယ်ဆိုတာ သင်သိတာနဲ့ သင်ဟာ လွတ်နေတဲ့ဘယ်နေရာကို ဖြည့်ရမလဲဆိုတာ သဘောပေါက်လာပါလိမ့်မယ်။ သင်ဟာ ဘယ်တိုက်ပွဲကို တိုက်ရမယ်ဆိုတာသိပြီပေါ့။ အမှန်တရားက “အောင်မြင်မှု” ဆိုတာဟာ စိုးရိမ်ထိတ်လန့်နေရမယ့်အရာတခု မဟုတ် ဘူး။ သင့်နှလုံးသားထဲက အိပ်မက်အားလုံးဟာ သင်ချုပ်ချယ်ထားရမယ့် အရာတွေမဟုတ်ဘူး။ ဒါဟာ ဝါကြွားမှုမာန အမြဲမဟုတ်သလို သင့်ဆန္ဒတွေကို အသုံးပြုပြီး ရန်သူကသင့်ဘဝကို ဖျက်ဆီးပစ်မယ်ဆိုတဲ့ အရာလည်း မဟုတ်ပါ ဘူး။
သင်ဟာ ရည်ရွယ်ချက်တခုကြောင့် အသက်ရှင်နေတာဖြစ်ပြီး အဲ့ဒီရည်ရွယ်ချက်က သင့်ဆီကို “အောင်မြင်မှု” (သို့) “သက်သာမှု နဲ့ အရေးပါမှု” ဆိုတဲ့ စာကြောင်းကိုယူဆောင်လာနိုင်ပါတယ်။ ကျွန်တော်တို့သာ ကျွန်တော်တို့အထဲက တိုက်ပွဲကိုဘယ်လိုတိုက်ရမလဲဆိုတာ သင်ယူနိုင်မယ်ဆိုရင် _ ကျွန်တော်တို့ရဲ့ သက်သာမှုနဲ့အရေးပါမှုကို ဘုရားဆီက နေ ဆွဲမယူဘဲ ကျွန်တော်တို့ကိုယ်ကိုယ်တိုင်ဆီက ရယူဖို့ကြိုးစားနေသည့် တိုက်ပွဲ။ ဒါဆိုရင် ယုံကြည်ခြင်းတိုက်ပွဲ ဆိုတဲ့ ဆင်နွဲဖို့ထိုက်တန်တဲ့တခုတည်းသောတိုက်ပွဲကို ဘယ်လိုတိုက်ရမလဲဆိုတာ ကျွန်တော်တို့သင်ယူခဲ့ပြီးဖြစ်ပါ တယ်။ သင်နဲ့ကျွန်ုပ်တို့ တိုက်ပွဲဝင်နေတဲ့ ယုံကြည်ခြင်းတိုက်ပွဲကတော့ “သက်သာမှု နဲ့ အရေးပါမှု” ဟာ ကျွန်တော်တို့ ရဲ့ ကိုယ်ပိုင်စွမ်းရည်တွေနဲ့ရယူနိုင်တာ မဟုတ်ဘဲ ပို၍မြင့်မားတဲ့ အရင်းအမြစ်ကနေ ရရှိခြင်းဆိုတဲ့ ယုံကြည်မှုပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ “အောင်မြင်မှု” ဆိုတဲ့အရာကနေ ရှက်ကြောက်ပြီး အဝေးကိုမထွက်သွားပါနဲ့။ အောင်မြင် မှု ဟာ “သက်သာမှု နဲ့ အရေးပါမှု” ရဲ့ အတိုချုပ်စကားဖြစ်သလို ဘုရားကသင့်ကို အောင်မြင်စေဖို့ သူ့ရည်ရွယ်ချက် တိုင်းမှာ ရှိပါတယ်။ “အောင်မြင်မှု” ဆိုတာကို ရှောင်ကြဥ်ရမယ့်အရာတခုအနေနဲ့ မမြင်ဘဲ သင့်အဖ ဘုရားသခင်ရဲ့ လက်ဆောင်တခုအနေနဲ မြင်ကြည့်ပါ။ ဒါကိုသင်သိလာတဲ့အခါ သင်ဟာ သင့်ဆီမှာ ကျေးဇူးတရားနဲ့ ပြည့်စုံ လုံလောက်ခြင်း တိုးပွားလာတာကို ခံစားရမှာဖြစ်ပြီး၊ ပြောရရင်တော့ ဒါဟာ “အောင်မြင်မှု” ကတဆင့် ဖြစ်လာစေတဲ့ အရာပဲဖြစ်ပါတယ်။ သင်ဟာ သင့်ကိုယ်သင် “ကိုယ့်ကိုယ်ကိုငြင်းပယ်ဖို့အတွက်” ကောင်းတဲ့အရာတွေအားလုံးကို စွန့်လွှတ်နေတဲ့ နိမ့်ကျတဲ့သူတယောက်အဖြစ် မြင်နေမယ်ဆိုရင် သင့်အတွက် ကျေးဇူးတင်စရာဘာများကျန်ပါဦး မလဲ? ထာဝရဘုရားကောင်းမြတ်တယ်ဆိုတာကို ဘယ်လိုမြည်းစမ်းမလဲ (ဆာလံ ၃၄ : ၈)
ဘုရားက သူ့စကားကို နားထောင်ပြီး သူ့နောက်ကိုလိုက်တဲ့အခါ သူ့လူတွေအတွက် ကြွယ်ဝချမ်းသာခြင်းကိုပေးဖို့ ကတိပေး ထားပါတယ်။ ( ဆာလံ ၁ : ၁ – ၃, ဝတ်ပြုရာကျမ်း ၂၆)။ သခင်ယေရှုဘုရားက “ဘုရားသခင် ၏ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားတော်ကို ရှေ့ဦးစွာရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့။” လို့ မိန့်တော်မူ ခဲ့ပါတယ်။ သခင်ပြောခဲ့တာ ထိုအရာအားလုံး ဖြစ်ပါတယ်။ – ထိုအရာတွေအနက် အနည်းဆုံးပေးမယ်လို့ မပြောပါဘူး။ ဘုရားက သင့် အသက်တာကိုစိတ်ပျက်လက်ပျက်နေစေဖို့ အလိုတော်မရှိပါဘူး။ တကယ်တော့၊ ပြောရမယ်ဆိုရင် ဘုရားက ဒါတွေကိုသင်ပိုင်ဆိုင် ရရှိစေဖို့ အလိုရှိပါတယ်။ ဒါတွေကသာ သင့်ကိုပိုင်သွားဖို့အလိုတော် မရှိတာပါ။
ဒါကြောင့် ကျွန်တော်တို့ဟာ “အောင်မြင်မှု” ကို တိမ်းရှောင်ဖို့ မသင့်ပါဘူး။ ပြီးတော့လည်း အောင်မြင်မှုကို နည်းလမ်းမှန်စွာ ရရှိပိုင်ဆိုင်ထားတဲ့သူတွေကိုလည်း ဆန့်ကျင် မပြောဆိုသင့်ပါဘူး။
ဒေသနာကျမ်း ၁၀ : ၂၀
ရှင်ဘုရင်ကို စိတ်ဖြင့်မျှ မကျိန်ဆဲနှင့်။ လူကြီးကို အိပ်ခန်းထဲ၌ မကျိန်ဆဲနှင့်။
အဲ့လိုပြောခြင်းအစား သခင်ယေရှုက
“တစ်ဖန် ငါဆိုသည်ကား၊ သင်တို့သည် စုတေ့သောအခါ၊ အစဉ်အမြဲတည်သော ဗိမာန်၌ သင်တို့ကို လက်ခံလတ္တံ့သော အဆွေရှိစေခြင်းငှာ မမြဲသော လောကီစည်းစိမ်ကို သုံးဆောင်ကြလော့ (ရှင်လုကာ ၁၆ : ၉) မှာ “အောင်မြင်မှု” ကို ကိရိယာ တခုအဖြစ် အသုံးချပြီး ဘုရားတရားကြည်ညိုလေးစားမှု လွှမ်းမိုးအောင် အသုံးပြုဖို့ဖြစ်ပါတယ်။ “အောင်မြင်မှု” ဟာ “မှန်ဘီလူး” နဲ့တူပါတယ်။ ၎င်းက သင့်မှာရှိပြီးသားအရာကိုပိုပြီး ကြီးမားပုံပေါ်အောင် လုပ်ဆောင်ပေးပါတယ်။ ကမ္ဘာလောကကြီးက အောင်မြင်တဲ့ ခရစ်တော်စိတ်နှလုံးနဲ့လူတွေကို ပို၍ လိုအပ်နေမှာပါ။
ကိုးကား
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ John Wick နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။