Skip to content

ချစ်လှစွာသောစာဖတ်သူ .. ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရများဖြစ်သည့် Gap Creationism ဟုခေါ်သည့် “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ”၊  “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ”၊ “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”၊ “Theistic Evolutionism” ဟူသည့် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ”၊ “Evolutionary Creationism” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ”၊ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း” များထဲမှ Gap Creationism ဟူသော “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” ၏ သမိုင်း၊ “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ” နှင့် “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”များ၏ သမိုင်း၊ “Theistic Evolutionism” ဟူသည့် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ” နှင့် “Evolutionary Creationism” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ” များ၏ သမိုင်း စသည့်အကြောင်းများကို ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၁)  (၂)(၃)(၄)(၅) နှင့် (၆) တို့တွင် ပြည့်စုံစွာဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယခုအပိုင်း၌မူ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ” အကြောင်းကို အသိပေးဖော်ပြပါမည်။

ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ

ကမ္ဘာပေါ်တွင် ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒကို အားကောင်းကောင်းဖြင့် ဖြန့်ဝေပေးနေသော ထင်ရှားသောအဖွဲ့အစည်းကြီး (၃) ခုရှိပါသည်။ ၎င်းတို့မှာ BioLogos ၊ Reasons to Believe နှင့် The Natural Historian တို့ဖြစ်ကြပါသည်။ BioLogos ကို ရှေ့အပိုင်းတုန်းက ဖော်ပြခဲ့သည့် အမေရိကန် မျိုးရိုးဗီဇဆိုင်ရာ သိပ္ပံပညာရှင် Francis Collins က တည်ထောင်ခဲ့ပါသည်။ သူ၏ စာအုပ်ဖြစ်သော The Language of God ထွက်ရှိပြီးသည့်နောက် လူပေါင်းများစွာထံမှ စာနှင့် အီးမေးလ်အများအပြားလက်ခံရရှိသည့်အတွက် မေးခွန်းများကို တနေရာတည်းတွင် ဖြေဆိုပေးနိုင်ရန် ၂၀၀၇ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။ မူလက ခရစ်ယာန်ဘာသာဝင်များအတွက်သာ ရည်ရွယ်တည်ထောင်ခဲ့သော်လည်း နောက်ပိုင်းတွင်မူ သိပ္ပံပညာကိုလေ့လာလိုက်စားသော ဘုရားမဲ့ဝါဒီ (Skeptics/Atheists) များတွက်ပါ ရည်ရွယ်ဖြစ်ခဲ့သည်ဟု ၎င်းကဆိုသည်။ BioLogos Foundation သည် “Evolutionary Creationism” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ” ကို ဖြန့်ဝေနေသော OEC organization တခုဖြစ်ပါသည်။ Reasons to Believe အဖွဲ့အစည်းကိုတော့ ကနေဒါနိုင်ငံဖွား ရူပနက္ခတဗေဒပညာရှင် Hugh Ross က ၁၉၈၆ ခုနှစ်တွင် တည်ထောင်ခဲ့ပါသည်။ စာဖတ်သူသည် နက္ခတဗေဒကိုစိတ်ဝင်စားသူဆိုလျှင် သူ၏ စာအုပ်များနှင့် ဆောင်းပါးများသည် သင့်အတွက် အထောက်အကူဖြစ်နိုင်ပါသည်။ ဆရာကြီး Hugh Ross သည် အထက်က ဆရာကြီး Francis Collins နှင့်မတူသည့်အချက်မှာ ဇီဝဗေဒဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်းသိပ္ပံသီအိုရီကို အပြည့်အဝ လက်မခံပေ။ ထို့ကြောင့် Reasons to Believe သည် “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ဖန်ဆင်းခြင်း ဝါဒ” ကို အဓိကဖြန့်ဝေပေးနေသည့် OEC အဖွဲ့အစည်းတခုဖြစ်ပါသည်။ နောက်ဆုံးတခုဖြစ်သည့် The Natural Historian ကိုတော့ University of Akron ရှိ ဇီဝဗေဒပါမောက္ခတဦးဖြစ်သည့် Joel Duff က တည်ထောင်ခဲ့ပါသည်။ ၎င်းသည် ပရက်စဘီတေးရီးယန်းခရစ်ယာန်တဦးဖြစ်ပြီး Calvaisim ဝါဒီတဦးလည်း ဖြစ်သည်။ သူ၏ အဖွဲ့အစည်းမှာမူ BioLogos နှင့် Reasons To Believe လောက် လူသိမများသော်လည်း ၎င်း၏ဝက်ဘ်ဆိုဒ်တွင် ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒနှင့်ပတ်သက်၍ အလွန်အဖိုးတန်သော စာပေအရင်းအမြစ်များစွာရှိသည့်အတွက် စာဖတ်သူများအား ဗဟုသုတများစွာရစေမည်မှာ အသေအချာပင်။ စာဖတ်သူများအနေဖြင့် ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (OEC) အား ပိုမိုလေ့လာလိုပါက ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။       BioLogos — https://biologos.org

၂။       Reasons To Believe — https://reasons.org

၃။       The Natural Historian — https://thenaturalhistorian.com

စာဖတ်သူသည် ဒဿနိကပညာရပ် (Philosophy) ကို စိတ်ဝင်စားသူဖြစ်ပါက ၂၁ ရာစုတွင် သက်ရှိထင်ရှားရှိနေသော ခရစ်ယာန်ဒဿနိကပညာရှင်တဦးရှိပါသေးသည်။ Dr.William Lane Craig ဟူသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။ သူသည်လည်း ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒီသမားတဦး (Old Earth Creationist)ဖြစ်ပြီး သူ၏ ဆောင်းပါးများနှင့် စာအုပ်များသည် သင်၏အတွေးအခေါ်စွမ်းရည်မြင့်မားလာအောင် လေ့ကျင့်သင်ကြားပေးနိုင်သည်ဟု ယုံကြည်ပါသည်။ စာရေးသူ ဤစာကိုရေးနေသည့်အချိန်တွင် Dr.Craig သည် Houston နှစ်ခြင်းခရစ်ယာန်တက္ကသိုလ်တွင် ဒဿနိကဗေဒ ပါမောက္ခအဖြစ်လည်းကောင်း၊ Talbot School of Theology (Biola University) ၌လည်း ဒဿနိကဗေဒ သုတေသီတဦးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်လျက်ရှိပါသည်။ Dr.Criag သည် ဘုရားသခင်တည်ရှိကြောင်း ခုခံချေပရာ၌ သူ၏ Kalam Cosmological Argument များဖြင့် လူသိများထင်ရှားကျော်ကြားပါသည်။ ၎င်းသည် Calvinism အယူကို ငြင်းပယ်သူဖြစ်ပြီး Molinism အယူကို ထောက်ခံအားပေးသည့် ခရစ်ယာန်တဦးဖြစ်သည်။ သူသည် ကမ္ဘာဦးကျမ်းစာအား စာသားအတိုင်းအနက်ပြန်ဆိုခြင်းကို အားမပေးဘဲ အဘယ့်ကြောင့် ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒကို ခရစ်ယာန်များ စွဲကိုင်သင့်ကြောင့် ကျိုးကြောင်းပြလျက် တိုက်တွန်းနှိုးဆော်လေ့ရှိသည်။ သူသည် Reasonable Faith Ministry ကို တည်ထောင်ခဲ့ပြီး ၎င်း၏တရားဝင်ဝက်ဘ်ဆိုဒ်မှာ Reasonable Faith with William Lane Craig — https://www.reasonablefaith.org ဖြစ်ပါသည်။ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒကို စွဲကိုင်သော လူသိများထင်ရှားသည့် အခြားသောခရစ်ယာန် Apologist များမှာ Professor John Lennox နှင့် Dr.Frank Turek တို့ဖြစ်ကြပါသည်။ Professor John Lennox သည် သင်္ချာပညာရှင်တဦးဖြစ်ပြီး University of Oxford တွင်လည်း သင်္ချာပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏ Seven Days that divide the world: The Beginning according to Genesis and Science ဟူသည့်စာအုပ်ထဲတွင် အဘယ်ကြောင့် ကမ္ဘာဦးကျမ်းစာအား စာသားအတိုင်းအနက်ပြန်ဆိုခြင်း မပြုသင့်ကြောင်းဖော်ပြထားပြီး ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒကို အချက်အလက်များစွာဖြင့်တင်ပြထားသည့်အတွက် ဖတ်ရှုလေ့လာပါက ဗဟုသုတများစွာရရှိမည်ဖြစ်သည်။ Dr.Frank Turek သည်လည်း ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒီတဦးဖြစ်ပြီး သူ၏ I don’t have enough faith to be an Atheist စာအုပ်နှင့် Stealing from God စာအုပ်တို့ကို ဖတ်ရှုလေလာသင့်ပေသည်။ ထိုစာအုပ်များထဲမှ ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းညီညွတ်စွာ မည်ကဲ့သို့ ခုခံကာကွယ်ရမည်ကို စာဖတ်သူတို့ လေ့လာမှတ်သားအသုံးချနိုင်မည်မှာ မလွဲဧကန်ပင်။

နိဂုံး

ယခုတွင် ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒဆိုသည်မှာ အဘယ်အရာဖြစ်သနည်းဟူသည့်အကြောင်းအရာနှင့် OEC အယူဝါဒအမျိုးမျိုးဖြစ်ပေါ်လာပုံသမိုင်းကြောင်းများကို လေ့လာခဲ့ကြသည့်အခါ အထက်ပါဓမ္မပညာရှင်၊ သိပ္ပံပညာရှင်နှင့် ဒဿနိကပညာရှင်များသည် မျက်မှောက်ခေတ် သိပ္ပံပညာနှင့် မတူတူအောင် သမ္မာကျမ်းစာကို အတင်းလိုက်ညှိယူနေကြခြင်း မဟုတ်သည်ကို တွေ့ရှိရပါသည်။ အားလုံးသည် သမ္မာကျမ်းစာ၏အခွင့်အာဏာ (The authority of The Bible) ကို လေးစားလိုက်နာလျက် အထူးသတိပြုကာ ချဉ်းကပ်ကြခြင်းသာဖြစ်ကြပါသည်။ စာရေးသူ၏ OEC ဆောင်းပါးတွဲ၏ နောက်ဆုံးပိုင်းတွင်မူ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒီတို့၏ ယုံကြည်ချက်များကို ဖော်ပြကာ အဆုံးသတ်တော့မည်ဖြစ်ပါသည်။ ယခုဆောင်းပါးသည်လည်း စာဖတ်သူတို့အား များစွာသော ဓမ္မဗဟုသုတ၊ သမိုင်းဗဟုသုတကို ရရှိစေမည်ဟု မျှော်လင့်လျက် စေတနာရှေ့ထား ရေးသားတင်ဆက်လိုက်ရပါတော့သည်။ စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။

ကိုးကားထားသော စာပေအရင်းအမြစ်


– Old Earth Creationism (National Center for Science Education) — https://ncse.ngo/old-earth-creationism

– Old Earth Creationism (Wikipedia) — https://en.wikipedia.org/wiki/Old_Earth_creationism

– The Creation/Evolution Continuum (National Center for Science Education) — https://ncse.ngo/creationevolution-continuum

– Gap Creationism (Wikipedia) — https://en.wikipedia.org/wiki/Gap_creationism

– Day-age Creationism (Wikipedia) — https://en.wikipedia.org/wiki/Day-age_creationism

– Theistic Evolution (Wikipedia) — https://en.wikipedia.org/wiki/Theistic_evolution

– Old Earth (Progressive) Creationism: History and Beliefs (BioLogos) — https://biologos.org/series/science-and-the-bible/articles/old-earth-progressive-creationism-history-and-beliefs

– What is Evolutionary Creation? (BioLogos) — https://biologos.org/common-questions/what-is-evolutionary-creation

– How is Evolutionary Creation different from Evolutionism, Intelligent Design and Creationism? (BioLogos) — https://biologos.org/common-questions/how-is-biologos-different-from-evolutionism-intelligent-design-and-creationism/

– အလင်းမှီ အစာစုဖွဲ့ခြင်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/biology101/bio101_tp9_photosynthesis/

– ချားစ်ဒါဝင် မည်သူနည်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2015/06/13/charles_darwin/

– Why Geology Matters စာအုပ် အနှစ်ချုပ် ( Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2021/01/29/why-geology-matters-summary/

– သိပ္ပံနဲ့ ဘာသာတရားရဲ့ ဆက်ဆံရေး (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2016/07/28/relations-betw-science-and-religion/

– Yom (Hebrew: יום) — Wikipedia — https://en.wikipedia.org/wiki/Yom