Skip to content

အဲဂုတ္တုပြည် သက်ဦးစံပိုင် အာဏာရှင် ဘုရင်၏ လက်အောက်၌ ကျွန်ခံနေရသည့် ဖိနှိပ်ခံလူတန်းစားများ၏ ငိုကြွေးသံ အော်ဟစ်သံများနှင့် ခံစားချက်များအား ဘုရားသခင် ကြားသကဲ့သို့ သိလည်း သိသည်၊ နားလည်းလည်သကဲ့သို့ အရေးတယူလုပ်သည်ကိုလည်း မြင်တွေ့ရသည်မှာ ထွက်မြောက်ရာကျမ်းသည် သက်သေပင် …

ဘုရားသခင်သည် မတရားသောသူတို့၏ တဖက်၌ ရပ်တည်ခြင်း၊ ထိုအမှုအရာများနှင့် ဆန့်ကျင်ခြင်းကို သမ္မာကျမ်းစာတွင် မြင်တွေ့ရသကဲ့သို့ ဖိနှိပ်ခံ နာကျင်နေရသူများ၊ မတရားမှု အဓမ္မအမှုအရာများကြောင့် ငိုကြွေးမြည်တမ်းနေသူများနှင့်လည်း အတူရှိကြောင်းကိုပင် နားလည်ရပေသည်။

ထို့ကြောင့်လည်း သမ္မာကျမ်းစာတလျှောက်လုံးကို ကြည့်မည်ဆိုလျှင် မတရားသောအမှုများအတွက်ဖြစ်စေ၊ မှားယွင်းသော အမှုများအတွက်ဖြစ်စေ၊ အမျိုးမျိုးသော သမ္မာတရားနှင့်မညီသော အဓမ္မအမှုအရာများအတွက်ဖြစ်စေ နှုတ်ကိုဖွင့်ကာ သတိပေးစေခြင်း၊ အမူအရာအားဖြင့် ပြသစေခြင်း၊ ပြင်းထန်စွာ ကြိမ်းပစေခြင်း စသဖြင့် တွေ့ရှိရသည်မှာ အာမုတ်၊ ယောန၊ ရှမွေလ၊ နာသန်၊ ယောဟန်တို့ကလည်း သက်သေထူနေသည်။

ထိုရှုထောင့်များကိုကြည့်လျှင် အဓမ္မဘက်၌ မရပ်တည်ဘဲ ဓမ္မဘက်၌ ရပ်တည်သော ပရောဖက်များ၊ တမန်တော်များဟုပင် ဆို၍ရသေး၏။ ထိုသူများသည် အာဏာရှင် ဘုရင်များ၏ အမှားများ၊ မတရားမှုများ အသီးသီးတို့အား ထုတ်ဖော်ပြောဆိုကာ အဓမ္မအမှုအရာများ၏ ဆန့်ကျင်ဘက်၌ ရဲရင့်ပြတ်သားစွာ ရပ်တည်ခဲ့ကြရသူများပင်ဖြစ်ကြသကဲ့သို့ ဖိနှိပ်ခံလူတန်းစားများကိုယ်စား နှုတ်ကိုဖွင့်ခြင်း၊ ထိုသူတို့၏ အမှုကိုစောင့်ခြင်း၊ တရားသဖြင့် စီရင်ခြင်းတို့ပင် … တနည်းဆိုရလျှင် မတရားမှုကြောင့် နာကျင်ခံစားနေရသည့် ဆင်းရဲငတ်မွတ်သူများ၊ စကားပင်ပြောခွင့်မရှိအောင် ဖိနှိပ်ခံရသူများ၏ အမှုကိုစောင့်ခြင်းလည်း ဖြစ်ချေသည်။ ရှင်ယောဟန်ဆိုလျှင်လည်း ဟေရုဒ်မင်းကြီး၏ မလုပ်သင့်သော အမှုအရာအား နှုတ်ကိုဖွင့်ကာ ထောက်ပြပြောဆိုသဖြင့် ဖမ်းဆီးခြင်းကိုပင် ခံခဲ့ရပေသည် မဟုတ်ပါလား …

အထက်ပါအကြောင်းအရာများအား ဆင်ခြင်ကြည့်မည်ဆိုလျှင် ခေတ်အဆက်ဆက်မှ ထာဝရဘုရား၏ ပရောဖက်များ၊ တမန်တော်များ၊ ရှေးဘိုးဘေးတို့သည် မိမိတို့ဖာသာ ကျမ်းစာဖတ်ခြင်း၊ ပရောဖက်ကျောင်းများ၊ အသင်းတော်များ၌သာ ဒူးနှန့်၍ နေနိုင်ကြသကဲ့သို့ တရားဟောခြင်းတို့ကိုသာ လုပ်ဆောင်လျှင် ရပါသော်လည်း ထိုသို့မဟုတ်ခဲ့။ အားနည်းသူများ၊ နာကျင်နေရသူများအတွက် နှုတ်ကိုဖွင့်ခဲ့ကြသည်။ တနည်းဆိုရသော် ဘုရားသခင် မနှစ်သက်သည့် အရာများအား ထုတ်ဖော်ပြောကြားကာ အဓမ္မအမှုများကို ဆန့်ကျင်၍ ဓမ္မဘက်၌ ရပ်တည်ခဲ့ကြပေသည် မဟုတ်ပါလား …

ယေရမိအနာဂတ္တိကျမ်း ၂၂:၃
ထာဝရဘုရားမိန့်တော်မူသည်ကား၊ တရားသဖြင့် စီရင်၍ ဖြောင့်မတ်စွာ ဆုံးဖြတ်ကြလော့။ လုယူခြင်းခံရသော သူကို ညှဉ်းဆဲသောသူ၏ လက်မှ ကယ်နှုတ်ကြလော့။ ဧည့်သည်ဖြစ်သောသူ၊ မိဘမရှိသောသူ၊ မုဆိုးမတို့ကို မတရားသဖြင့်မပြု၊ မညှဉ်းဆဲကြနှင့်။ အပြစ်မရှိသော သူတို့ကို ဤအရပ်၌ မကွပ်မျက်ကြနှင့်။

ထိုအမှုအရာများအားကြည့်လျှင် သမ္မာကျမ်းစာထဲ၌ မြင်တွေ့ရသည့် ခေတ်အဆက်ဆက်မှ ပရောဖက်များသည်လည်း နိုင်ငံများ၊ ရှင်ဘုရင်များ၏ လွဲမှားနေခြင်း၊ မတရားမှုများ၊ အဓမ္မမှုများအား ပြောဆိုထောက်ပြကာ နှုတ်ကိုဖွင့်ခြင်းဖြစ်သည်။ တနည်းဆိုရလျှင် ထာဝရဘုရားသခင်ကိုယ်တော်တိုင်ပင်လျှင် သူ၏ လူများအား ပြောဆိုရန် စေလွှတ်ခဲ့ခြင်းလည်းဖြစ်သည်။ ဤအချက်များသည်ပင်လျှင် ဓမ္မနှင့် အဓမ္မကွဲပြားစွာ ရပ်တည်ခြင်းမည်နေပေသည် မဟုတ်ပါလား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။