Skip to content

သင်းအုပ်စာစောင်ဟု သတ်မှတ်လေ့ရှိသော တိမောသေ၊ တိတု စသည်တို့ကို မိမိနှင့် သိပ်မဆိုင်သကဲ့သို့ ခံယူတတ်ကြသည်။ သို့သော် ဤစာစောင်များသည် မိမိတို့အား တိုက်ရိုက် ပေးပို့ခြင်းမဟုတ်သော်လည်း ကျွန်ုပ်တို့၏ လက်ရှိခေတ်ကာလအခြေအနေတွင်၊ လက်ရှိအသက်တာတွင်၊ လက်ရှိအသင်းတော်တွင် စသည်ဖြင့် လက်တွေ့ မည်သို့ “Apply” လုပ်ရမည်ကိုတော့ ဆင်ခြင်ရပေလိမ့်မည်။ ထို့ကြောင့် ဤသင်းအုပ်စာစောင်မှ ပဋိပက္ခဆိုင်ရာ ရှုထောင့်တစ်ခုကို ထုတ်နှုတ်ဆွေးနွေးဖို့ရန် တင်ပြလိုက်ပါသည်။

#Must_Not_Strive


လူငယ်တစ်ဦးလည်းဖြစ် ဆရာလည်းဖြစ်လာသည့် တိမောသေအား ရှင်ပေါလုသည် သတိပေးရမည့်အရာများကို အကုန်အစင်ပြောဆိုကာ သတိပေးနေခြင်းဟုလည်း ရှုမြင်၍ရနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် လူငယ်ပီပီ စိတ်လိုက်မာန်ပါ ပြောဆိုမိခြင်း၊ ကြမ်းတမ်းခက်ထန်စွာ ဆက်ဆံမိခြင်း၊ ဆရာတစ်ဦး၏ လုပ်ပိုင်ခွင့်များကို အသုံးချ၍ အငြင်းပွားကာ အနိုင်ယူခြင်း၊ လူငယ်တစ်ဦး၏ မာန ဆရာတစ်ဦး၏ မာန တို့ကြောင့် စကားစစ်ထိုး အနိုင်ယူကာ စကားနိုင်လုခြင်းများလည်း ရှိနေမည်ကို စိုးရိမ်မိသဖြင့်လည်းကောင်း စသည့်အမျိုးမျိုးသော အကြောင်းအရာတို့ကို  မလိုအပ်ဘဲ လုပ်နိုင်သည့် အခြေအနေတို့ကိုလည်း မဖြစ်စေဖို့ရာ မိမိကိုယ်တိုင်လည်း သတိပြုကာ ထိန်းကျောင်းပါဟု ထည့်ပြောနေခြင်းလည်းဖြစ်ပေလိမ့်မည်။ “Arguments, Controversies” စသည့် အငြင်းပွားမှုများကို ကိုယ်ထိလက်ရောက် မဟုတ်သော်လည်း လူငယ်ပီပီ စိတ်လိုက်မာန်ပါ ဖြေရှင်းမည်ကို စိုးရိမ်သဖြင့် တနည်းဆိုရသော် “Voice, Verbal Violence” စကားသံနှင့် နှုတ်ဖြင့် အကြမ်းဖက်မိသကဲ့သို့ ကြမ်းတမ်းစွာ ပြောဆိုမိခြင်းများ ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် “သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ” ဟု ဆိုလိုက်ခြင်းဖြစ်မည်။ ဤသို့ စကားလုံးသုံးရခြင်း၏ နောက်ကွယ်တွင် လေးနက်သည့် အဓိပ္ပါယ်များနှင့် ပြည့်နှက်နေပါသည်။ အကြောင်းမှာ ကျွန်ဟူသည့် အမျိုးသည် မိမိစိတ်တိုင်းကျ ဘာတစ်ခုမျှပင် လုပ်ပိုင်ခွင့် မရှိသကဲ့သို့ ထိုကျွန်ကို သူ၏ သခင်သာ ပိုင်သည် မဟုတ်ပါလား … ထိုနည်းတူ ဘုရားသခင်၏ ကျွန်ဟု သုံးလိုက်ခြင်းသည် “မင်း ရန်တွေ့ခါနီး စဥ်းစားပါ မင်းက ဘုရားသခင်နဲ့ဆိုင်တယ် မင်းကို ဘုရားသခင်ပိုင်တယ် ဒါ့ကြောင့် မင်းစိတ်တိုင်းကျ ရန်မတွေ့ပါနဲ့ မင်းစိတ်အလိုအတိုင်း ရန်မတွေ့ပါနဲ့” ဟု သတိပေးနေသကဲ့သို့ပင် ဖြစ်နေပေသည်။ ထို့နောက်တွင်လည်း လိုက်နာရမည့် သွန်သင်ချက်များကို ဆက်၍ ဖော်ပြပြန်ပါသည်။ (နှုတ်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုခြင်းသည် ထိရောက်မှုအနည်းဆုံးဖြစ်ပြီး သာ၍ဆိုးဝါးသော အခြေအနေတို့ကိုသာ ဖြစ်စေတတ်ကြောင်းကို မိဘမှ သားသမီးအား ပြောဆိုသည့် ဥပမာတစ်ခုကိုလည်း ယခုကဲ့သို့ ပေးထားပါသည် … “How often have I told you not to do that! I’m sick and tired of you!”) ထိုထက်သာ၍ ထိရောက်သည့် နည်းလမ်းမှာ “Gentleness, Patience, Accompanied with good teaching” ဟုဆိုထားသည်။ *Quoted from* Gary W. Demarest “The Preacher’s Commentary” Vol: 32 …

#Be_Gentle_To_All


ဖြေးညှင်းစွာ ပြုသောသူဟု မြန်မာကျမ်းစာတွင် တွေ့ရသကဲ့သို့ နူးညံ့သိမ်မွေ့ခြင်းဟု ဆိုရလျှင်လည်း မှားမည် မထင်ပါ။ ထိုသို့ ပြုရမည်မှာ “To All, Unto All Men” အားလုံးအပေါ်သို့ဖြစ်သည်၊ ဖြူဖြူ၊ မဲမဲ၊ စိတ်သဘောထား တိုက်ဆိုင်သည်ဖြစ်စေ မတိုက်ဆိုင်သည်ဖြစ်စေ၊ ကြိုက်ကြိုက် မကြိုက်ကြိုက်၊ ခံယူချက်ခြင်း တူတူ မတူတူ၊ ယုံကြည်ချက်ခြင်း တူတူ မတူတူ၊ ကျား မ မခွဲခြား၊ ဆင်းရဲ ချမ်းသာ အသက်အရွယ် မရွေး၊ အသင်းတော်အတွင်း အပြင်၊ မိသားစုအတွင်း အပြင်၊ လူသားအားလုံးအပေါ်သို့ နူးညံ့သိမ်မွေ့စွာ သို့တည်းမဟုတ် ဖြေးညှင်းစွာ ပြုရမည်ဟုပင် … ဤသည်မှာလည်း ဝိညာဥ်ပကတိအကျိုးဟု ခေါ်ဆိုလေ့ရှိကြသော ဝိညာဥ်အသီးတစ်ခုဖြစ်သည့် “နူးညံ့သိမ်မွေ့ခြင်း” မဟုတ်ပါလား …

#Teach_And_Patient


ဆုံးမခြင်း၊ ဩဝါဒပေးခြင်း၊ သွန်သင်ပေးခြင်းတို့ကိုပြုရာ၌လည်း လိမ္မာစွာပြုရန် ထပ်လောင်းပြောကြားသည်ဟု နားလည်ရသည်။ လူငယ်ပီပီ သို့တည်းမဟုတ် ဆရာပီပီ သွန်သင်ဆုံးမ ဩဝါဒပေးရာ၌ စေတနာအမှားလေးများပင် မပါရလေအောင် “လိမ္မာစွာပြုရန်” သတိပေးလိုက်ခြင်းလည်း ဖြစ်ချေမည်။ “NKJV” တွင်တော့ “Able To Teach” ဟုတွေ့ရသဖြင့် ထိုဘုရားသခင်၏လူသည် သွန်သင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းများကို လုပ်ဆောင်ပေးနိုင်သည့်သူတစ်ဦးဟုလည်း နားလည်ရပေသည်။ သူ့ချည်းသာမက ထိုသို့ သွန်သင်ခြင်း၊ ဆုံးမဩဝါဒပေးခြင်းများကို ပြုရာ၌လည်း လိမ္မာသောသူဟူသည့် စကားရပ်တို့သည် “မြွေကဲ့သို့ လိမ္မာ၍ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းစေရန်” ကိုပင် သတိရစေတော့သည်။ ဤသည်မှာ ဆုံးမဩဝါဒပေးရာတွင် စိတ်ရှည်ရန်ကို ဆိုလိုခြင်းသာမကဘဲ အခြားသော ကိစ္စရပ်များတွင်လည်း စိတ်ရှည်ခြင်း သည်းခံခြင်းနှင့်တကွ လုပ်ဆောင်ရန်ကို သတိပေးနေခြင်းလည်း ဖြစ်ပေဦးလိမ့်မည်။

#Humility


နှိမ့်ချခြင်းသည် ယုံကြည်သူခရစ်ယာန်များအတွက်သာမက ဆရာသမားတစ်ဦးအတွက်လည်း အင်မတန်အရေးကြီးသည်ကို ထပ်လောင်းပြောကြားခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုခေတ်ကာလအချိန်တွင် ရှင်ပေါလုတို့နှင့် ဆန့်ကျင်ဘက်ပြုသူများ တနည်းအားဖြင့် “Gnostic” ဝါဒသမားများလည်း ရှိတတ်ကြသဖြင့် “Arguments, Controversies” အခြေအနေများစွာ ရှိနေနိုင်ကြောင်းကို ကောင်းစွာ သဘောပေါက်သောကြောင့်ပင် … ထို့ကြောင့် ထိုသူတို့နှင့် ငြင်းခုံခြင်း၊ ဆွေးနွေးခြင်းများနှင့် တိုက်လှန်ခြင်းများကို လုပ်ဆောင်ရာတွင် စေတနာအမှားများကြောင့် အော်ဟစ်ပြောဆိုမိနိုင်ခြင်း သို့တည်းမဟုတ် “ငါသာ အမှန်ဆုံး” ဟူသော မောက်မာခြင်း မာန်မာနများ ကိုလည်း စိုးရိမ်သဖြင့် စိတ်လိုက်မာန်ပါ မပြောဆိုမိရန်နှင့် နှိမ့်ချခြင်းရှိရန်ကိုလည်း မမေ့လျော့စေနှင့်ဟု သတိပေးလိုက်ခြင်းပင် … ဆက်လက်၍လည်း ရှင်ပေါလု၏ အမှာစကားတစ်ခုဖြစ်သော “သမ္မာတရားကို ဝန်ခံခြင်းအလိုငှါ၊ နောင်တကို ဘုရားသခင် ပေးကောင်းပေးတော်မူ၍” ဟူသည့် စကားသည် တိမောသေအတွက်တော့ ထိုကိစ္စရပ်များအား ကိုင်တွယ်ဖြေရှင်းရာတွင် အသုံးဝင်သည့် သတိပေးစကားတစ်ရပ်ဟု ဆိုရလျှင်လည်း မှားမည်မထင်ပါ။

တိမောသေဩဝါဒစာ ဒုတိယစောင် ၂:၂၄
 သခင်ဘုရား၏ ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသော သူတို့အား ဖြည်းညှင်းစွာ ပြုသောသူ၊ ဆုံးမ ဩဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။
တခါတရံတွင် ကျွန်ုပ်တို့သည် မိမိနှင့် မတူညီခြင်း ကွဲပြားခြင်းတို့အား ပြောဆိုရာ၌ဖြစ်စေ၊ သဘောထား ကွဲလွဲခြင်း၊ သမ္မာတရားဆိုင်ရာ သွန်သင်ချက် ကွဲလွဲခြင်း၊ ယုံကြည်ခြင်းဆိုရင်ရာ ခုခံကာကွယ်ခြင်းများကို တိုက်လှန်ရာ၌ ဖြစ်စေ ဆွေးနွေးပြောဆိုရာ၌ ဖြစ်စေ “Arguments, Controversies” တို့လည်း ဖြစ်ပေါ်လာကာ ငြင်းခုံမှုဆိုင်ရာ ပဋိပက္ခတစ်ခု ဖြစ်ပေါ်လာတတ်စေသည်။ ဤပဋိပက္ခကိုလည်း ကောင်းမွန်စွာ မကိုင်တွယ် မဖြေရှင်းနိုင်လျှင် ကင်ဆာအလား တဖြေးဖြေးနှင့် ယိုင်နဲ့ပြိုလဲသွားကာ မည်သူအတွက်မျှ အကျိုးမရှိပေ …

မိမိသည် မည်မျှပင် မှန်နေပါစေ ရန်တွေ့ပြောဆိုခြင်းသည် ထိုပဋိပက္ခ၏ အဖြေမဟုတ်သဖြင့် “ရန်မတွေ့ရ” ဟု တိကျစွာဆိုလိုက်ခြင်း ဖြစ်သကဲ့သို့ ထိုရန်တွေ့ပြောဆိုခြင်းများမှတဆင့် တိမောသေအား အများသူငှာ အရိုအသေတန်သွားခြင်း၊ ရွံကြောက်ကြီး ဖြစ်သွားမည်ကို စိုးရိမ်ခြင်း၊ အများနှင့် တစ်ယောက် ဖြစ်မည်ကိုလည်း စိတ်ပူခြင်းများကြောင့် စေတနာအမှားပင် မမှားမိစေရန် သတိပေးလိုက်ခြင်းပေတည်း …
ထို့အပြင် မိမိတို့သည် ဖြူဖြူမဲမဲ၊ ခံယူချက်တူတူ မတူတူ အားလုံးအပေါ်သို့ နူးညံ့သိမ်မွေ့ရမည်ဖြစ်သကဲ့သို့ ယုံကြည်ခြင်း သမ္မာတရားတို့ကို ခုခံတိုက်လှန် ကာကွယ်ရာတွင်လည်း (၁ပေ ၃:၁၅) အရ “သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော” ဟူသည်ကို သတိချပ်ထားရပေမည် မဟုတ်ပါလား …

မိမိတို့သည် သင်ကြားခြင်း၊ ဆုံးမဩဝါဒပေးခြင်းတို့ကိုလည်း “မြွေကဲ့သို့ လိမ္မာ၍ ချိုးငှက်ကဲ့သို့ အဆိပ်ကင်းစေရန်” သော်လည်းကောင်း နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်း၊ နှိမ့်ချခြင်း၊ သည်းခံခြင်းနှင့်တကွ လုပ်ဆောင်ကြရန် ရှင်ပေါလု၏ အမှာစကားသည် တိမောသေအတွက်သာမက ကျွန်ုပ်တို့အတွက်လည်း ဖြစ်သကဲ့သို့ … မလိုအပ်သည့် ပဋိပက္ခအား ကြီးထွားမလားစေဖို့ရန်အတွက် ကာကွယ်ဆေးတစ်ခုပင်ဖြစ်ပေတော့သည် မဟုတ်ပါလား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။