Skip to content

စန်းဒေးစကူး”ဆိုတဲ့ စကားလုံးနဲ့နေရာကိုမဖြတ်သန်းခဲ့ဖူးတဲ့ ခရစ်ယာန်ဆိုတာ မရှိသလောက်နည်းပါလိမ့်မယ်။ ခရစ်ယာန်တယောက်အတွက် ဝိညာဉ်ရေးအသိကို အစပြုတဲ့နေရာလို့ဆိုရင်လည်း မမှားပါဘူး။ တချို့သောအသက်တာတွေအတွက် ခိုင်မာတဲ့ဝိညာဉ်ရေး၊ ဘုရားသခင်နှင့်ကျွမ်းဝင်တဲ့မိဿဟာရ ကိုစတင်အခြေပြုမိစေခဲ့တဲ့နေရာဖြစ်သလို၊ အချို့သောအသက်တာတွေအတွက်လည်း အိမ်ကပို့လို့ ရောက်သွားခဲ့တဲ့နေရာထက် မပိုခဲ့ကြပါ။ မည်သည်ပင်ဆိုစေကာမူ “စန်းဒေးစကူး”ရဲ့အခန်းကဏ္ဠဟာ အသင်းတော်နှင့်ငယ်ရွယ်သောအသက်တာတွေအတွက် အင်မတန်မှအရေးကြီးတဲ့နေရာမှာရှိသည်ကိုတော့ သတိပြုဖို့ရန်လိုအပ်ပေသည်။
ဒီကနေ့ ခရစ်ယာန်အိမ်ထောင်မိဘ တော်တော်များများကို လေ့လာကြည်တဲ့အခါမှာ အချို့သောမိဘတွေက ကလေးတွေကို စန်းဒေးစကူးပို့ကြတဲ့အခါ မိမိရဲ့သက်ဆိုင်ရာအသင်းတော်ကိုပို့ဆောင်ကြသလို၊ အချို့များကြပြန်တော့လည်း နီးစပ်ရာအသင်းတော်ကိုလည်းကောင်း၊ ကိုယ်နှစ်သက်သဘောကျသည့် အသင်းတော်သို့လည်းကောင်း ပို့ဆောင်ပေးကြတာကို သတိပြုမိပါတယ်။ ဒီလိုပို့တာမှားတယ် မှန်တယ်လို့ပြောချင်တာထက်၊ ဒီလိုကိုယ်ကပို့ဆောင်ပေးလိုက်တဲ့နေရာနှင့်ပက်သက်လို့ ကလေးတွေရဲ့တိုးတက်မှုကို အလေးထားဂရုစိုက်ပါရဲ့လားဆိုတာပါပဲ။ မိဘတွေအနေနဲ့ ကလေးတွေရဲ့ဝိညာဉ်ရေးရာကြီးပွါးမှုကိုအမှန်တကယ်အလေးထားတယ်ဆိုရင် ကိုယ်ပို့ထားတဲ့စန်းဒေးစကူးဟာ တကယ်ပဲဘုရားသခင်ရဲ့ကြီးမြတ်တော်မူသော သတင်းနှင့်စကားတော်ကို ကလေးတို့အား အမှန်တကယ် သွန်သင်လမ်းပြ​ပေးနေသလားဆိုတာကို ဂရုပြုသင့်ပေသည်။ ကိုယ်တိုင်ကလည်း စန်းဒေးစကူးသို့ပို့မှ မိမိရင်သွေးတွေ ဘုရားနှင့်ကျွမ်းဝင်မည်ဆိုသည့်အတွေးထက်၊ အိမ်ထောင်တွင်းမှာပင်လျှင် ကိုယ်တိုင်က ဘုရားနှင့်ကျွမ်းဝင်လျက်ဘုရားနှင့်မိတ်ဆက်ပေးသော မိဘများဖြစ်သင့်သည်။

စန်းဒေးစကူးဆရာ/မများအနေနှင့်လည်း သတိပြုရမည့်အချက်များစွာရှိနေပါသေးသည်။ စာရေးသူတို့ငယ်စဉ်ကလေးဘဝကဆိုလျှင် စန်းဒေးစကူးသင်ပေးသည့်ဆရာမကြီးများမှာအသက်တာကို အင်မတန်ဆက်ကပ်ပြီး ကလေးသူငယ်များအပေါ်ချစ်ခင်ကာ အလွန်ပင်စေတနာဝန်တာထားလျက် ပေးဆပ်တတ်သူများဖြစ်ကြသည်။ ယနေ့မျက်မှောက်ကာလမှာတော့ ထိုသို့သောဆရာမကြီးများကဲ့သို့ ကလေးသူငယ်များအပေါ် ဝိညာဉ်ရေးအတွက်အစေခံသော ဆရာ၊ဆရာမများ နည်းပါးလာနေသည်က စိတ်မကောင်းစရာပင်။ “ဆက်ကပ်ကြသူတွေ”ထက် “ဆက်ကပ်ပြသူတွေ”က ပိုများလာနေကြသည်။ နှုတ်ကပတ်တော်ရွှေကျမ်းချက် များထက် ကခုန်မြူးကြွသည့် သီချင်းများကိုပို၍ဦးစားပေးလာကာချီးမွမ်းခြင်း” လို့ခေါင်းစဉ်တပ်သင်ကြားပေးလာသည်ကပိုများလာပါတယ်။ ကခုန်သီဆိုခြင်းကမှားယွင်းသောသွန်သင်ခြင်းလို့ စာရေးသူဆိုလိုခြင်းမဟုတ်ဘဲ “နှုတ်ကပတ်တော်ကိုဦးစွာသွန်သင်ပြသကာ နားလည်စေခြင်းက ထိုသို့နုနယ်သောကလေးများအတွက် “မှန်သောချီးမွမ်းခြင်း”ကိုဦးတည်စေမှာဖြစ်ပါတယ်။ သီချင်းတွေ၊ အကတွေက ကလေးတွေအတွက် လိုက်လုပ်ဖို့ရန် မခက်ခဲသော်လည်း၊ နက်နဲသောနှုတ်ကပတ်တော်နို့ရည်” ကို စန်းဒေးစကူးမှစတင်၍ အသက်တာတခုလုံး၌ လိုက်လျှောက်ဖို့နိုင်ဖို့ရန် ပိုမိုဦးစားပေးတိုက်ကျွေးသင့်ပေသည်။ သို့မှသာ “ကြေခဲသောအစာ”ကိုစားနိုင်သောအသက်တာများအဖြစ်ဆက်လက်လျှောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ဘုရားသခင်ကိုသိရှိကျွမ်းဝင်ပြီး၊ ချစ်ကြောက်ရိုသေသော ကလေးသူငယ်များဖြစ်လာဖို့ရာ သင်ကြားပြုစုပေးသော ဆရာ၊ဆရာမများ ကိုယ်တိုင်ကဘုရားသခင်ကိုသိရှိကျွမ်းဝင်ပြီး၊ ချစ်ကြောက်ရိုသေသောလျက်ရှိသောသူများဖြစ်ဖို့ အရေးကြီးလှပါတယ်။

နောက်ထပ်သတိပြုမိတဲ့အရာတခုကတော့ အသင်းတော်တချို့တွေမှာ စန်းဒေးစကူးထဲ ကလေးတွေများနေဖို့ သက်သက်ပုံစံမျိုးဖြစ်လာနေသည်က စိတ်မကောင်းစရာပင်။ အချို့သော စန်းဒေးစကူးသင်ကြားပေးသူ ဆရာ၊ဆရာမများမှာ လုံလောက်သည့်ပြင်ဆင်ခြင်းမရှိဘဲ သင်ရမည့်နေ့မှာသာ ကမန်းကတန်းအပြေးလာခြင်း၊ အသင်းတော်မှ ထိုဆရာ၊ဆရာမများအတွက် ရှိသင့်သည့်စံနှုန်းအရည်အသွေးအလို့ငှါ လိုအပ်သည့်အရာများကိုဖြည့်တင်းတပ်ဆင်ပေးဖို့ရန် မရှိခြင်း၊ ကိုယ်တိုင်ကကျမ်းစာမဖတ်ဘဲ ကလေးသူငယ်များအား လာရောက်ဦးဆောင်ပေးနေခြင်း စသည့်အခြေအနေများမှာ လွန်စွာပင် ကချော်ကချက်နိုင်လွန်းလှပါတယ်။ စာရေးသူမြင်ဖူးသည့် အသင်းအုပ်ဆရာတဦးဆိုလျှင် သူ့အသင်းတော်ရဲ့စန်းဒေးစကူးကနေ အခြားအသင်းတော်စန်းဒေးစကူးသို့ပြောင်းတက်သွားသည့်ကလေးများနှင့်မိသားစုများအား ဖယ်ကျဉ်လိုက်သည့်အဖြစ်မျိုးပါ။ အမှန်တကယ်ဆိုလျှင် “အသင်းတော်ရဲ့စန်းဒေးစကူးမှာ ဘာလိုအပ်မှုတွေရှိနေပါလိမ့်” ဆိုပြီး ချင့်တွက် ဆင်ခြင်ကာ ပြင်ဆင်မွန်းမံရမည်သာ။ အသင်းအုပ်များအနေဖြင့်လည်း စန်းဒေးစကူး က “ငါနှင့်မဆိုင်ဘူး” ဆိုပြီးတော့လည်း မပစ်ထားသင့်ပါ။

ဒါကြောင့် ကလေးတို့အတွက် စံပြ ပုံသက်သေကောင်းများအဖြစ်ရှိနေဖို့ မိဘများ၊ ဆရာ၊ ဆရာမများ၊ အသင်းတော်များမှ အထူးသတိထားသင့်ပေသည်။ “ကလေးတို့အတွက်စန်းဒေးစကူး”သည် သူတို့၏ဝိညာဉ်ရေးနှင့်ယုံကြည်ခြင်းကို ကြီးပွါးတိုးတက်စေသည့်နေရာဖြစ်သည့်အားလျော်စွာ ပြင်ဆင်သင့်သည်အရာများပြင်ဆင်လျက် မပေါ့မလျော့ အားစိုက်ထုတ်ကာ ဆက်ကပ်နိုင်ပါမည်အကြောင်း တိုက်တွန်းပါရစေ။

မေတ္တာဖြင့်

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။