Skip to content

ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) ဆိုသည်မှာ “ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းအဖြစ်အပျက်များနှင့် ကမ္ဘာမြေကြီး၏သက်တမ်းသည် မျက်မှောက်ခေတ် သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်များ၊ သက်သေအထောက်များနှင့် ကိုက်ညီမှုရှိသည်” ဟူသော ခရစ်ယာန်အယူဝါဒတခုဖြစ်သည်။ ၎င်းကို Oxford ၏ Lexico dictionary ၌လည်း ဤသို့ဖွင့်ဆိုထားပါသည်။

“A form of creationist belief that does not conflict with scientific evidence about the age of the earth.”

ယင်းယုံကြည်မှုအရ “ထာဝရဘုရားသခင်သည် စကြဝဠာကြီးနှင့် ကမ္ဘာမြေကြီးအပါအဝင် သက်ရှိသက်မဲ့၊ စွမ်းအင်၊ အချိန် စသည့်အရာခပ်သိမ်းအား ဘုရားတန်ခိုးတော်အားဖြင့်သော်လည်းကောင်း၊ သဘာဝနိယာမတရား(the laws of nature) များအား သုံး၍သော်လည်းကောင်း လွန်ခဲ့သည့် နှစ်သန်းထောင်ပေါင်းများစွာက ဖန်ဆင်းခဲ့သည်၊ ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်း ၆ ရက်ရှိ ပထမနေ့၊ ဒုတိယနေ့ဆိုသည်မှာ ၂၄ နာရီတရက်ကို ဆိုလိုခြင်းမဟုတ်ဘဲ ရှည်ကြာသည့် ခေတ်ကာလ တခုကို ဆိုလိုသည်၊ ထို့ပြင် ကမ္ဘာဦးကျမ်းအား စာသားအတိုင်း(Literal Interpretation) တိုက်ရိုက်အနက်ပြန်ဆိုခြင်းသည်သာလျှင် စစ်မှန်ပြီးသမ္မာနည်းကျသည့် တခုတည်းသော အနက်ပြန်ဆိုခြင်းမဟုတ်ဘဲ သမ္မာကျမ်းစာ၏ အခွင့်အာဏာတော်ကို အထူးလေးစားသော အခြားသော အနက်ပြန်ဆိုခြင်းများလည်း ရှိသည်” ဟူသည့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အယူဝါဒတခုဖြစ်ပါသည်။ ထိုကဲ့သို့ အယူရှိသူကို ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒီ (Old-Earth Creationist) ဟုခေါ်တွင်ကြသည်။ ကမ္ဘာပျိုဖန်ဆင်းခြင်း ဝါဒီများကို Young Earther ဟု ခေါ်ဝေါ်သမုတ်ကြသကဲ့သို့ Old-Earth Creationist များကိုလည်း Old Earther ဟုလည်း ခေါ်တွင်ကြပါသည်။ ၎င်းတို့၏ အယူဝါဒအရ ကမ္ဘာသက်တမ်းသည် နှစ်သန်းထောင်ပေါင်များစွာ ရှိနေပြီဖြစ်သည့်အတွက် ကမ္ဘာကြီးသည် အိုမင်းရင့်ရော်သော ကမ္ဘာမြေကြီး (Old Earth) မို့ “ကမ္ဘာအို” ဟူ၍ ခေါ်တွင်ကြသည်။ ဖန်ဆင်းခြင်းအကြောင်းအရာနှင့် ပတ်သက်၍ OEC နှင့်ဆန့်ကျင်ဘက်အယူဝါဒရှိသော အခြားသော ခရစ်ယာန်အုပ်စုမှာ ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒီများ (Young-Earth Creationists / YEC) ဖြစ်ပါသည်။ YEC အကြောင်းကို လေ့လာလိုပါက ထွက်ရှိပြီးသော “ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism)” ဆောင်းပါးတွဲတွင် ရှာဖွေဖတ်ရှုလေ့လာနိုင်ပါသည်။ ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒသည် အထပ်ထပ်အခါခါ စိစစ်ပြီးဖြစ်သော သိပ္ပံပညာရှင်များနှင့် ဘူမိဗေဒပညာရှင်များ၏ ကမ္ဘာဂြိုလ်သက်တမ်း နှစ်ပေါင်း ၄.၅ ဘီလီယံ (4.5 Billion Years Old) ခန့်၊ စကြဝဠာဗေဒပညာရှင်များနှင့် နက္ခတ္တဗေဒပညာရှင်များ၏ စကြဝဠာသက်တမ်း နှစ်ပေါင်း ၁၃.၈ ဘီလီယံ (13.8 Billion Years Old) ခန့်ဟူသည့် ခန့်မှန်းတွက်ချက်ထားမှုများကို လက်ခံကြသည့်အတွက် ကမ္ဘာမြေကြီးသက်တမ်းနှင့်ပတ်သက်၍ မျက်မှောက်ခေတ် သိပ္ပံပညာနည်းကျရှာဖွေတွေ့ရှိမှုများ၊ သိပ္ပံနည်းကျ သီအိုရီများ၊ သက်သေအထောက်များနှင့် ကိုက်ညီမှုရှိသည့် အယူဝါဒတခုဟု ဆိုနိုင်ကောင်းပါ၏။ စာမူအလျား မလိုအပ်ဘဲ ရှည်လျားမှုမရှိစေရန် Old-Earth Creationism/Creationist ကို အတိုအကောက်အနေဖြင့် OEC ဟုသာ ဆောင်းပါးတွင် တောက်လျှောက်သုံးနှုန်းရေးသားသွားပါတော့မည်။ OEC တို့သည် ကမ္ဘာမြေသက်တမ်း၊ စကြဝဠာသက်တမ်းကိုမူ မျက်မှောက်ခေတ်သိပ္ပံပညာက ထုတ်ဖော်ပြသထားသည့်အတိုင်း ယုံကြည်ကြပါသော်လည်း အချို့သော OEC အုပ်စုများမှာမူ မျက်မှောက်ခေတ် ဇီဝဗေဒဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်း သိပ္ပံသီအိုရီ(Scientific Theory of Biological Evolution)ကိုမူ YEC များကဲ့သို့ပင် အပြည့်အဝ လက်မခံကြပေ။ ထို့ကြောင့် OEC သည် YEC ကဲ့သို့အုပ်စုတခုတည်းသာရှိသည် မဟုတ်ဘဲ OEC အုပ်စုအောက်၌ အယူမတူသော နောက်ထပ်အုပ်စုကွဲများရှိပါသေးသည်။

ယခု OEC ဆောင်းပါးတွဲတွင် YEC အယူဝါဒထက် လေ့လာမှတ်သားစရာ ပိုမိုရှုပ်ထွေးများပြားမည်ဖြစ်သောကြောင့် အပိုင်း (၈) ပိုင်း ပါဝင်မည်ဖြစ်ပါသည်။

ပထမပိုင်းတွင် “OEC အယူဝါဒ မိတ်ဆက်” နှင့် “OEC နှင့် စပ်ဆိုင်သော ဝေါဟာရများ”၊ ထိုဝေါဟာရများထဲမှ Gap Creationism ကို ဦးစွာ ရေးသားဖော်ပြမည်ဖြစ်ပါသည်။
အပိုင်း(၂) သို့ရောက်သောအခါ OEC နှင့် စပ်ဆိုင်သော ဝေါဟာရများထဲမှ ကျန်ရှိနေသည့် ဝေါဟာရများဖြစ်သော “Day-age Creationism” နှင့် “Progressive Creationism” တို့ကို လေ့လာကြပါမည်။
အပိုင်း(၃) ၌ OEC နှင့် စပ်ဆိုင်သော ဝေါဟာရများထဲမှ ကျန်ရှိနေသည့် ဝေါဟာရများဖြစ်သော “Theistic Evolutionism” နှင့် “Evolutionary Creationism” များကို ဆက်လက်လေ့လာကြရမည်ဖြစ်ပါသည်။ OEC ဆောင်းပါး
အပိုင်း (၄) တွင် “ကမ္ဘာအို ဖန်ဆင်းခြင်း အယူဝါဒ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း” နှင့် ထိုအထဲမှ Gap Creationism အယူဝါဒဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ဦးစွာတင်ပြပါမည်။
၎င်းနောက် အပိုင်း(၅) ၌ “Day-age Creationism” နှင့် “Progressive Creationism” ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းကို၎င်း၊
အပိုင်း(၆) ၌ “Theistic Evolutionism” နှင့် “Evolutionary Creationism” ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို၎င်း အသီးသီး ဖော်ပြပေးပါမည်။
အပိုင်း(၇) ၌မူ “ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ” နှင့် ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းညီညွတ်စွာ ခုခံကာကွယ်ပေးသော ထင်ရှားသည့် ဓမ္မပညာရှင် (Christian Apologists) အချို့အကြောင်းကို အနည်းငယ်တင်ပြပေးမည်ဖြစ်ပါသည်။ နောက်ဆုံးပိုင်းဖြစ်သော
အပိုင်း(၈)တွင်မူ “OEC တို့၏ ယုံကြည်ချက်များ” ကို ဖော်ပြပေးလျက် ဤဆောင်းပါးတွဲကို အသုံးသတ်မည်ဖြစ်ပါသည်။

ထို့ကြောင့် စာရေးသူအကြံပြုလိုသည်မှာ ဆောင်းပါးများကို အပိုင်းနံပါတ် အစဉ်လိုက် ဖတ်ရှုလေ့လာပါ၊ စာများကို ဆုံးအောင်ဖတ်ရှုပါ၊ ထို့နောက် မိမိတို့ ဖတ်ရှုပြီးသည့်အရာများကို အချက်အလက်ပိုင်းဆိုင်ရာများ တိုက်ဆိုင်စစ်ဆေး၍ ဆင်ခြင်သုံးသပ်ပြီးမှသာ မည်သည့်အယူဝါဒကို ဆွဲကိုင်သင့်သည်ကို မိမိဘာသာ စဉ်းစားဆုံးဖြတ်ကြရန် ဖြစ်ပါသည်။ အသိပေးလိုသည်မှာ ဤဆောင်းပါးတွဲသည် မိတ်ဆက်ဆောင်းပါးသာဖြစ်ပြီး အသေးစိတ်ပိုမိုသိလိုပါက စာရေးသူဖော်ပြပေးထားသည့် စာပေအရင်းအမြစ်များသို့သွား၍ ကိုယ်တိုင် စနစ်တကျ အချိန်ပေးဖတ်ရှုလေ့လာကြပါဟု ဦးစွာ တိုက်တွန်းလိုပါသည်။

မြန်မာနိုင်ငံတွင် ခရစ်ယာန်အများစုမှာ YEC များဖြစ်ကြပြီး ၎င်းတို့သည် Sunday School အရွယ်မှ စ၍ အသင်းတော်များ၌ YEC အယူဝါဒများဖြင့် ပိုမို အထိအတွေ့များခဲ့ကြသည်။ ထို့ကြောင့် OEC အယူဝါဒများ၊ ခေတ်ပေါ်သိပ္ပံသတင်းများနှင့် အလှမ်းဝေးကြပြီး Young-Earth Creationism (YEC) ဟူသည့် အခေါ်အဝေါ်ကို သိပ်မကြားဖူးကြားသည့်တိုင် မြန်မာခရစ်ယာန်အများစုမှာ YEC အယူရှိပြီးကြသူများဖြစ်သည်။ OEC အကြောင်းကို မယုံကြည်၊ လက်မခံသည့်တိုင် ဗဟုသုတအနေဖြင့် စာဖတ်သူအနေနဲ့ သိရှိနားလည်ထားသင့်သည်ဟု ယူဆပါသည်။ စာဖတ်သူသည် ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းညီညွတ်စွာ ခုခံချေပသော ဓမ္မပညာ (Christian Apologetics) ကို စိတ်ပါဝင်စားသူဖြစ်ပါက OEC အယူဝါဒအကြောင်းလေ့လာထားခြင်းသည် များစွာအထောက်အကူပြုနိုင်လိမ့်မည်ဟု အသိပေးလိုပါသည်။ ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (OEC) သည် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (YEC) ကဲ့သို့ တခုတည်းမရှိဘဲ မတူကွဲပြားသော ဖန်ဆင်းခြင်းဝါဒကွဲများ ထပ်ရှိပါသေးသည်။ ၎င်းတို့မှာ “Gap Creationism” ဟူသည့် “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ”“Day-age Creationism” ဟူသည့် “ရှည်ကြာခေတ်ကာလ ဖန်ဆင်းခြင်းဝါဒ”“Progressive Creationism” ဟူသည့် “တရွေ့ရွေ့ဖန်ဆင်းခြင်း ဝါဒ”“Theistic Evolutionism” ဟူသည့် “ဘုရားရှိ ဆင့်ကဲပြောင်းလဲခြင်းဝါဒ” နှင့် “Evolutionary Creationism” ဟူသည့် “ဆင့်ကဲပြောင်းလဲ ဖန်ဆင်းခြင်းဝါဒ” တို့ဖြစ်ကြပါသည်။

ဝေါဟာရများနှင့် ၎င်းတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ

Gap Creationism” ဟူသည့် ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ”

“Gap Creationism” ကို Oxford ကဲ့သို့သော အဘိဓာန်များတွင် သီးသန့်အဓိပ္ပါယ်ဖွင့်ဆိုထားခြင်း မရှိပေ။ သို့သော် Mini Philosophy Glossary တွင် ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုပါသည်။

“a creation theology is the belief that humans, life, the Earth, and the universe were created by a supreme being or deity’s supernatural intervention. The intervention may be seen either as an act of creation from nothing (ex nihilo) or the emergence of order from pre-existing chaos.”

စာဖတ်သူများနားလည်လွယ်စေရန် Gap Creationism ကို “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” ဟု စာရေးသူအနေဖြင့် မြန်မာမှုပြုလိုပါသည်။ Old Earth Creationism အောက်ရှိ အယူကွဲဝေါဟာရများ၏ မြန်မာအဓိပ္ပါယ်ဖွင့်ဆိုချက်အားလုံးသည် စာရေးသူ၏ ကိုယ်ပိုင်မြန်မာမှုပြုခြင်းသာဖြစ်ပြီး ပိုမိုကောင်းမွန်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်များရှိလျှင် အကြံပြုနိုင်ပါသည်။ Gap Creationism ကိုပဲ Ruin-restoration creationism ဟူ၍လည်းကောင်း၊ Restoration Creationism ဟူ၍လည်းကောင်း၊ The Gap Theory ဟူ၍လည်းကောင်း အသီးသီးခေါ်ဝေါ်ကြပါသေးသည်။ သို့သော် အယူဝါဒမှာ အတူတူပင်ဖြစ်သည်။ “ဖန်ဆင်းချိန် ကွာဟခြင်းဝါဒ” သည် ကမ္ဘာဦးကျမ်း ၁ : ၁ နှင့် ကမ္ဘာဦးကျမ်း ၁ : ၂ ကြားရှိ ကွာဟနေသောဖန်ဆင်းချိန်ပေါ်အခြေတည်ထားသော အယူဝါဒမျိုးဖြစ်ပါသည်။ “ဖန်ဆင်းချိန် ကွာဟခြင်း” ဝါဒီများသည် အခန်းငယ် ၁ ရှိ ဖန်ဆင်းခြင်းနှင့် အခန်းငယ် ၂ ရှိဖန်ဆင်းခြင်းဖြစ်ရပ် ၂ ခု မတူ ဟု ဆိုကြသည်။ ပထမဖန်ဆင်းခြင်းမှာ ဘာမျှမရှိသည့် ဗလာနတ္တိကနေ ဖန်ဆင်းခြင်းဖြစ်ပြီး ဒုတိယဖန်ဆင်းခြင်းမှာမူ ပထမဖန်ဆင်းခြင်း၌ ဖန်ဆင်းနှင့်ပြီးသား ပရမ်းပတာဖြစ်နေသည့် စကြဝဠာကြီးအား အစီအစဉ်ကျအောင် ပြန်လည်ဖန်ဆင်းယူခြင်းဖြစ်သည်ဟု ဆိုကြသည်။ “အစအဦး၌ ဘုရားသခင်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။” အခန်းငယ် ၁ ရှိဖန်ဆင်းခြင်းတွင် ဖန်ဆင်းချိန်ကို “အစအဦး၌” ဟုသာ ဖော်ပြထားသည့်အတွက် စကြဝဠာကြီးကို လွန်ခဲ့သော နှစ် ၆၀၀၀ – ၁၀၀၀၀ ကမှ ဖန်ဆင်းခဲ့သည်ဟု မဆိုနိုင်ပေ၊ “အစအဦး” သည် အလွန်ရှည်ကြာခဲ့သော ကပ်ကာလကြီးဖြစ်နိုင်လိမ့်မည်ဟု ခံယူကြသည်။ ထိုအချိန်တွင် ကမ္ဘာကြီးသည် အစီအစဉ်မကျသေးဘဲ ပရမ်းပတာဖြစ်နေသည့်အခြေအနေ၌သာ ရှိသေးသည်၊ မည်သည့် သက်ရှိပန်းမန်မျှ မဖြစ်ထွန်းနိုင်သေးသည့် အခြေအနေဖြစ်သည်။ ထိုသို့ အစီအစဉ်မကျ ဖြစ်ရခြင်းမှာလည်း စာတန်မာန်နတ်နှင့် ၎င်း၏အပေါင်းအပါများ ကမ္ဘာမြေပေါ်သို့ နှင်ချခံရခြင်းနှင့်လည်း ဆက်စပ်နိုင်သည်ဟုလည်း အချို့(Gap Creationist အားလုံးတော့ မဟုတ်ပါ) က ယူဆကြသည်။

ကမ္ဘာဦးကျမ်း အခန်းကြီး ၁ ၏ အခန်းငယ် ၃ ရောက်မှသာ သက်ရှိ မဖြစ်ထွန်းနိုင်သောသော ပရမ်းပတာအခြေအနေ (inhabitable state)မှ သက်ရှိဖြစ်ထွန်းနိုင်သော အစီအစဉ်ကျသည့်အခြေအနေ(habitable state) သို့ ဘုရားရှင်မှ ပြန်လည်ဖန်ဆင်းယူ (re-creation) ခဲ့သည်ဟု ခံယူကြသည်။ ထို့ကြောင့် Gap Creationism ကို Ruin-restoration creationism သို့မဟုတ် Restoration Creationism ဟု ခေါ်တွင်ကြခြင်းဖြစ်သည်။ စကြဝဠာသက်တမ်းနှင့် ကမ္ဘာမြေသက်တမ်းသည် ရှည်ကြာသက်တမ်းရှိနိုင်သည်ဟု ခံယူကြသည့်အတွက် ၎င်းတို့သည် ကမ္ဘာအိုဖန်ဆင်းခြင်းဝါဒ (OEC) အုပ်စုအောက်ထဲတွင်ရှိနေခြင်းဖြစ်သည်။ သို့သော် အခန်း ၂ နောက်ပိုင်းမှ စ၍ ကျန်ရှိသည့် ကမ္ဘာဦးကျမ်းများကို ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒီ (YEC) များကဲ့သို့ပင် စာသားအတိုင်း အနက်ပြန်ကြပါသည်။ ထို့ကြောင့် Gap Creationism သည် OEC နှင့် YEC ကြား ကျသည့် အယူဝါဒဟု ဆိုနိုင်သည်။ အချို့သော YEC များသည် မိမိတို့အယူသာ သမ္မာကျမ်းစာနဲ့ ကိုက်ညီမှုရှိပြီး Gap Creationist များ၏ အယူအဆများမှာမူ သမ္မာကျမ်းစာနှင့် မကိုက်ညီဟု ဝေဖန်ထောက်ပြလေ့ရှိကြသည်ကို စာဖတ်သူတို့လည်း သတိပြုမိနိုင်ပါသည်။ ထိုသို့ဝေဖန်ခြင်းမှာ မသင့်လျော်ပါဟု စာရေးသူ ရှုမြင်သည်။ အကြောင်းမှာ Gap Creationist များသည် အခြားသော OEC အယူဝါဒများနှင့် ဆင်တူသည်ထက် YEC ၏ အယူနှင့်သာ ပို၍ပင် နီးစပ်ကာ ဆင်တူနေပါသေးသည်။ စင်စစ် YEC တို့၏ ယုံကြည်ချက်တခုဖြစ်သော “အာဒံအပြစ်မပြုမီ မည်သည့်သေခြင်းတရားမျှ မရှိ” ဟူသည့် ၎င်းတို့ အနက်ပြန်ဆိုထားသောအယူနှင့် Gap Theorist များ၏ ပျက်ဆီးယိုယွင်းနေသော အခြေအနေမှ ပြန်လည်ဖန်ဆင်းယူခြင်း(Re-creation) အယူတို့သည် ဆန့်ကျင်ကွဲလွဲနေသည့်အတွက် ဝေဖန်ကြခြင်းသာဖြစ်ကောင်းဖြစ်နိုင်ပြီး Gap Creationism အယူကို သမ္မာကျမ်းစာနှင့် ဆန့်ကျင်နေသည်ဟု ပြင်းပြင်းထန်ထန် မဝေဖန်သင့်ပေဟု စာရေးသူရှုမြင်သည်။ (မှတ်ချက်။ Gap Theorist များသည် ကမ္ဘာဦးကျမ်းပါ ပြန်လည်ဖန်ဆင်းယူခြင်း နေ့ရက်များကို YEC များကဲ့သို့ပင် ၁ ရက်သည် ၂၄ နာရီ ၁ ရက်နှုန်းကြာမြင့်သည်ဟု တူညီစွာယုံကြည်ကြသည်)

 

နိဂုံး

ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism) – အပိုင်း (၂) တွင်မူ OEC နှင့် စပ်ဆိုင်သော ဝေါဟာရများထဲမှ ကျန်ရှိနေသည့် ဝေါဟာရများဖြစ်သော “Day-age Creationism” နှင့် “Progressive Creationism” အကြောင်းကို ဖော်ပြပေးမည်ဖြစ်သောကြောင့် ဆက်လက်၍ ဖတ်ရှုလေ့လာကြဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။ စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။

ကိုးကားထားသော စာပေအရင်းအမြစ်

– Old Earth Creationism (National Center for Science Education) — https://ncse.ngo/old-earth-creationism

– Old Earth Creationism (Wikipedia) — https://en.wikipedia.org/wiki/Old_Earth_creationism

– The Creation/Evolution Continuum (National Center for Science Education) — https://ncse.ngo/creationevolution-continuum

– Gap Creationism (Wikipedia) — https://en.wikipedia.org/wiki/Gap_creationism

– Day-age Creationism (Wikipedia) — https://en.wikipedia.org/wiki/Day-age_creationism

– Theistic Evolution (Wikipedia) — https://en.wikipedia.org/wiki/Theistic_evolution

– Old Earth (Progressive) Creationism: History and Beliefs (BioLogos) — https://biologos.org/series/science-and-the-bible/articles/old-earth-progressive-creationism-history-and-beliefs

– What is Evolutionary Creation? (BioLogos) — https://biologos.org/common-questions/what-is-evolutionary-creation

– How is Evolutionary Creation different from Evolutionism, Intelligent Design and Creationism? (BioLogos) — https://biologos.org/common-questions/how-is-biologos-different-from-evolutionism-intelligent-design-and-creationism/

– အလင်းမှီ အစာစုဖွဲ့ခြင်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/biology101/bio101_tp9_photosynthesis/

– ချားစ်ဒါဝင် မည်သူနည်း (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2015/06/13/charles_darwin/

– Why Geology Matters စာအုပ် အနှစ်ချုပ် ( Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2021/01/29/why-geology-matters-summary/

– သိပ္ပံနဲ့ ဘာသာတရားရဲ့ ဆက်ဆံရေး (Dr.Kyaw Zwar Lynn’s Publications) — https://kyawzwarlynnpublications.wordpress.com/2016/07/28/relations-betw-science-and-religion/

– Yom (Hebrew: יום) — Wikipedia — https://en.wikipedia.org/wiki/Yom