Skip to content

အချို့သောအဆိုများအရ နေဟမိသည် ပါရှန်တွင်မွေးသော ဂျူးလူမျိုး၊ တနည်းအားဖြင့် ယေရုရှလင်မြို့မှ ခေါ်ဆောင်သွားခြင်းခံရသော “Exile” ဂျူးမိဘနှစ်ပါးမှ ပါရှန်တွင် မွေးဖွားခဲ့သော သူတစ်ဦးဖြစ်သည်။

သေချာစဥ်းစားကြည့်မည်ဆိုလျှင် နေဟမိသည် ယေရုရှလင်ဆိုသည်ကို မြင်ဖူးခြင်း မဟုတ်သကဲ့သို့ ရောက်ဖူးခြင်းမရှိပေ … ဤနည်းတူ ထိုအရပ်ဒေသမှ လူများအားလည်း တွေ့ဆုံဖူးခြင်းလည်း မရှိသည့်အပြင် ရင်းနှီးကျွမ်းဝင်ခြင်းမျိုးလည်း မရှိပါ၊ တိတိကျကျပြောရလျှင်တော့ သူစိမ်းများသာ ဖြစ်ချေဦးလိမ့်သည်။

“ငါသည် သိမ်းသွားခြင်းကို ခံရသော ယုဒလူစုထဲက လွတ်သောသူတို့၏ အကြောင်းအရာနှင့်၊ ယေရုရှလင်မြို့၏ အကြောင်းအရာကိုမေးမြန်းလျှင်” ဟူသည့် နေဟမိ၏ ပြောစကားသည် သူ၏ စိတ်နှလုံးကို ထိုးဖောက်ကာ မြင်နိုင်ပေလိမ့်မည်။

နေဟမိမှတ်စာ ၁:၃
သူတို့က၊ သိမ်းသွားခြင်းကို ခံရသောလူစုထဲက လွတ်၍၊ ထိုပြည်၌ နေသောသူတို့သည် ကြီးစွာသော ဆင်းရဲခြင်း၊ ကဲ့ရဲ့ခြင်းကို ခံရကြ၏။ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါးလည်း မီးလောင်၍ကုန်ပြီဟု ပြန်ပြောကြ၏။

အခြေအနေကိုကြည့်လျှင်တော့ နေဟမိသည် ရှုရှန်နန်းတော်၌သာ ရှိနေခြင်း၊ ရှင်ဘုရင်၏ ဖလားတော်ကိုင် ဖြစ်ခြင်း၊ တနည်းပြောရလျှင်တော့ တိုင်းပြည်ကောင်း၌ နေထိုင်နေရခြင်းနှင့် ရာထူးစည်းစိမ် အပြည့်ပိုင်ဆိုင်ထားခြင်းဖြစ်သည်။ ရှင်ဘုရင်၏ ချစ်ခင်ခြင်းခံရသူ၊ ဖလားတော်ကိုင်ဖြစ်သဖြင့်လည်း အထိုက်အလျောက်တော့ အာဏာလည်းရှိပေလိမ့်မည်။

သို့သော် နေဟမိ၏ ခန္ဓာကိုယ်သည် ရှုရှန်နန်းတော်၌ ရှိနေသော်လည်း စိတ်နှလုံးသည် မမြင်ဖူး မရောက်ဖူး မဆုံဖူးသေးသော ယေရုရှလင်နှင့် လူမျိုးများအပေါ်၌ ရှိနေပေသည်။ ထို့ကြောင့်လည်း ကိုယ်စားပြုဆုတောင်းခြင်းနှင့် မျက်ရည်ကျလျက် အစာကိုရှောင်ကာ ငိုကြွေးမြည်တမ်းရင်း တောင်းဆုပြုခဲ့လေသည် မဟုတ်ပါလား … တိတိကျကျထပ် ဖြည့်ပြောရလျှင်တော့ “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးခြင်း” လည်းဖြစ်ပေလိမ့်မည်။ နေဟမိသည် သူမမြင်ဖူး မဆုံဖူးသော လူတို့၏ ခံစားနေရသည့် ကြီးစွာသော ဆင်းရဲခြင်းနှင့် ကဲ့ရဲ့ခြင်းခံရသည်ကို စာနာသနားသည်။ ထိုအတွက်သာမက မရောက်ဖူး မမြင်ဖူးသော ယေရုရှလင်အတွက်လည်း စိတ်နှလုံးရှိသည်ကို အတိုင်းသားမြင်တွေ့ရပေသည်။

နေဟမိသည် ယဇ်ပရောဟိတ်တစ်ပါး မဟုတ်သကဲ့သို့ ပရောဖက်တစ်ဦးလည်း မဟုတ်ပါ။ သူသည် “Layperson, Layman” ဆိုလိုချင်သည်မှာတော့ သာသနာပြုသူမဟုတ်ဘဲ ဖလားတော်ဝန်ဖြစ်သည့် လောကီရေးရာ အလုပ်ကိုသာ လုပ်ဆောင်နေသူဖြစ်သော်လည်း သူ၏ စိတ်နှလုံးသည် ယေရုရှလင်နှင့် လူမျိုးတော်များအတွက် ငိုကြွေးခဲ့သည်။ တနည်းဆိုရသော် သာသနာ၊ အသင်းတော်၊ နိုင်ငံနှင့် လူများအတွက်ပင် …

လက်ရှိကာလ ၂၁ ရာစုတွင် နေဟမိထံမှ ကျွန်ုပ်တို့လည်းအတုယူကာ ဆရာသမားများသာမက “Layman” များ၊ ကျွန်ုပ်တို့ယုံကြည်သူတိုင်းသည်ပင်လျှင် ကျွန်ုပ်တို့၏ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ ငိုကြွေးခြင်းများနှင့် စိတ်နှလုံးများကို သွန်းလောင်းကြပါစို့။

နေဟမိကတော့ သူ မမြင်ဖူး မရောက်ဖူးသော ယေရုရှလင်မြို့ရိုး ပြိုပျက်ခြင်းနှင့် မြို့တံခါး မီးလောင်ခြင်း၊ သူ မတွေ့ဖူး မဆုံဖူးသော လူများ၏ ဆင်းရဲခံရခြင်းနှင့် ကဲ့ရဲ့ခံရခြင်းများအပေါ်၌ စိတ်နှလုံးရှိကာ သူတို့၏ ငိုကြွေးခြင်းနှင့်အတူတူ ငိုကြွေးခဲ့သည်။ နေဟမိ၏ ဆုတောင်းခြင်း၊ အစာရှောင်ခြင်းတို့သည် သူ၏ လိုအင်အတွက် မဟုတ်သကဲ့သို့ သူ၏ ရာထူးစည်းစိမ်နှင့် အာဏာများအတွက်လည်း မဟုတ်ခဲ့ပေ။

မည်သို့ပင်ဖြစ်စေကာမူ “Exile” လည်းဖြစ်သူ “ရှုရှန်နန်းတော်၌ နေထိုင်သူ ရှင်ဘုရင်၏ ဖလားတော်ဝန်” နေဟမိကတော့ ထိုအရေးကိစ္စများအတွက် ကြေကွဲသော စိတ်နှလုံးဖြင့် ဆုတောင်းပေးခြင်း၊ အစာရှောင်ကာ ငိုကြွေးမြည်တမ်းခြင်းများနှင့် သူ၏ စိတ်နှလုံးသာမက၊ နှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းများနှင့်အတူ လူကိုယ်တိုင် သွားရောက်ကာ အစေခံခဲ့သည် မဟုတ်ပါလား …

ယနေ့ ကျွန်ုပ်တို့သည် နေဟမိပမာ ရေခြားမြေခြားသို့ ရောက်ရှိနေကြသော်လည်း ကျွန်ုပ်တို့ကတော့ မြင်ဖူး ကြားဖူး ရောက်ဖူးခဲ့ကြသည်မဟုတ်ပါလား … ကျွန်ုပ်တို့ အများစုမှာ ကိုယ်နေထိုင်ခဲ့ရာ နိုင်ငံ၊ ကိုယ်ရောက်ဖူးခဲ့ရာ မွေးဖွားခဲ့ရာ နိုင်ငံဖြစ်သကဲ့သို့ ကိုယ်မြင်ဖူးခဲ့သူများ ဆုံဖူးခဲ့သူများသည်လည်း ထိုနိုင်ငံသားများပင် …

သို့သော် မိမိအဆင်ပြေရာနိုင်ငံ၌ နေထိုင်နေရသဖြင့် သို့မဟုတ် အခြားနိုင်ငံသားဖြစ်သွားသဖြင့် အမိမြန်မာနိုင်ငံအတွက် မေ့လျော့သွားပြီများလား၊ တနည်းအားဖြင့် မိမိမှာတော့ ဒီမိုကရေစီနိုင်ငံ၌ နေထိုင်၍ အမိနိုင်ငံ၏ ဖိနှိပ်ခံရခြင်းများအတွက် “ဒီမိုကရေစီအတွက်” ဆုမတောင်းပေးနိုင်ဘူးလား၊ သွေးချင်းများ၏ ဆင်းရဲခံရခြင်း၊ ဒုက္ခနှင့် ဘေးအန္တရာယ်များကြောင့် ငိုကြွေးနေသူများနှင့်အတူ မငိုကြွေးနိုင်တော့ဘူးလား၊ ကိုယ်စားပြု ဆုမတောင်းပေးနိုင်တော့ဘူးလား၊ အသင်းတော်များ၏ ခက်ခဲခြင်းများကို မမြင်မိတော့ဘူးလား၊ သာသနာအတွက် ဆုမတောင်းပေးနိုင်တော့ဘူးလား၊ မပါဝင်ပေးနိုင်တော့ဘူးလား …

ထို့ကြောင့် ထိုမေးခွန်းများကို နှလုံးသွင်းကာ ကျွန်ုပ်တို့သည် ယနေ့ခေတ်၏ ၂၁ ရာစု နေဟမိများပင်ဖြစ်ကြောင်း ဝန်ခံဆင်ခြင်ရင်း … ငိုကြွေးသောသူတို့နှင့်လည်း အတူတကွ ငိုကြွေးကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။