ချစ်လှစွာသောစာဖတ်သူ .. ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရများဖြစ်သည့် Gap Creationism ဟုခေါ်သည့် “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ”၊ “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ”၊ “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”၊ “Theistic Evolutionism” ဟူသည့် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ”၊ “Evolutionary Creationism” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ”၊ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း” နှင့် Gap Creationism ဟူသော “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” ၏ သမိုင်း စသည့်အကြောင်းများကို ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၁)၊ (၂)၊ (၃) နှင့် (၄) တို့တွင် ပြည့်စုံစွာဖော်ပြခဲ့ပြီးဖြစ်ပါသည်။ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း” အနက် ကျန်ရှိနေသေးသော သမိုင်းများကို ဆက်လက်လေ့လာကြရအောင်။
“Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ” နှင့်
“Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”များ၏ သမိုင်း
“ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ” နှင့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ” သည် ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်း ” နေ့ ” ဟူသည့် ဟေဗြဲဘာသာစကား יום (Yom) အား စာသားအတိုင်း တိုက်ရိုက်အနက် မပြန်ဆိုဘဲ ပုံဆောင်ချက် အနက်ပြန်ဆိုခြင်း (Figurative view)မှ ဆင်းသက်လာသည်ကို ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ယင်းအယူအဆကို ကနဦးအသင်းတော်၌ အဆိုပြုခဲ့သူ အသင်းတော်ဖခင်တဦးရှိခဲ့ပါသည်။ ၎င်းမှာ ပထမ ၅ ရာစုနှစ်အတွင်း ကနဦးအသင်းတော်ဖခင်တွေထဲက တဦးဖြစ်သည့် ဩဂတ်စ်တင်း (Augustine of Hippo) ပါ။ စင်စစ် သူသည် ထိုခေတ်အခါက အတွေးအခေါ်ပညာရှင်တဦး (Philosopher) လည်းဖြစ်ပါသည်။ ဘုန်းတော်ကြီး ဩဂတ်စ်တင်း၏ “God is not the parent of evils” ဟူသည့် ဒဿနသည် မကောင်းမှုတည်ရှိခြင်းပြဿနာ(The Problem of Evil)ကို ဖြေရှင်းပြရာတွင် နာမည်ကျော်ခဲ့သည့် ခရစ်ယာန် ဒဿနတခုလည်းဖြစ်ပါသည်။ ဘုန်းတော်ကြီး၏ The City of God စာအုပ်ထဲ၌ သမ္မာကျမ်းစာပါ ကမ္ဘာဦးကျမ်းထဲရှိ ဖန်ဆင်းခြင်း ၆ ရက်၏ ပထမနေ့၊ ဒုတိယနေ့ စသဖြင့် ” နေ့ ” များကို ၂၄ နာရီနှင့်ညီမျှသော တနေ့/တရက်အဖြစ် စာသားအတိုင်း အနက်ပြန်၍မရ ဟုရေးသားခဲ့ပါသည်။ သာ၍ထူးခြားသည့်အချက်မှာ အာဒံနဲ့ဧဝသည် စျာန်မလျှောခင် ဖန်ဆင်းစကတည်းကပင် သေမျိုး ဖြစ်သည်ဟူ၍ ထိုအချိန်ကတည်းက ဩဂတ်စ်တင်းမှ အဆိုပြုခဲ့ပါသည်။ ဘုန်းတော်ကြီးဩဂတ်စ်တင်းတို့ခေတ်၌ ခေတ်သစ်သိပ္ပံပညာ မထွန်းကားသေးသည်ကို အားလုံးသိပြီးဖြစ်သည် မဟုတ်ပါတကား။ ထိုသို့ဆိုလျှင် ဩဂတ်စ်တင်းသည် အဘယ့်ကြောင့် စာသားအတိုင်း အနက်ပြန်၍မရဟု ဆိုခဲ့ပါသနည်း။ ဩဂတ်စ်တင်းက ဖန်ဆင်းခြင်းနေ့ရက်များကို စာသားအတိုင်းအနက်ပြန်ဆိုခြင်းအား ကမ္ဘာဦးကျမ်းကို၌ကပင်(Genesis itself) အားမပေးပါဟု ထောက်ပြခဲ့ပါသည်။ ဘုန်းတော်ကြီး ဩဂတ်စ်တင်း ထောက်ပြသည့်အချက်မှာ ကမ္ဘာဦးကျမ်း၌ ” နေ ” (Sun) ကို စတုတ္ထမြောက်နေ့မှ စတင်ဖန်ဆင်းခဲ့သည့်အတွက် ပထမ ၃ ရက်အား ၂၄ နာရီနှင့် ညီမျှသော နေ့တနေ့အဖြစ် စာသားအတိုင်းအနက်ပြန်၍မရခြင်းဖြစ်သည်ဟု ယုတ္တိရှိရှိထောက်ပြခဲ့ပါသည်။ စင်စစ်သည် သူသည်လည်း ဓမ္မပညာရှင်သာမက ဒဿနပညာရှင်လည်း ဖြစ်သည် မဟုတ်ပါတကား။ ယုတ္တိ(Logic)ကို ဖန်ဆင်းတော်မူသော ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ယုတ္တိကျရမည်ဟု ဩဂတ်စ်တင်း တွေးထင်ယူဆခဲ့ပေလိမ့်မည်။ ၁ ရက်သည် ၂၄ နာရီနှင့်ညီမျှသည်ဟူသည့်အယူအဆသည် ထိုခေတ်အခါက နေဗဟိုပြု၍ အီဂျစ်လူမျိုးများမှ အစပြုကာ လူသားတို့ ဖန်တီးတွက်ချက်ခဲ့ကြခြင်း မဟုတ်ပါတကား။ “နေ” မရှိသေးသည့် ပထမ ၃ ရက်ရှိ တရက်တာအား ၂၄ နာရီနှင့် ညီမျှသော နေ့တနေ့အဖြစ် အနက်ပြန်ဆိုခြင်းမှာ ယုတ္တိမကျဟု သူတွေးထင်ခဲ့သောကြောင့် ထိုသို့ ထောက်ပြရေးသားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် နေကို မဖန်ဆင်းရသေးသည့် ပထမ ၃ ရက်ရှိ יום (Yom) ကို ၂၄ နာရီ/၁ ရက်အဖြစ်အနက်ပြန်ဆိုရမည်ဟု မည်သည့်အချက်ကို အခြေခံ၍ အနက်ပြန်ကြပါသနည်း။ စာသားအတိုင်းသာ တိုက်ရိုက်အနက်ပြန်ဆိုရမည်ဆိုသူတို့သည် အမှန်တကယ်ရော ၎င်းတို့ကိုယ်တိုင်ပြောနေကြသည့်အတိုင်း ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းနေ့ရက်များအား စာသားအတိုင်း တဆိုက်မတ်မတ် အနက်ပြန်ဆိုပါရဲ့လား၊ ကိုယ်လိုသလို အနက်အဓိပ္ပါယ်ဆွဲယူနေခြင်းလားဟူသည်မှာ မေးခွန်းပြန်ထုတ်စရာ ဖြစ်နေပါသည်။
သိပ္ပံပညာ တိုးတက်ထွန်းကားသည့်ခေတ်ရောက်လာသည့်အခါတွင် ဖန်ဆင်ခြင်းနေ့ရက်များအား ၂၄ နာရီနှင့် ညီမျှသော ၁ ရက်အဖြစ် အနက်မပြန်သင့်ဟူသော အယူအဆသည် ပို၍ အခြေခိုင်လာပါသည်။ စကော့တစ်ရှ်လူမျိုး ဘူမိဗေဒပညာရှင် ချားလ်စ် လိုင်ယယ် (Charles Lyell) သည် ခရစ်နှစ် ၁၈၃၀ မှ ၁၈၃၃ ခုနှစ်အတွင်းတွင် ဘူမိဗေဒနိယာမများ (Principles of Geology) ဟူသည့် ဖတ်စာအုပ်ကြီးတအုပ်ကို ထုတ်ဝေခဲ့ပါသည်။ သူက “ဘူမိဖြစ်ရပ်များသည် တားဆီးမရ နှေးကွေးစွာ ဖြစ်ပေါ်သည်” ဟူသော အယူအဆကို “သဘာဝဖြစ်ပျက်နှုန်း၏ တသမတ်တည်းဖြစ်မှု” (Uniformitarianism) ဟု နာမည်ပေးခဲ့ပါသည်။ ယနေ့ခေတ်မှာ မြေဆီလွှာဖြစ်စဉ်များ၊ အနည်ကျဖြစ်စဉ်များ၊ ရေတိုက်စားဖြစ်စဉ်များသည် နှေးကွေးစွာနှင့် တရွေ့ရွေ့ ဖြစ်ပေါ်နေပါသည်။ မီးတောင်ပေါက်ကွဲသောကြောင့် အချိန်တိုအတွင်း၌ ကျောက်သားအသစ်များ အများကြီး ဖြစ်လာတတ် (Catastrophism) သော်လည်း မီးတောင်ပေါက်ကွဲမှု ဖြစ်စဉ်ကိုယ်၌ကလည်း တခါတလေမှ ဖြစ်တတ်သည့် သဘောပါ။ ထို့ကြောင့် သဘာဝ ဖြစ်ပျက်နှုန်းများသည်လည်း ပျမ်းမျှချကြည့်လိုက်ပါက တစ်ကမ္ဘာလုံး၌ တသမတ်တည်း ဟူ၍ဖြစ်ပါသည်။ စင်စစ် ဘူမိဗေဒတစ်ခုလုံးသည် uniformitarianism ကို အများကြီး မှီခိုထားပါသည်။ မျက်မှောက်ခေတ်တွင် Day-age Creationism သို့မဟုတ် Progressive Creatioinism ဘက်မှ မားမားမတ်မတ်ခုခံကာကွယ်ချေပပြောဆိုလေ့ရှိသူမှာ နက္ခတ္တဗေဒပညာရှင် ဒေါက်တာ ဟျုရော့စ် (Dr.Hugh Ross) ဆိုသည့် ပုဂ္ဂိုလ်ဖြစ်ပါသည်။
နိဂုံး
ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၆) တွင်မူ “Theistic Evolutionism” ဟူသည့် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ” နှင့် “Evolutionary Creationism” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ” များ၏ သမိုင်း အကြောင်းကို ဖော်ပြပေးမည်ဖြစ်သောကြောင့် ဆက်လက်၍ ဖတ်ရှုလေ့လာကြဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။ စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။
ကိုးကားထားသော စာပေအရင်းအမြစ်
– Old Earth Creationism (National Center for Science Education) — https://ncse.ngo/old-earth-creationism
– Old Earth Creationism (Wikipedia) — https://en.wikipedia.org/wiki/Old_Earth_creationism
– The Creation/Evolution Continuum (National Center for Science Education) — https://ncse.ngo/creationevolution-continuum
– Gap Creationism (Wikipedia) — https://en.wikipedia.org/wiki/Gap_creationism
– Day-age Creationism (Wikipedia) — https://en.wikipedia.org/wiki/Day-age_creationism
– Theistic Evolution (Wikipedia) — https://en.wikipedia.org/wiki/Theistic_evolution
– Old Earth (Progressive) Creationism: History and Beliefs (BioLogos) — https://biologos.org/series/science-and-the-bible/articles/old-earth-progressive-creationism-history-and-beliefs
– What is Evolutionary Creation? (BioLogos) — https://biologos.org/common-questions/what-is-evolutionary-creation
– How is Evolutionary Creation different from Evolutionism, Intelligent Design and Creationism? (BioLogos) — https://biologos.org/common-questions/how-is-biologos-different-from-evolutionism-intelligent-design-and-creationism/
– အလင်းမှီ အစာစုဖွဲ့ခြင်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/biology101/bio101_tp9_photosynthesis/
– ချားစ်ဒါဝင် မည်သူနည်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2015/06/13/charles_darwin/
– Why Geology Matters စာအုပ် အနှစ်ချုပ် ( Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2021/01/29/why-geology-matters-summary/
– သိပ္ပံနဲ့ ဘာသာတရားရဲ့ ဆက်ဆံရေး (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2016/07/28/relations-betw-science-and-religion/
– Yom (Hebrew: יום) — Wikipedia — https://en.wikipedia.org/wiki/Yom
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Doubting Thomas နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။