Skip to content

ပြဿနာတစ်ခုခုဆိုလျှင် သူတပါးအား လက်ညှိုးထိုးချင်သည့် စိတ်သည် လူ့သဘာဝတစ်ခုပင် … တစ်ခုခုဖြစ်သည်နှင့် “ဘာဖြစ်သွားလဲ” အစား “ဘယ်သူလုပ်တာလဲ” ဆိုသည်က အရင်၊ “ဘယ်လိုလုပ်ရင်ကောင်းမလဲ” ဆိုသည်ထက် “ဘယ်သူလုပ်သလဲ” သည်သာ … ဒါသည်လည်း ကမ္ဘာဦး အစထဲကပင် ရှိခဲ့သည်ကိုး …

အာဒံသည်လည်း မိမိအမှားကို ဆင်ခြင်၍ ဝန်ခံရမည့်အစား ကိုယ်တော်ပေးသည့် မိန်းမကြောင့် ဟုသာ “လက်ညှိုးထိုး” ဧဝသည်လည်း “မြွေ မြွေ မြွေ” ဟုသာ လက်ညှိုးထိုးရင်း … ရပ်ကွက်အခေါ် ခေတ်စကားအရ “ခေါင်းရောင်းခြင်း” ကိုသာ လုပ်ဆောင်ခဲ့ကြသည်။ ထို့အတူ ကျွန်ုပ်တို့သည်လည်း ရှောင်လင်လက်ညှိုးသိုင်းကွက်များကိုပင် ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်အောင်မြင်သူများပင် …

မည်သည့်အရေးကိုမဆို “ဘယ်သူလုပ်တာလဲ” ဆိုသည့် လက်ညှိုးထိုးစရာကိုသာ အရင်ရှာတတ်ကာ ပြဿနာကို အရင်မဖြေရှင်း၊ အရင်မစဥ်းစားကြသည်မှာ “80%” လောက်ဖြစ်တတ်ကြပေလိမ့်မည်။ တနည်းအားဖြင့်ဆိုရလျှင် ထိုသို့သော အခြေအနေ အခိုက်အတန့်တို့တွင် “အပြစ်မြင်စိတ်၊ အပြစ်တင်လိုစိတ်” တို့သည် သာ၍ ထွက်ပေါ်လာတတ်သောကြောင့်ဟုပင် ဆိုပေအံ့ … ထိုမှတဆင့်လည်း “လက်ညှိုးထိုး၊ အပြစ်တင်၊ ပြောကြဆိုကြ ငြင်းခုံ ဆူပူကြရင်း” အမြင်မကြည်ဖြစ်ကြကာ ပဋိပက္ခတစ်ခုဖြစ်ပေါ်လာတတ်ပေသည်။

ပေါ့ပေါ့ပါးပါး ဥပမာလေးတစ်ခုဆိုရလျှင် အိမ်တွင် အမှိုက်တစ်ခု ပြုတ်ကျနေသည်ကို တွေ့မိသည် ဆိုကြပါစို့။ ထိုအရာအား ကောက်ယူ၍ ပစ်လိုက်ရမည့်အစား “ဘယ်သူ ဒီမှာချထားတာလဲ” သည် အရင်လာသည့်အခိုက်အတန့် … တကယ်ဆိုလျှင် ကောက်ပစ်ကာ ရှင်းပြီးမှဖြစ်စေ ပစ်ထားသည့် ကလေးငယ်၊ လူကြီး တစ်ဦးဦးကို အကျိုးသင့်အကြောင်းသင့် (ငါတော့ ဘယ်လို ဘာကို ဘယ်မှာ တွေ့လို့ ပစ်လိုက်တယ်) ပြောပြလျှင်လည်း အဆင်ပြေသည်မဟုတ်ပါလား။ သို့တည်းမဟုတ် ထိုသူတို့၏ ခနနေပစ်မည်ဟု တွေးကာ မေ့လျော့ခြင်း၊ သို့တည်းမဟုတ် ပစ်ထားသော်လည်း လေတိုက်၍ လွင့်ကျခြင်းလည်း ဖြစ်နိုင်ပေမည်။ ထို့ကြောင့် မလိုအပ်သည့် ကိစ္စ သို့တည်းမဟုတ် အရေးမကြီးသည့် ကိစ္စရပ်များတွင် အပြစ်တင်စကားဆိုမည့်အရေး၊ “ဘယ်သူလုပ်သလဲ” ဟု လက်ညှိုးထိုးမည့် အရေး၊ ပြုလုပ်သူကို တိုက်ရိုက် အပြစ်တင်ပြောဆိုမည့် အရေးတို့သည် တခါတရံတွင် မလိုအပ်ဘဲ ပဋိပက္ခဖြစ်ကာ အမြင်စောင်းစရာပင် ဖြစ်လာစေတတ်ပေသည်။

ထိုနည်းတူ အခြားသော ကိစ္စရပ်တစ်ခုခုတွင်လည်း အပြစ်မြင်စိတ်၊ အပြစ်တင်လိုစိတ်နှင့်သာ လက်ညှိုးထိုး အပြစ်ရှာမိသည့် အခိုက်အတန့်တို့သည် မလိုအပ်သော ပဋိပက္ခတို့ကို ဖြစ်ပေါ်လာစေရန် အစပျိုးခြင်းတစ်ခုပင် … အသင်းတော်၌ဖြစ်စေ၊ လုပ်ငန်းခွင်၊ အပေါင်းအသင်း၊ မိသားစုအတွင်း၌ပင်လျှင် ထိုအရာသည် တဖြေးဖြေးကြီးထွားလာကာ အမြင်မကြည်မှုမှ ထပ်ဆင့်၍ ပဋိပက္ခတစ်ခု ဖြစ်ပေါ်လာစေတတ်သည်မဟုတ်ပါလား …

မိမိတို့သည် ပြဿနာထက် လူကို အပြစ်တင်ချင်မိစိတ်၊ ပြဿနာ၏ အဖြေကို ရှာရန်ထက် ဘယ်သူ ပြဿနာ ဖြစ်စေသည်ကိုသာ လက်ညှိုးထိုးချင်စိတ်၊ စသည့် “အပြစ်မြင်စိတ်၊ အပြစ်တင်လိုစိတ်” တို့ကြောင့် တနည်းဆိုရသော် “အပြုသဘော မမြင်ခြင်း၊ အပြုသဘော မပြောခြင်း” တို့ကြောင့်ပင် ဆက်ဆံရေးများလည်း အဆင်မပြေဖြစ်ကာ ဆုံးရှုံးမှုများကိုသာ ဦးတည်နေသည့် ပဋိပက္ခကို အစပျိုးမိကြခြင်းပင် …

ကောရိန်သုဩဝါဒစာ ပဌမစောင် ၁၃:၄
မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ဝါကြွားခြင်းမရှိ၊ မာန်မာနမရှိ။

ချစ်ခြင်းမေတ္တာသည် ထိုသို့သော ပဋိပက္ခများအတွက် ကာကွယ်ဆေးလည်း ဖြစ်သကဲ့သို့ ကုသဆေးလည်းဖြစ်သည်။ ထိုပဋိပက္ခ မစတင်ခင်ဖြစ်စေ စနေပြီ ဆိုလျှင်ဘဲဖြစ်စေ ထိုမေတ္တာသည် “အပြစ်ရှိသည်ဟု မထင်တတ်” ဟု ဆိုသည်အတိုင်း စိတ်ရှည်ခြင်း၊ သည်းခံခြင်းနှင့်တကွ ထိုသူတို့အား မာန်မာနကင်းရှင်းစွာဖြင့် ကျေးဇူးပြုနိုင်ပေလိမ့်မည်။ အပြစ်မြင်တော့မည့်အချိန်၊ အပြစ်တင်ချင်သည့်ကာလ၌ “တယောက်၌တယောက် အပြစ်တင်စရာအခွင့် ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့” ဟု ကျမ်းစာလာသည်အတိုင်း အပြုသဘောရှုမြင်ကာ အပြုသဘောဆောင်၍ အပြုသဘောပြောပြခြင်းဖြင့် ပဋိပက္ခကို ငြိမ်းစေသည်မှာ ချစ်ခြင်းမေတ္တာ၏ ဆေးစွမ်းတစ်လက်ပင် ဖြစ်ပေတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။