Skip to content

ချစ်လှစွာသောစာဖတ်သူ … ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ အကြောင်း ကျွန်ုပ်တို့လေ့လာခဲ့ကြသည်မှာ ယခုဆိုလျှင် အပိုင်း (၄) သို့ရောက်ရှိလာခဲ့ပြီပဲဖြစ်ပါသည်။ တနည်းဆိုသော် ဤဆောင်းပါးတွဲ၏ တဝက်တိတိကို လေ့လာပြီးတော့မည်ဖြစ်ပါသည်။ ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒသည် မြန်မာနိုင်ငံခရစ်ယာန်အသိုင်းအဝိုင်းတွင် အများစုအတွက် အစိမ်းသက်သက်ပင်ဖြစ်ပါသည်။ အချို့အတွက်လည်း ကြားဖူးနားဝသာ ဖြစ်ကောင်းဖြစ်ပေမည်။ အချို့အတွက်လည်း မိမိတို့ ယုံကြည်ခံယူနှင့်ပြီးသော အယူဝါဒတခုလည်း ဖြစ်ကြောင်းဖြစ်နေနိုင်ပါသည်။ သို့သော် ဤကမ္ဘာဦးဆိုင်ရာခရစ်ယာန်အယူဝါဒများကို မြန်မာဘာသာစကားဖြင့်ရေးသားထားသော စာပေများကို များများစားစားမတွေ့ဖူးပေ။ ဤခေါင်းစဉ်များကိုလေ့လာလိုပါက အင်္ဂလိပ်လိုရှာဖတ်မှသာလျှင် စုံစုံလင်လင်ဖတ်ရှုနိုင်ပေမည်။ စာရေးသူကိုယ်တိုင်လည်း မြန်မာလိုရှာမတွေ့သောကြောင့်သာ ဤအကြောင်းအရာများကို အင်္ဂလိပ်ဘာသာစကားဖြင့် အချိန်အတော်ကြာလေ့လာမှတ်သားခဲ့ရသည်။ သဘောက အင်္ဂလိပ်စာမှ မတတ်လျှင် ဤအကြောင်းအရာများကို လေ့လာခွင့်ရှိမည်မဟုတ်ပါ။ ထိုသို့ မဖြစ်ကောင်းရာ။ မြန်မာလိုမရှိက ရှိအောင်လုပ်ရပါမည်။ အင်္ဂလိပ်စာ မတတ်လည်း မြန်မာခရစ်ယာန်တိုင်း လေ့လာခွင့်ရှိရပါမည်။ ထို့ကြောင့်ပင် ဤဆောင်းပါးတွဲများကို စာရေးသူ ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ၊ အချိန်ကုန်ခံ၍ မြန်မာလို ရေးသားပြုစုဖြစ်ခဲ့ပြီး λόγος ဝက်ဘ်ဆိုက်တွင် အခမဲ့ ဖြန့်ဝေခဲ့ခြင်းဖြစ်ပါသည်။ ဤအရာသည် စာရေးသူ ကိုးကွယ်သော ဘုရားရှင် သခင်ယေရှုခရစ်၏စိတ်နှလုံးတော် ကျေနပ်တော်မူစေရန်နှင့် စာဖတ်သူ၏အကျိုးကို ရှုမျှော်၍ အားစိုက်ထုတ်ဖြစ်ခဲ့ခြင်းဖြစ်ပါသည်။ ထို့ကြောင့်  λόγος ရှိဆောင်းပါးများအားလုံးကို မူရင်းစာရေးသူများက မူပိုင်ခွင့်အပြည့်အဝရှိပြီး အချိန်မရွေးစာအုပ်ထုတ်ဝေနိုင်သောကြောင့်  မိမိတို့ λόγος ကို သင့်တင့်လျောက်ပတ်သောချီးကျူးဂုဏ်ပြုမှုမပေးဘဲ ဤဆောင်းပါးတွဲရှိစာသားများအား ကူးယူ၍ အခြားနေရာများတွင် ကိုယ်တိုင်ရေးသားထားသည့် ပုံစံဖြင့် မဟုတ်မမှန်ဟန်ဆောင်ဖော်ပြခြင်း၊ စာအုပ်၊ မဂ္ဂဇင်းများထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြဖို့ရန် မေတ္တာရပ်ခံလိုပါသည်။ ထိုကဲ့သို့ လက်လွတ်စပယ် ကူးယူဖော်ပြမှုများ၊ ရောင်းဝယ်ဖောက်ကားမှုများကို စာဖတ်သူအနေဖြင့် အခြားသောနေရာများတွင် တွေ့ရှိခဲ့ပါကလည်း မိမိတို့ λόγος ၏ ဘုရားသခင့်အမှုတော်မြတ်၌ အကျိုးအမြတ် မယူဘဲ ဆက်ကပ်အစေခံမှုကို အသိအမှတ်ပြုသောအားဖြင့် ထိုကဲ့သို့ လုပ်ဆောင်မှုများကို ဝိုင်းဝန်းရှုံချလျက် မိမိတို့ λόγος အား အသိပေးဖို့ရန်လည်း ထပ်လောင်းမေတ္တာရပ်ခံအပ်ပါသည်။ ချစ်လှစွာသောစာဖတ်သူ … ရှေ့အခန်းများ၌ ဖတ်ရှုလေ့လာခဲ့သည်များကို မှတ်မိပါသေးရဲ့လား။ မမှတ်မိပါကလည်း ဝက်ဘ်ဆိုက်ပေါ်မှာ အချိန်မရွေးပြန်လာဖတ်နိုင်ပါသည်။ စာရေးသူဖော်ပြခဲ့ပြီးသော ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒဆိုသည်မှာ မည်ကဲ့သို့သော ဝါဒဖြစ်ကြောင်းနှင့် ၎င်းနှင့် စပ်ဆိုင်သောကွဲပြားသည့်အယူဝါဒအမျိုမျိုးကို ဖတ်ရှုပြီးခဲ့ပါက OEC နှင့်ပတ်သက်သောသိသင့်သိထိုက်သည့် ဝေါဟာရအစုံအလင်ကို နားလည်သဘောပေါက်နိုင်ပါလိမ့်မည်။ ၎င်းတို့ကြားရှိ တူညီမှုများ၊ ကွဲပြားခြားနားမှုများကို ရှင်းရှင်းလင်းလင်းသဘောပေါက်ကာ ကမ္ဘာဦးဆိုင်ရာခရစ်ယာန်အယူဝါဒနှင့် ပတ်သက်၍ မိမိကိုယ်တိုင် မည်သည့် ဝါဒကို ဆွဲကိုင်ရမည်နည်းဆိုသည်ကို စဉ်းစားဆုံးဖြတ်ရွေးချယ်ရာ၌ များစွာအထောက်အကူဖြစ်ပေလိမ့်မည်။

ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း


စာရေးသူ ဖော်ပြခဲ့ဖူးသည့်အတိုင်း မြန်မာနိုင်ငံတွင် ခရစ်ယာန်အများစုသည် ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒီ (YEC) များဖြစ်ကြသည်။ ဥပမာ ဘုရားသခင်သည် အရာခပ်သိမ်းကို ၆ ရက်အတွင်း ဖန်ဆင်းပြီး ၇ ရက်မြောက်နေ့တွင် အနားယူတော်မူသည်၊ ထို ၆ ရက်ရှိ ကမ္ဘာဦး တနေ့တာသည် ၂၄ နာရီနှင့် ညီမျှသောတနေ့ဖြစ်သည်၊ အာဒံအပြစ်မလုပ်ခင်က မည်သည့်သေခြင်းတရားမျှ မရှိခဲ့ပါ၊ နောဧခေတ်တွင် ဘုရားသခင်သည် တကမ္ဘာလုံးကို ရေအောက်ရောက်စေပြီး နောဧနှင့် မိသားစု ၈ ယောက်မှအပ ကျန်ဘုရားစကားနားမထောင်သောသူများအားလုံးအပါအဝင် သင်္ဘောပေါ်တွင် မပါရှိသော သတ္တဝါများနှင့် အပင်များကိုပါ သေစေခြင်း စသည့် Sunday School ကတည်းက သင်ကြားခဲ့ရသည့်အယူအဆများဖြင့်သာ ရင်းနှီးနေခဲ့သည်က ပိုများသည်။ ထို့ကြောင့် မြန်မာခရစ်ယာန်အများစု မကြားဖူးသော အကြောင်းအရာ၊ အယူအဆများကို ပထမဆုံးကြားရသည့်အခါ မိမိတို့ယုံကြည်နှင့်ပြီးသားအရာများနှင့် မတူသည့်အရာများကို မြင်ရ၊ ကြားရ၊ ဖတ်ရပါက ထိုအရာများကို သမ္မာကျမ်းစာနှင့် မကိုက်ညီဟု အများစုက ယူဆတတ်ကြသည်မှာ ကိုယ်တွေ့ပင်ဖြစ်သည်။ စင်စစ်ဤသည်မှာ လူ့သဘာဝပင်ဖြစ်ပေသည်။ ထို့ကြောင့် ဖန်ဆင်းခြင်းနေ့များသည် ၂၄ နာရီ နှင့် ညီမျှသော နေ့တနေ့ မဟုတ်ပါ၊ အာဒံအပြစ်မလုပ်ခင် သေခြင်းတရား(ရုပ်ခန္ဓာ) ရှိနှင့်ပြီးဖြစ်သည်၊ နောဧခေတ် ရေလွှမ်းမိုးခြင်းသည် တကယ်ဖြစ်ပျက်ခဲ့ပါသော်လည်း တကမ္ဘာလုံးလွှမ်းမိုးခဲ့ခြင်းတော့ မဟုတ်ပါ၊ သက်ရှိများသည် ဆင့်ကဲပြောင်းလဲလာခဲ့သည် စသည့် မိမိတို့ ယုံကြည်နှင့်ပြီးသားအရာနှင့် မကိုက်ညီသည့်အရာများကို ကြားရသည့်အခါ ဤယုံကြည်မှုအသစ်များသည် သိပ္ပံပညာထွန်းကားသည့် မျက်မှောက်ခေတ်ကိုရောက်လာမှသာ သမ္မာကျမ်းစာနှင့် မညီညီအောင် အတင်းလုပ်ယူခြင်း(compromise) ဖြစ်သည်၊ ကနဦးအသင်းတော်ဖခင်ကြီးများ၏ ယုံကြည်ခြင်းများသည် မိမိတို့ YEC အယူအတိုင်းပင်ဖြစ်ပြီး ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒီ (OEC) များ၏ အယူအဆများမှာ လစ်ဘရယ်လ်ဆန်သော၊ ကတ်သိုလစ်ဆန်သော၊ သမ္မာကျမ်းစာနှင့် မကိုက်ညီသော အယူအဆများသက်သက်သာဖြစ်သည်ဟု ထင်မြင်ယူဆတတ်ကြပါသည်။ စင်စစ် ထိုသို့ ယူဆချက်မှာ ကျိုးကြောင်းညီညွတ်မှု မရှိသည့်အပြင် သမိုင်းအချက်အလက်များနှင့်ပါ ကိုက်ညီမှု မရှိပါ။ စင်စစ် ကမ္ဘာအိုဖန်ဆင်းခြင်းအယူ(OEC)သည် ကမ္ဘာပျိုဖန်ဆင်းခြင်းအယူ(YEC)ထက်ပင် ပိုမိုရှေးကျခဲ့ပါသည်။ ထို့ကြောင့် အပိုင်း (၁)အပိုင်း (၂) နှင့် အပိုင်း (၃) တို့၌ OEC ဆိုသည်မှာ ဘာဖြစ်ကြောင်း ကျွန်ုပ်တို့ သိခဲ့ပြီ။ ၎င်းအယူဝါဒအောက်ရှိ ကွဲပြားသောအယူအမျိုးမျိုးရှိကြောင်း သိခဲ့ပြီ။ ထိုသို့လျှင် ၎င်းအယူဝါဒတခုချင်းစီ၏ ဖြစ်ပေါ်လာပုံ နောက်ခံသမိုင်းကြောင်းကိုပါ သိမှတ်နားလည်ခဲ့မည်ဆိုလျှင် ဤအကြောင်းအရာများကို လေ့လာရသည်မှာ ပို၍ စိတ်လှုပ်ရှားစရာကောင်းမည် မဟုတ်ပါတကား။ ဦးစွာ Gap Creationism သမိုင်းနှင့် စကြရအောင်။

Gap Creationism ဟူသော ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” ၏ သမိုင်း

အသင်းတော်သမိုင်းအရ ခေတ်သစ်ဘူမိဗေဒပညာရပ်များ မပေါ်ခင် ရှေးပဝေသဏီကပင် ကနဦးအသင်းတော်ဩဝါဒစာစောင်များ ရေးသားသူတို့သည် ကမ္ဘာဦးကျမ်း ၁ : ၁ နှင့် ကမ္ဘာဦးကျမ်း ၁ : ၂ ကြားရှိ ကွာဟနေသောအချိန်ကာလနှင့် ဘုရားသခင်ဖန်ဆင်းနှင့်ပြီးသော မြေကြီးသည် အဆင်း သဏ္ဌာန် မရှိ၊ လွတ်လပ်လဟာဖြစ်နေသည့်အချင်းအရာနှင့် ပတ်သက်၍ အလေးအနက်ထား တွေးတောဆင်ခြင်ခဲ့သည်ကို လေ့လာတွေ့ရှိရသည်။ ယေဘုယျအားဖြင့် ထိုကဲ့သို့ ကမ္ဘာပျက်ကြီးဖြစ်နေသည်ကို စာတန်နှင့် ၎င်း၏အပေါင်းအပါနတ်ဆိုးများ ကမ္ဘာပေါ်သို့ နှင်ထုတ်ခံရအပြီး ဤကမ္ဘာ၌ချယ်လှယ်ကြီးစိုးခဲ့သည်များနှင့် ဆက်စပ်တွေးတောလေ့ရှိခဲ့ကြသည်။ စာရေးသူပြောသည့် ကနဦးအသင်းတော်ဩဝါဒစာစောင်များ ရေးသားသူ အသင်းတော်ဖခင်ကြီးများမှာ “တမန်တော်ကြီးများနှင့်နီးစပ်သော အသင်းတော်ဖခင်ကြီးများ” (Apostolic Fathers) ကို ဆိုလိုပါသည်။ “တမန်တော်ကြီးများနှင့်နီးစပ်သော အသင်းတော်ဖခင်ကြီးများ” ဆိုသည်မှာ ပထမရာစုနှင့် ဒုတိယရာစုနှစ်အတွင်း သက်ရှိထင်ရှားရှိခဲ့သူများဖြစ်ရမည်ဖြစ်ပြီး ၎င်းတို့သည် သခင်ယေရှု၏ တမန်တော် ၁၂ ပါးနှင့် ပုဂ္ဂိုလ်ချင်းရင်းနှီးခဲ့ဖူးသော သို့မဟုတ် တမန်တော်ကြီးများ၏ သွန်သင်ချက်များ သိသိသာသာလွှမ်းမိုးခံရသော အသင်းတော်ခေါင်းဆောင်များဖြစ်ရမည်ဟု သမိုင်းပညာရှင်များကဆိုကြသည်။ ထိုကဲ့သို့ စံချိန်စံညွှန်းများနှင့် ပြည့်စုံသူများကို “တမန်တော်ကြီးများနှင့်နီးစပ်သော အသင်းတော်ဖခင်ကြီးများ” (Apostolic Fathers) ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ၎င်းတို့သည် ဒုတိယရာစုနှင့် တတိယရာစုအတွင်းက ကနဦးအသင်းတော်ဖခင်ကြီးများထက် ယေဘုယျအားဖြင့် ဩဇာပိုကြီးမားသည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏ ဩဝါဒစာစောင်များသည် ကနဦးခရစ်ယာန်ဘာသာဝင်များကြား လွှမ်းမိုးမှုရှိသော်လည်း “ဓမ္မသစ်ကျမ်း” (New Testament) အဖြစ်တော့ ကျမ်းဘောင်သို့ မသွင်းခဲ့ကြပါ။ ထိုကဲ့သို့ Apostolic Fathers များထဲမှ တဦးဖြစ်သည့် ဂရိလူမျိုး အသင်းတော်ဖခင်ကြီး Papias of Hierapolis (အေဒီ ၆၀ – ၁၃၀) က ဤသို့ ရေးသားခဲ့ဖူးသည်။ 

“ဘုရားသခင်က ကောင်းကင်တမန်တချို့ကို  ဤကမ္ဘာမြေကို အုပ်စိုးဖို့ အခွင့်အာဏာကို ပေးခဲ့သော်လည်း သူတို့သည် ဤကမ္ဘာကို ဖရိုဖရဲဖြစ်အောင် အုပ်စိုးခဲ့ကြသည်”  

ဤအရာမှာ ကမ္ဘာမြေပေါ်၌ လူသားများကို ဘုရားရှင်မဖန်ဆင်းမီအချိန်ကပင် ကျဆုံးကောင်းကင်တမန်များချယ်လှယ်ခဲ့သည်ဟူသည့် အယူအဆနှင့် ပတ်သက်၍ အစောဆုံးအရေးအသားတခုဟု ဆိုနိုင်သည်။ တတိယရာစုနှစ်အတွင်း ရောက်လာသောအခါ ကနဦးအသင်းတော်ဖခင်တဦးဖြစ်သည့် Origen Of Alexandria (အေဒီ ၁၈၄ – ၂၅၃) သည် သူ၏ Homilies on Genesis and Exodus စာအုပ်တွင် ကမ္ဘာဦးကျမ်း ၁ : ၁ နှင့် ကမ္ဘာဦးကျမ်း ၁ : ၂ ကြားရှိ ကွာဟနေသောဖန်ဆင်းချိန်ရှိနိုင်ကြောင်း ယူဆပြီး အခန်းငယ် ၁ ရှိ ဖန်ဆင်းခြင်းနှင့် အခန်းငယ် ၂ ရှိဖန်ဆင်းခြင်းဖြစ်ရပ် ၂ ခု မတူ ဟု ပထမဦးဆုံးရေးသားခဲ့သူဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။ ထို့အပြင် အသင်းတော်ဖခင်လည်းဖြစ် သမိုင်းပညာရှင်လည်းဖြစ်သူ Jerome of Stridon (အေဒီ ၃၄၂ – ၄၂၀) ကလည်း လူသားများမရှိခင် ရှေးပဝေသဏီကပင် ဤကမ္ဘာမြေတည်ရှိခဲ့ဖူးပြီး နောင်လည်း ကမ္ဘာတခုပြီးတခုဆက်ရှိနေဦးမည်ဟု Origen ကိုယ်တိုင်က ထိုကဲ့သို့ယူဆခဲ့ကြောင်း သူ၏ စာစောင်တွင် ထည့်သွင်းရေးသားခဲ့ပြန်ပါသည်။ ဤသမိုင်းအချက်အလက်များကို ကြည့်ရှုခြင်းအားဖြင့် Gap Creationism ဟူသော “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” သည် ထိုစဉ်ကတည်းကပင် အစပျိုးခဲ့ပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ကမ္ဘာဦးကျမ်းအား ထိုကဲ့သို့ အနက်ပြန်ခြင်းသည် အလယ်ခေတ်ထိပင် ရှေးခရစ်ယာန်များနှင့် ရင်းနှီးခဲ့ပြီးသော ရှေးကျသည့်အနက်ပြန်ဆိုမှုတခုဖြစ်ပေသည်။ ထို့နောက် ၁၃ ရာစုအရောက်တွင် ကတ်သိုလစ်ဘုန်းတော်ကြီးတပါးဖြစ် ဒဿနပညာရှင်လည်းဖြစ်သည့် Thomas Aquinas (အေဒီ ၁၂၂၅ – ၁၂၇၄) က သူ၏ Summa Theologia စာအုပ်တွင် “ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူခဲ့သည့်အချိန်သည် ပိုရှေးကျပြီး ကမ္ဘာပေါ်တွင် သက်ရှိပန်းမန်များ၊ တောတောင်သဘာဝကို ဖန်ဆင်းသည့် ၆ ရက်မှာမူ ၂၄ နာရီ နှင့်ညီမျှသော နေ့တနေ့အတွင်း ဘုရားရှင်က ပြန်လည် ဖန်ဆင်းယူခဲ့သည်” ဟု ရေးသားခဲ့ပြန်ပါသည်။ သို့သော် ပို၍ ရှေးကျတိုင်း၊ ကနဦးအသင်းတော်ဖခင်ကြီးများက ဤကဲ့သို့ ယုံကြည်တိုင်းလည်း ပို၍မှန်ကန်သည်ဟု စာရေးသူ မဆိုလိုပါ။ အဘယ်ကြောင့်ဆိုသော် အသင်းတော်ဖခင်ကြီးခေတ်၌ ဘူမိဗေဒပညာရပ်များမထွန်းကားသေးသလို သူတို့လည်း ကျွန်ုပ်တို့ကဲ့သို့ ကမ္ဘာဦးကာလ၌ အသက်မရှင်ဖူးခဲ့ပါ။ ကမ္ဘာမြေကြီးရဲ့ ဖွဲ့စည်းတည်ဆောက်ပုံများကိုလည်း ယနေ့ခေတ်ဘူမိဗေဒပညာရှင်များကဲ့သို့ လက်တွေ့ကွင်းဆင်းလေ့လာခဲ့ကြသူများ မဟုတ်ပါ။ သူတို့သည် ကျမ်းစာသားများအပေါ်အခြေခံ၍ သူတို့၏ အတွေးအမြင်များကိုသာ ရေးသားခဲ့ကြခြင်းဖြစ်ပါသည်။ ထို့ကြောင့် သမိုင်းအကြောင်းပြောရင်း စာရေးသူထောက်ပြလိုသည်မှာ Gap Creationism သည် မျက်မှောက်ခေတ် သိပ္ပံပညာထွန်းကားသည့် ကာလရောက်လာမှသာ သမ္မာကျမ်းစာနှင့် မညီညီအောင် အတင်းလုပ်ယူခြင်း(compromise) ဖြစ်သည် ဟု ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒီ(YEC)များက ထင်မြင်လေ့ရှိကြသည်။ ထိုထင်မြင်ချက်များသည် အသင်းတော်သမိုင်းအရ မှန်ကန်မှုမရှိသကဲ့သို့ မိမိတို့ YEC အယူသည်သာ ကနဦးအသင်းတော်ဖခင်ကြီးများ၏ ယုံကြည်ချက်အတိုင်းပင်ဖြစ်သည်ဟု ကြွေးကြော်မှု(claim) မှာလည်း သမိုင်းအချက်အလက်များနှင့်လည်း ကိုက်ညီမှုမရှိကြောင်း စာဖတ်သူအား အသိပေးလိုခြင်းဖြစ်ပါသည်။ Gap Creationism ဟူသော “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” ၏ အထွတ်အထိပ်ကာလမှာမူ ခေတ်သစ်ဘူမိဗေဒပညာရပ်များတိုးတက်ထွန်းကားလာခဲ့သည့် ၁၈ ရာစုအဆုံးပိုင်းနှင့် ၁၉ ရာစုအစပိုင်းကာလများကြား ဖြစ်ပြီး ခရစ်ယာန်များကြား ရေးပန်းစာခဲ့သည်။ အကြောင်းမှာ ၎င်းတို့၏ အနက်ပြန်ဆိုမှုသည် အိုနေပြီဖြစ်သော ကမ္ဘာသက်တမ်းနှင့် ကိုက်ညီမှုရှိသောကြောင့်ဖြစ်သည်။ သို့သော် ခေတ်သစ် ကမ္ဘာပျိုဖန်ဆင်းခြင်း ဝါဒ လှုပ်ရှားမှု (Modern YEC’s movement) အားကောင်းလာမှသာ ယုံကြည်သူများကြား  Mainstream Science မှ သိပ္ပံစာပေများကို ဖတ်ရှုလေ့လာမှုအားနည်းသည်ကတကြောင်း၊ အခြားသောရွေးချယ်စရာ ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒကွဲများရှိလာသည်ကတကြောင်း စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ခရစ်ယာန်ဘာသာဝင်များကြား Gap Creationism သည် မှေးမှိန်လာပြီး ယနေ့တွင် ခရစ်ယာန်အနည်းစုသာ ထိုအယူကို လက်ခံကြတော့သည်။ 

နိဂုံး

 

ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၅) တွင်မူ “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ”   နှင့် “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ”များ၏ သမိုင်း အကြောင်းကို ဖော်ပြပေးမည်ဖြစ်သောကြောင့် ဆက်လက်၍ ဖတ်ရှုလေ့လာကြဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။ စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။

ကိုးကားထားသော စာပေအရင်းအမြစ်


– Old Earth Creationism (National Center for Science Education) — https://ncse.ngo/old-earth-creationism

– Old Earth Creationism (Wikipedia) — https://en.wikipedia.org/wiki/Old_Earth_creationism

– The Creation/Evolution Continuum (National Center for Science Education) — https://ncse.ngo/creationevolution-continuum

– Gap Creationism (Wikipedia) — https://en.wikipedia.org/wiki/Gap_creationism

– Day-age Creationism (Wikipedia) — https://en.wikipedia.org/wiki/Day-age_creationism

– Theistic Evolution (Wikipedia) — https://en.wikipedia.org/wiki/Theistic_evolution

– Old Earth (Progressive) Creationism: History and Beliefs (BioLogos) — https://biologos.org/series/science-and-the-bible/articles/old-earth-progressive-creationism-history-and-beliefs

– What is Evolutionary Creation? (BioLogos) — https://biologos.org/common-questions/what-is-evolutionary-creation

– How is Evolutionary Creation different from Evolutionism, Intelligent Design and Creationism? (BioLogos) — https://biologos.org/common-questions/how-is-biologos-different-from-evolutionism-intelligent-design-and-creationism/

– အလင်းမှီ အစာစုဖွဲ့ခြင်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/biology101/bio101_tp9_photosynthesis/

– ချားစ်ဒါဝင် မည်သူနည်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2015/06/13/charles_darwin/

– Why Geology Matters စာအုပ် အနှစ်ချုပ် ( Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2021/01/29/why-geology-matters-summary/

– သိပ္ပံနဲ့ ဘာသာတရားရဲ့ ဆက်ဆံရေး (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2016/07/28/relations-betw-science-and-religion/

– Yom (Hebrew: יום) — Wikipedia — https://en.wikipedia.org/wiki/Yom