Skip to content

ဝိညာဉ်ရေးလို့ဆိုလိုက်တာနဲ့ ဒီစကားလုံးကြီးက ဝန်တာကြီးပြီး၊ ခက်ခဲနက်နဲစွာလုပ်ဆောင်ရတဲ့ ဝတ္တရားတခုလိုမျိုးမြင်တတ်ကြသည်။ ဒီလိုမြင်တတ်ကျတာ အရွယ်တခုမှ မဟုတ်ပါဘူး။ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေးပါပဲ။ များသောအားဖြင့် အဲဒီလိုမျိုးမြင်တတ်တဲ့သူတွေဟာ လောကီရေးရာမှာစိတ်အားထက်သန်ပြင်းပြကြသူများဖြစ်ပါတယ်။ တနည်းအားဖြင့် ပြောရရင် ငွေရှာ၊ ပညာရှာ၊ စီးပွါးရှာဖို့အရေးတွေမှာ မပျင်းရိကြသူတွေပါ။ ဒီလိုနေရာတွေမှာ ပျင်းရိနေရင် နောက်ကျကျန်ခဲ့မယ်၊ အောင်မြင်မှုတွေနှောင့်နှေးမယ်၊ အသက်ကြီးလာရင် ဒုက္ခရောက်မယ်ဆိုတဲ့ အသိတွေ၊ အတွေးတွေကြောင့် လူ့ဘဝခဏတာအချိန်မှာ အပတ်တကုတ်ကြိုးစားရှာဖွေနေကြရတဲ့ လောကရဲ့ပုံစံပါပဲ။ အတိုင်းတာတခုထိတော့ဟုတ်မှန်ပေမယ့် ထာဝရနှင့်ဆိုင်သောအရာနှင့်ယှဉ်လာလျှင်တော့ သတိမလွတ်သင့်ပေ။

လောကီသားတွေတောင်မှ လောကနဲ့ဆိုင်တဲ့အရာတွေကို မပျင်းမရိဘဲအပတ်တကုတ်ရှာဖွေနေချိန်မှာ၊ ဝိညာဉ်လူတွေက ဝိညာဉ်ရေးကိုအလေးမထား၊ အပျင်းကြီးကာအသက်ရှင်နေခြင်းက အပြောနှင့်အလုပ်မညီသည့် အသက်တာမျိုးပါပဲ။ လူမှုကွန်ယက်တွေကိုအသုံးပြုရတဲ့ ခေတ်ကာလဖြစ်တာနှင့်အညီ ထိုနေရာတွေကနေ ကိုယ့်မျက်စိကမြင်လိုက်သည့် လူတဦးတယောက်ဖြစ်ပါစေ၊ အဝတ်အစားဖြစ်ပါစေ၊ နေထိုင်မှုပုံစံဖြစ်ပါစေ၊ အစားအသောက်ဖြစ်ပါစေ စသည့် အရာတွေ၌ လိုချင်တပ်မက်အားကြီးကာ၊ ကြိုးစားရှာဖွေရည်မှန်းချက်ထားလျက် လုံ့လပြုတတ်လာနေကြသည်။ စိတ်မကောင်းစရာမှာ ဝိညာဉ်ရေးရာ၊ ဓမ္မပညာနှင့်ပက်သက်လာတဲ့အခါမှာတော့ အားထုတ်မည်ဟုပင်မဆိုထားနှင့် အစားအသောက်တွက်ချီးမွမ်းပေးပါလားဟုဆိုရင်တောင် “ကျွန်တော်/ကျွန်မ ဆုမတောင်းတတ်ဘူး” ဆိုတဲ့တုန့်ပြန်မှုမျိုးတွေက ခုထိရှိနေတုန်းပါပဲ။

အသင်းတော်တွေလည်း ဝိညာဉ်ရေးမှာ မပျင်းဖို့သတိပြုရန်လိုအပ်ပါတယ်။ ကိုးကွယ်ခြင်းအစီအစဉ်တွေကို လူတွေစိတ်ဝင်စားအောင် ဆန်းသစ်တီထွင်လာတာတွေ၊ ပုံစံခွက်ရှေးရိုးစွဲအစီအစဉ်တွေက ထွက်မလာချင်တာတွေ၊ စတာတွေဟာ ခေတ်အခြေအနေအရဆိုတာထက် ပျင်း တာလို့ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဆန်းပြားနေတိုင်း၊ ရှေးရိုးဆန်တိုင်း ဝိညာဉ်ရေးက နိုးကြားနေတယ်လို့ သတ်မှတ်လို့မရပါဘူး။ ဘာနှင့်ဥပမာပြချင်လဲဆိုရင် တမန်တော်ဝတ္တု၌ပါရှိသော အသင်းတော်၊ ယုံကြည်သူများနှင့်အမှုဆောင်များ၌ အခြားသောလူမှုရေး၊ နိုင်ငံရေးပြဿနာများပင်ရှိလင့်စကား ဝိညာဉ်ရေးနှင့်ပက်သက်လာသည့်အခါမှာ ပျင်းရိဖို့ အချိန်မရှိကြပါ။ လုပ်ကျွေးပြုစုခြင်းအမှု၊ ဟောပြောဝေငှခြင်းအမှု၊ အသင်းတော်၌စည်းဝေးခြင်းအမှု စသည်တို့၌ ဝိညာဉ်တော်နှင့်ပြည့်ဝကာ၊ ဥာဏ်ပညာနှင့်ပြည့်စုံလျက် စွန့်လွတ်ဆက်ကပ်အစေခံခဲ့ကြသည်ကိုတွေ့မြင်နိုင်သည်။သင်တို့သည်များပြားသောဆင်းရဲဒုက္ခကိုခံလျက်ကောင်းကင်နိုင်ငံတော်ကိုဝင်ကြရမည်” ဆိုသည့်စကားပေါ်မှာ မတုန်လှုပ်သည့်အပြင်၊ ရဲရင့်စွာအစေခံလျက် ယုံကြည်ခြင်းအားကြီးခဲ့သူများဖြစ်သည်။ ယနေ့ခေတ်ကာလမှာတော့ “ယေရှုကို သင်တကယ်ရရင်” ဆိုသည့်စကားစုတခုလေးနှင့်ကျေနပ်ကာ အသက်ရှင်နေကြသည်။

ဆုတောင်းခြင်း၊ ကျမ်းစာဖတ်ခြင်းအမှုအရာများ၌ ယုံကြည်သူအတော်များများ လုပ်ဆောင်ဖို့ရန် ပျင်းရိသောကြောင့် ပေးတတ်သောဆင်ခြင်များစွာရှိပါတယ်။ “အချိန်မရှိလို့ပါကွာ”၊ “အလုပ်တွေများတာနဲ့မဖတ်ဖြစ်ဘူး”၊ “ဆုတောင်းမယ်ဆိုငိုက်လာတာနဲ့ မတောင်းဖြစ်တော့ဘူး” စတဲ့ဆင်ခြေတွေပေးကာ အသက်တာကို တရက်ပြီးတရက်၊ တနှစ်ပြီးတနှစ်ဖြတ်သန်းရင်း အသက်ပဲကြီးလာကာ အသက်ရှင်သန်ပုံက အားရစရာမရှိတဲ့ ခရစ်ယာန်တွေဒုနဲ့ဒေးပါပဲ။ အချိန်မရှိဘူးလို့ဆိုရလောက်အောင် တရက်အတွင်းလူတိုင်း တန်းတူရရှိနေတဲ့ အချိန်တွေက နည်းလွန်းနေလို့လား။ ကျွန်တော်၊ ကျွန်မတို့ မပိုင်တဲ့အချိန်ဆိုတာကြီးက လည်ပတ်နေမြဲလည်ပတ်နေဆဲပါ။ ကျွန်ုပ်တို့ရဲ့ နှုတ်ကနေထွက်လာတဲ့ အချိန်မရှိလို့ ဆိုတာကြီးက တယ်တမ်းစဉ်းစားကြည့်ရင် ကျောချမ်းစရာကြီးပါ။ ဘာကြောင့်လဲဆိုရင် ကုန်လွန်သွားတဲ့အချိန်တွေက ပြန်မရနိုင်တော့သလို၊ ရှေ့မှာလာဦးမယ့်အချိန်တွေကလည်း အာမခံချက် မရှိလို့ပါပဲကိုယ်မပိုင်တဲ့အချိန်တွေဟာ စက္ကန့်နဲ့အမျှတန်ဖိုးရှိသောကြောင့် တန်ဖိုးထားအသက်ရှင်သွားတတ်ဖို့အရေးကြီးပါတယ်။ ဘုရားသခင်ရဲ့ကျေးဇူးပြုခြင်း၊ သည်းခံတော်မူခြင်းတို့ကို မထီမဲ့မြင်မပြုဘဲ ဝိညာဉ်ရေးရာ၌အားထုတ်ကြဖို့ခွန်အားပေးလိုပါတယ်။

“သင်တို့ရှိသမျှသည် ပျင်းရိခြင်းနှင့် ကင်းလွတ်၍၊ ယုံကြည်ခြင်းနှင့် သည်းခံခြင်းအားဖြင့် ကတိတော်တို့ကို အမွေခံရသောသူတို့နည်းတူ ကျင့်နိုင်မည်အကြောင်း၊ ထိုသို့သော လုံ့လဝိရိယကို ထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့် ကင်းသော မျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ ငါတို့သည် အလိုရှိကြ၏။” -ဟေဗြဲဩဝါဒစာ ၆း၁၁-၁၂

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။