Skip to content

ချစ်လှစွာသောစာဖတ်သူ .. ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရများထဲမှ ၃ ခုဖြစ်သည့် Gap Creationism ဟုခေါ်သည့် “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ”၊  “Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ”နှင့်  “Progressive Creationism” ဟူသည့် “တရွေ့ရွေ့ ဖန်ဆင်းခြင်းဝါဒ” အကြောင်းများကို ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၁) နှင့် (၂) တွင် ပြည့်စုံစွာဖော်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုဝေါဟာရများကို ရှင်းရှင်းလင်းလင်း မသိသေးပါက ယခုဆောင်းပါးအား မဖတ်ခင် အပိုင်း(၁) နှင့် အပိုင်း (၂)ကို ဦးစွာသွားရောက်ဖတ်ရှုပါဟု တိုက်တွန်းပါရစေ။ သို့မဟုတ်လျှင် ဤဆောင်းပါး၌ရေးသားထားသောအကြောင်းအရာများကို စာဖတ်သူ ကောင်းစွာနားလည်နိုင်မည် မဟုတ်ပေ။

Theistic Evolutionism” ဟူသည့် ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ”

Theistic Evolutionism” ကိုလည်း Oxford ကဲ့သို့သော အဘိဓာန်များတွင် သီးသန့်အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိပေ။ သို့သော် National Center For Science Eduction’s website တွင် ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ 

“a theological view in which God creates through the laws of nature. Theistic evolutionists (TEs) accept all the results of modern science, in anthropology and biology as well as in astronomy, physics, and geology. In particular, it is acceptable to TEs that one species give rise to another; they accept descent with modification.”

ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ” ဆိုသည်မှာ ဘုရားသခင်သည် သက်ရှိသက်မဲ့အရာအားလုံးအား သဘာဝနိယာမများကို အသုံးပြုပြီး ဖန်ဆင်းတော်မူခဲ့သည်ဟု ယုံကြည်သော အယူဝါဒဖြစ်ပါသည်။ တနည်းဆိုသော် ဘုရားသခင် အစပြုပေးလိုက်တော်မူသော ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်မျိုး ဖြစ်သည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် သဘာဝနိယာမများ(The Laws of Nature) ကို ဦးစွာဖန်ဆင်းလိုက်သည်။ ထို့နောက်မှ ထိုနိယာမများအားအဖြင့်သာ အချိန်ကာလကြာညောင်းလာသည့်အခါ စကြဝဠာကြီးနှင့် သက်ရှိများ တဖြည်းဖြည်းဆင့်ကဲပြောင်းလဲဖြစ်ပေါ်လာသည်ဟု ခံယူကြသည်။​ ဤအယူအဆသည် သမ္မာကျမ်းစာနဲ့ကိုက်ညီမှုရှိပါရဲ့လားဆိုလျှင် ကိုက်ညီမှုတော့ရှိကောင်းရှိနိုင်ပါသည်။ ယေရမိအနာဂတ္တိကျမ်း ၃၃ : ၂၅ တွင် ဘုရားရှင်သည် ကောင်းကင်နဲ့ မြေကြီး၏ နိယာမအစီအစဉ်များကို စီရင်တော်မူသည်ဟု ဖော်ပြထားသည်ကို တွေ့ရပါသည်။ သို့သော် ဤအယူနှင့်ပတ်သက်၍ မေးခွန်းထုတ်စရာတွေလည်း ရှိပါသည်။ ဥပမာ ဘုရားသခင်သည် သဘာဝနိယာမများဖန်ဆင်းပြီး ထိုအတိုင်းပဲ သူ့ဘာသူ ပစ်ထားလိုက်ရောလား၊ အလိုအလျောက် ဆင့်ကဲပြောင်းလဲသွားရောလား၊ ထိုဖြစ်စဉ်အစအဆုံး၌ ကိုယ်တော်ရှင် လုံးဝမပါဝင်တော့ဘူးလား ဟူသည့်အရာပင်ဖြစ်သည်။​ ထို့ကြောင့် Theistic Evolutionism ကို Deism အယူဝါဒနှင့် အနည်းငယ် ရောထွေးသွားတတ်ကြပါသည်။ Deism အယူဝါဒအရ ဘုရားသာတည်ရှိပြီး ထိုဘုရားသည် မည်သည့်အရာကိုမှ စိတ်မဝင်စား၊ လူ့လောကနှင့် ပါဝင်ပတ်သက်မှု မရှိဟူသည့် အယူမျိုးနှင့် နီးစပ်သွားဟန်တူပါသည်။ သို့သော်လည်း “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်း” ဝါဒီများအနေနှင့် ပြန်လည်ချေပနိုင်သည့်အရာတခုက ဆာလံကျမ်း ၁၄၇ : ၅ တွင် ထာဝရဘုရားရှင်သည် အနန္တဉာဏ်တော်ရှင် ဟူ၍လည်းကောင်း၊ ဓမ္မရာဇဝင်ပထမစောင် ၂ : ၃ တွင် အလုံးစုံကို ထိုးထွင်းသိမြင်တော်မူသော သဗ္ဗညုတဘုရား ဟူ၍လည်းကောင်း၊ အနန္တပညာတော်နှင့်ပြည့်စုံတော်မူသော ဘုရားရှင်ဖြစ်သောကြောင့် သဘာဝနိယာမများကို စဖန်ဆင်းကတည်းက အရာခပ်သိမ်းကို ကြိုတင်သိမြင်ပြီး ဖြစ်သည့်အတွက် တကူးတကပါဝင်ပတ်သက်နေစရာ သို့မဟုတ် အထူးဖန်ဆင်းပြုပြင်နေစရာ လိုမည်မဟုတ်ဘဲ မိမိ၏ ပညာတော်အားဖြင့် ရှေးမဆွကပင် ခွဲခန့်မှတ်သားထားပြီးဖြစ်သည်ဟု တန်ပြန်ချေပကြသည်။ ဤသည်မှာလည်း သမ္မာကျမ်းအရသော်လည်းကောင်း၊ ယုတ္တိဗေဒအားဖြင့် စမ်းစစ်ကြည့်လျှင်သော်လည်းကောင်း အတိုင်းအတာတခုသည် မှန်ကန်နေပြန်ပါသည်။ သို့သော်လည်း ဘုရားသခင်သည် ဤကဲ့သို့ ဖန်ဆင်းတော်မူခဲ့သလား၊​ ထိုကဲ့သို့ ဖန်ဆင်းတော်မူခဲ့သလား၊ မည်ကဲ့သို့ ဖန်ဆင်းတော်မူခဲ့သနည်း ဟူသည်ကို မည်သူမျှ အတိအကျ မသိနိုင်သောကြောင့် မှား၏၊ မှန်၏ မဆုံးဖြတ်နိုင်ချေ။ သေချာသည်မှာ ဤအယူဝါဒတွင် ဖန်ဆင်းရှင် ထာဝရဘုရားသခင်၏ တည်ရှိမှုကို ယုံကြည်လက်ခံပြီး သဘာဝနိယာမများသည် ပြောင်းလဲခြင်းမရှိဘဲ ပုံသေဖြစ်သည်။ ယင်းအယူနှင့် “Atheistic/Naturalistic Evolutionism” ဟူသည့် “ဘုရားမဲ့ ဆင့်ကဲပြောင်းလဲခြင်းဝါဒ” ကွဲပြားခြားနားသည့်အချက်မှာ ဤဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်များ၌ ဘုရားရှင်ပါခြင်း၊ မပါခြင်း ဟူသည့်အချက်သာဖြစ်ပြီး ကျန်သည့်အရာမှာ မျက်မှောက်ခေတ် သိပ္ပံပညာများဖြစ်သော စကြဝဠာဗေဒ၊ ဘူမိဗေဒ၊ ဇီဝဗေဒ စသည့်နယ်ပယ်များမှ ထုတ်ဖော်ထားသော သိပ္ပံသီအိုရီများအတိုင်း အသီးသီးလက်ခံကြပါသည်။ ဘုရားမဲ့ဝါဒီများက အရာအားလုံးသည် အချိန်ကြာလာသည်နှင့်အမျှ သဘာဝ၏ ရွေးချယ်မှုအားဖြင့် သက်ရှိ၊ သက်မဲ့တို့သည် သဘာဝအတိုင်း ဆင့်ကဲပြောင်းလဲလာခဲ့ကြသည်ဟု ယုံကြည်ပြီး ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒီများမှာမူ ထိုသဘာဝရားနှင့် နိယာမများကို ထာဝရဘုရားသခင်က ဖန်ဆင်းခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ကြသည်။ ဤ Theistic Evolutionism အယူဝါဒသည် ဘုရားသခင်ပြုတော်မူသော အံ့ဖွယ် သဘာဝလွန်နိမိတ်လက္ခဏာများနှင့် ပတ်သက်၍ ရှင်းပြရမည့် ဓမ္မစိန်ခေါ်ချက်(Theological Issue)နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ အကြောင်းမှာ miracle ဟူသည့် သဘာဝလွန်နိမိတ်လက္ခဏာများသည် ကျွန်ုပ်တို့ နားလည်ထားသော သဘာဝနိယာမများအားလုံးကို ချိုးဖောက်ပစ်သောကြောင့်ဖြစ်သည်။ ဥပမာ လာဇရုအား သေခြင်းမှရှင်ပြန်ထမြောက်စေခြင်း၊ ပင်လယ်နီ ၂ ခြမ်းကွဲစေခြင်း၊ သခင်ယေရှု၏ ရေမှ စပျစ်ရည်ပြောင်းစေခြင်း စသည့် သဘာဝလွန်နိမိတ်လက္ခဏာများဖြစ်ကြသည်။ ဘုရားသခင်သည် သဘာဝနိယာမများကိုသာ အသုံးပြုပြီး အရာခပ်သိမ်းကို ဖန်ဆင်းသည်ဆိုလျှင် သဘာဝလွန်နိမိတ်လက္ခဏာများမှာ အဘယ်သို့နည်း။

Evolutionary Creationism” ဟူသည့် ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ”


Evolutionary Creationism” ကိုလည်း Oxford ကဲ့သို့သော အဘိဓာန်များတွင် သီးသန့်အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိပေ။ သို့သော် Wikipedia တွင် ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ 

“the religious belief that God as Creator brings about his plan through processes of evolution. It is a type of creationism which, like theistic evolution, accepts modern science, but there are theological differences. Its proponents, who tend to be conservative evangelical Christians, hold that God is actively involved in evolution to a greater extent than theistic evolutionists.”

ဆင့်ကဲပြောင်းလဲ ဖန်ဆင်ခြင်းဝါဒ” ဆိုသည်မှာ သမ္မာကျမ်းစာကို ဘုရားသခင်မှုတ်သွင်းတော်မူသော နှုတ်ကပတ်တော်အဖြစ် လက်ခံယုံကြည်ကြပြီး သိပ္ပံပညာကိုတော့ ဘုရားသခင်ဖန်ဆင်းသော ဤသဘာဝလောကအကြောင်းကို နားလည်နိုင်သော လမ်းစဉ်အဖြစ်ယုံကြည်သည်။ ထို့အပြင် ဇီဝဗေဒဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်း သိပ္ပံသီအိုရီသည် ဤကမ္ဘာမြေကြီးပေါ်၌ သက်ရှိ၊ သတ္တဝါ၊ သစ်ပင်ပန်းမန် မျိုးစိတ်ပေါင်းများစွာ မည်ကဲ့သို့ ပြောင်းလဲဖြစ်ပေါ်လာသည်ကို ရှင်းပြပေးနိုင်သော သိပ္ပံနည်းကျသည့် အကောင်းဆုံးရှင်းလင်းချက်အဖြစ် ယုံကြည်သော အယူဝါဒဖြစ်သည်။ ယင်းအယူဝါဒသည် Theistic Evolutionism နှင့် အလွန်ဆင်တူသော်လည်း ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်၌ ဘုရားသခင်၏ ပါဝင်ပတ်သက်မှု အတိုင်းအတာပမာဏကို လက်ခံပုံ၌ အနည်းငယ်ကွဲပြားကြသည်။ Evolutionary Creationism (EC) ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်ခြင်းဝါဒ” ၌ ဘုရားသခင်သည် ဤလူ့လောက၌ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်မှုရှိပြီး အရာအားလုံးကို သဘာဝနိယာမတခုတည်းဖြင့်သာ ဖန်ဆင်းသည်ဟူသည်ကို ငြင်းပယ်ပြီး ဘုရားရှင်သည် သင့်တင့်လျောက်ပတ်သည့်အချိန်တိုင်းတွင်လည်း အလိုတော်ရှိတော်မူသကဲ့သို့ သဘာဝလွန်နိမိတ်လက္ခဏာများကို ပြုတော်မူသည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်ခြင်းဝါဒီ” သမားများသည် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်း ဝါဒီ” သမားများ ကြုံတွေ့ရသည့် သဘာဝလွန်နိမိတ်လက္ခဏာနှင့် ပတ်သက်သော စိန်ခေါ်ချက်နှင့် မကြုံရတော့ပေ။ “ဆင့်ကဲပြောင်းလဲ ဖန်ဆင်ခြင်းဝါဒီ” သမားများသည် မျက်မှောက်ခေတ် သိပ္ပံပညာများဖြစ်သော စကြဝဠာဗေဒ၊ ဘူမိဗေဒ၊ ဇီဝဗေဒ စသည့်နယ်ပယ်များမှ ထုတ်ဖော်ထားသော သိပ္ပံသီအိုရီများအားလုံးကို လက်ခံကြပါသည်။ ထို့ကြောင့် ဤအုပ်စုသည် ဘုရားရှိ၊ ဘုရားမဲ့၊ ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒီသမားများ၊ သိပ္ပံအသိုင်းအဝန်းများ၏ ငြင်းခုံမှုနှင့် ပြစ်တင်ဝေဖန်မှုများကြားမှ လှလှပပ ရုန်းထွက်နိုင်သွားသည်။ သို့သော် ဤအယူအဆ၌ အခြားသော ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒများကဲ့သို့ ဓမ္မစိန်ခေါ်ချက်(Theological Issue) တခုရှိဟန်တူသည်။ ၎င်းမှာ “အာဒံအပြစ်မပြုမှုမီ သက်ရှိတို့၏ ရုပ်ခန္ဓာသေခြင်းတရားရှိသည်” ဟူသည့် အရာကို သမ္မာကျမ်းစာနှင့်ကိုက်ညီပါကြောင်း၊ ဓမ္မစိန်ခေါ်ချက်ပြဿနာမရှိပါကြောင်း သက်သေပြရမည့် စိန်ခေါ်ချက်ပင် ဖြစ်လေတော့သည်။ သို့သော် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်ခြင်းဝါဒီ” သမားများသည် မိမိတို့ယုံကြည်မှု၌ ထိုကဲ့သို့ ဓမ္မစိန်ခေါ်ချက်ပြဿနာ မရှိကြောင်း သမ္မာကျမ်းစာနှင့် ယုတ္တိဗေဒကို အသုံးပြုကာ တန်ပြန်ချေပနိုင်ကြသည်။ ၎င်းတို့၏ တန်ပြန်ချေပချက်ကို နောင်ထွက်ရှိလာဦးမည့် “အာဒံအပြစ်မပြုမီကာလအတွင်း သက်ရှိတို့ရုပ်ခန္ဓာ သေခြင်းတရား ရှိခဲ့သလား” ဟူသည့် ဆောင်းပါး၌သာ အကျယ်တဝင့် လေ့လာကြပါမည်။ ဤသည်မှာ ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒ (OEC) အောက်ရှိ မတူကွဲပြားသော အယူဝါဒများဖြစ်ကြပါသည်။​ သို့သော် အထက်ပါ အယူဝါဒအားလုံးသည် OEC အယူများဖြစ်ကြပါသော်လည်း

အနောက်နိုင်ငံများတွင် Old Earth Creationist (OEC) ဟု သုံးနှုန်းသည့်အခါ “Day-age Creationist” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒီ”နှင့် “Progressive Creationist” ဟူသည့် “တရွေ့ရွေ့ဖန်ဆင်းခြင်း ဝါဒီ” ကိုသာ ရည်ညွှန်းလေ့ရှိပြီး “Theistic Evolutionist” ဟူသည့် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒီ” နှင့် “Evolutionary Creationist” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒီ”များကိုတော့ Theistic Evolutionist (TE) ဟုသာ ခြုံငုံ၍ ခေါ်ဆိုသုံးနှုန်းလေ့ရှိကြောင်း အသိပေးအပ်ပါသည်။

နိဂုံး

ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၄) တွင်မူ “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒများ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း” နှင့် ၎င်းတို့အနက် Gap Creationism ဟူသော ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” ၏ သမိုင်း အကြောင်းကို ဖော်ပြပေးမည်ဖြစ်သောကြောင့် ဆက်လက်၍ ဖတ်ရှုလေ့လာကြဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။ စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။

ကိုးကားထားသော စာပေအရင်းအမြစ်

– Old Earth Creationism (National Center for Science Education) — https://ncse.ngo/old-earth-creationism

– Old Earth Creationism (Wikipedia) — https://en.wikipedia.org/wiki/Old_Earth_creationism

– The Creation/Evolution Continuum (National Center for Science Education) — https://ncse.ngo/creationevolution-continuum

– Gap Creationism (Wikipedia) — https://en.wikipedia.org/wiki/Gap_creationism

– Day-age Creationism (Wikipedia) — https://en.wikipedia.org/wiki/Day-age_creationism

– Theistic Evolution (Wikipedia) — https://en.wikipedia.org/wiki/Theistic_evolution

– Old Earth (Progressive) Creationism: History and Beliefs (BioLogos) — https://biologos.org/series/science-and-the-bible/articles/old-earth-progressive-creationism-history-and-beliefs

– What is Evolutionary Creation? (BioLogos) — https://biologos.org/common-questions/what-is-evolutionary-creation

– How is Evolutionary Creation different from Evolutionism, Intelligent Design and Creationism? (BioLogos) — https://biologos.org/common-questions/how-is-biologos-different-from-evolutionism-intelligent-design-and-creationism/

– အလင်းမှီ အစာစုဖွဲ့ခြင်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/biology101/bio101_tp9_photosynthesis/

– ချားစ်ဒါဝင် မည်သူနည်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2015/06/13/charles_darwin/

– Why Geology Matters စာအုပ် အနှစ်ချုပ် ( Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2021/01/29/why-geology-matters-summary/

– သိပ္ပံနဲ့ ဘာသာတရားရဲ့ ဆက်ဆံရေး (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2016/07/28/relations-betw-science-and-religion/

– Yom (Hebrew: יום) — Wikipedia — https://en.wikipedia.org/wiki/Yom