Skip to content

ကျွန်ုပ်တို့ ခရစ်ယာန်များတွင် မိမိ၏ လုပ်ဆောင်နိုင်ခြင်းအပေါ်၌ မူတည်တတ်သော အခြင်းအရာ အမျိုးမျိုးရှိတတ်ကြသည်။ ဤအရာများ၏ ဘေးထွက်ဆိုးကျိုးများကို ခေါင်းစဥ်ခွဲ၍ ဆွေးနွေးတင်ပြချင်ပါသည်။

#Salvation


ဂလာတိဩဝါဒစာကိုကြည့်လျှင် စစ်မှန်သော ဧဝံဂေလိတရားအတွက် ရှင်ပေါလု၏ တိုက်လှန်ခြင်းကိုတွေ့ရမည်ဖြစ်သည်။ အထူးသဖြင့် ထိုလူများသည် မိမိတို့၏ လုပ်ဆောင်ခြင်းများအပေါ်၌ မူတည်၍ ဆိုတတ်ကြသော ဧဝံဂေလိတရားများကြောင့်ပင် …

ကယ်တင်ခြင်း “Salvation” နှင့်ပတ်သတ်၍ “Performance based faith” သည် အန္တရာယ်ရှိသော အရာဖြစ်သည်ကို ဤနေရာတွင် အထူးသတိပြုရန် ရှင်ပေါလု သတိပေးနေပါသည်။ “ပညတ်တရား၏ အကျင့်ကြောင့်လား သို့မဟုတ် ယုံကြည်ခြင်းတရားကို ကြားနားခြင်းကြောင့်လား” အဖြေကို ရှင်းရှင်းလင်းလင်း နားလည်စေရန် ပညာ မမဲ့ကြပါနှင့်ဟု ပြင်းထန်စွာ ဆူနေသည်ကို ကျမ်းစာကိုကြည့်လျှင် နားလည်နိုင်ပေလိမ့်မည်။ ဤမျှလောက်ပင် ပညာမဲ့ကြသလားဟု ပြင်းထန်စွာဆူနေခြင်းသည် ဤသူတို့၏ “Performance based faith” ကြောင့်ပင်ဖြစ်သည်။

ဂလာတိဩဝါဒစာ ၃:၃
 ဤမျှလောက် ပညာမဲ့ကြသလော။ ဝိညာဉ်တော်ကိုအမှီပြု၍ လုပ်စရှိပြီးမှ၊ ဇာတိကိုအမှီပြု၍ ပြီးစေကြသလော။

ယနေ့ခေတ် ခရစ်ယာန်များသည်လည်း ဤသို့ ခံစားမိသည့် အခိုက်အတန့်ရှိနေလျှင် ဆင်ခြင်ရန်လိုအပ်ပေသည်။ သို့တည်းမဟုတ် ဤသို့ ကြားသိရသည့် ဧဝံဂေလိတရားများသည် အခြားသောဧဝံဂေလိတရားများပင်ဖြစ်သည်။ တနည်းဆိုရသော် “Performance based faith” ပင် … “ငါ လုပ်နိုင်တယ်၊ ငါ ကျင့်နိုင်တယ်၊ ငါ ငါ ငါ” ဟူသည့် အရာများအပေါ် တည်ဆောက်ထားသော အရာများဟုဆိုလျှင်လည်း မှားမည် မထင်ပါ။ ထို့ကြောင့် ရှင်ပေါလုသည် “ယုံကြည်ခြင်းအားဖြင့် ကျေးဇူးတော်ကြောင့် ကယ်တင်ခြင်းသို့ ရောက်ရ၏” ဟူသည့် သမ္မာတရားနှင့် ဆန့်ကျင်နေသည့် ဤသို့သော အခြားသောဧဝံဂေလိတရားများ “Another Gospel, Other Gospel” များကို ပြောလာသည့်သူရှိလျှင် မင်းတို့ပဲ ပြောပြော၊ ငါပဲ ပြောပြော၊ ကောင်းကင်တမန်ဆိုတာကြီးကပင် လာပြောလျှင်လည်း ကျိန်တော်မူခြင်းကို ခံစေဟု ပြင်းထန်စွာ သတိပေးထားသည်မဟုတ်ပါလား။ ထို့ကြောင့် မိမိ၏လုပ်ဆောင်နိုင်ခြင်းများ သို့တည်းမဟုတ် မိမိ၏ လုပ်ဆောင်ခြင်းများဖြစ်သည့် အကျင့်တရား၊ ပညတ်တရား စသည့် ဘာညာများအပေါ်၌သာ မူတည်နေသော “Performance based faith” များသည် အန္တရာယ်ရှိသော အရာများပင်ဖြစ်ပေသည်။

#Offerings_Tithes_FirstFruits_AlmsGiving


တမန်တော်ဝတ္ထုတွင် အာနနိတို့လင်မယား၏ လုပ်ဆောင်မှုကိုလည်း “Performance based faith” ရှုထောင့်မှကြည့်လျှင် မိမိတို့၏ ပေးလှူခြင်းအပေါ်၌ ဂုဏ်ယူလိုခြင်း၊ ဝါကြွားလိုခြင်း၊ ထင်ပေါ်လိုခြင်း၊ အသိအမှတ်ပြုခံလိုခြင်းများကြောင့်ဟုလည်း တွေ့ရှိရပေသည်။ သို့သော်လည်း နှမြောသဖြင့်သော်လည်းကောင်း ဖွက်ထားကာ လိမ်လည်လှည့်စား၍ လုပ်ဆောင်လိုက်သည့် အဖြစ်ကို ကျွန်ုပ်တို့ မှတ်မိကြပေလိမ့်မည်။

တခါတရံတွင် ကျွန်ုပ်တို့ခရစ်ယာန်များ၏ ပေးလှူခြင်းများသည် ဤသို့သော အကြောင်းအရာများအပေါ်၌ အခြေခံထားသော ပေးလှူခြင်းများဖြစ်နေတတ်သည့် အခိုက်အတန့်ရှိကောင်း ရှိနေတတ်ပေသည်။ ထိုသို့ မိမိတို့၏ ပေးလှူနိုင်မှု၊ ပေးလှူခြင်းများကို “Performance based faith” အပေါ်အခြေမခံထားမိစေရန် သမ္မာသတိနှင့် ဆင်ခြင်နိုင်ဖို့ရန် အရေးကြီးပေသည်။ ထို့ကြောင့်လည်း “လူတိုင်း ကိုယ်အလိုအလျှောက် လှူရ၏၊ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ” ဟုဆိုထားပေသည် မဟုတ်ပါလား။

ကောရိန်သုဩဝါဒစာ ဒုတိယစောင် ၉:၇ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။

#Christians_Life

ကျွန်ုပ်တို့သည် လောကအလုပ်များကိုလုပ်ဆောင်သူများလည်း ရှိကြသကဲ့သို့ အသင်းတော်၊ သာသနာအဖွဲ့အစည်းများတွင်ဖြစ်စေ ပါဝင်အစေခံသူများ သို့တည်းမဟုတ် ဆပ်ကပ်နေကြသည့် အမှုတော်ဆောင်များလည်းဖြစ်ကြပေလိမ့်မည်။ မိမိတို့၏ သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ကြိုးစားလုပ်ဆောင်တတ်ကြသူများ သို့တည်းမဟုတ် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်လေ့ရှိကြသူများလည်း ဖြစ်ကြလိမ့်မည်။
သို့သော် တခါတရံတွင် ဤသို့ မိမိတို့၏ ကြိုးစားလုပ်ဆောင်ခြင်းများနှင့် ကျေပွန်စွာ ထမ်းဆောင်လေ့ရှိကြသည့် အလုပ်များအပေါ်တွင် တုန့်ပြန်လာသည့် အရာများမှာ မျှော်လင့်သလို ဖြစ်မလာသည့် အခိုက်အတန့်များစွာ၌ “Performance based faith” ၏ ဘေးထွက်ဆိုးကျိုးအချို့ကို တွေ့ရှိရတတ်သည်။

“ငါဒီလောက် လုပ်တာတောင် အသိအမှတ်ပြုမခံရဘူး” “ငါလုပ်နိုင်တယ် ငါ .. ငါ … ငါ” “စိတ်ညစ်လိုက်တာ ဒီလောက်လုပ်ထားကို အဆင်မပြေဘူး” “ငါလုပ်ရင်ဖြစ်တာပဲ” ဤမှတဆင့် စိတ်ပိုင်းဆိုင်ရာထိခိုက်လာခြင်းများလည်း ဖြစ်လာတတ်စေသည်။ လုပ်ဆောင်သော်လည်း အသိအမှတ်ပြုမှု မခံရခြင်း၊ ကြိုးစားသော်လည်း မဖြစ်လာခြင်း၊ မိမိ၏ လုပ်ဆောင်နိုင်ခြင်းအပေါ်၌သာ အားကိုးလွန်းခြင်း စသဖြင့် အမျိုးမျိုးသော အခြေအနေတို့ကြောင့် စိတ်ဓါတ်ကျခြင်း၊ စိတ်အတက်အကျမြန်လာခြင်း၊ အလိုမကျခြင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာခြင်းတို့ကိုပင်လျှင် ခံစားရနိုင်ပေသည်။ (ဤမှတဆင့် Bipolar Disorder ဖြစ်သွားသည့် လူနာရှိကြောင်းကို “Counseling” ထဲတွင် ဖတ်ရဖူးသည်။)

ရှင်ပေတရုဩဝါဒစာ ပဋ္ဌမစောင် ၄:၁၀
 သင်တို့သည် ဆုကျေးဇူးတော်ကို အသီးသီးခံရကြသည်နှင့်အညီ၊ ဘုရားသခင်၏ အထူးထူး အပြားပြားသော ကျေးဇူးတော်ဘဏ္ဍာစိုးကောင်းကဲ့သို့၊ အချင်းချင်းဝေငှပေးကမ်းကြလော့။

အသိအမှတ်ပြုခြင်း မလိုအပ်ဘူးလားဟုဆိုလျှင် လိုအပ်ပါသည် သို့သော်လည်း ဤအရာ၌သာ အာရုံမစိုက်ထားမိစေရန်လည်း အရေးကြီးပြန်သည် မဟုတ်ပါလား။ ဆရာသမားများ၊ အထက်လူကြီးများ စသောသူတို့သည်လည်း အသိအမှတ်ပြုပေးခြင်းကို မမေ့လျော့သင့်ပေ။

ဆောင်ရွက်စရာအမှုကို ကြိုးစား၍ ပြီးစီးစေတတ်သောသူ ရှိသလော။ ထိုသူသည် သာမညလူ၏အမှုကို မဆောင်ရွက်၊ ရှင်ဘုရင်၏ အမှုတော်ကို ဆောင်ရွက်၏” ဟု သုတ္တံကျမ်း၌ ဖော်ပြထားသကဲ့သို့ ကျွန်ုပ်တို့သည်လည်း မိမိတို့၏ သက်ဆိုင်ရာနယ်ပယ်အသီးသီးတွင် “Performance based faith” ကို မဖြစ်စေဘဲ ဆုကျေးဇူးအလိုက် လုပ်ဆောင်ခြင်း၊ မေတ္တာဖြင့် ပါဝင်ခြင်း၊ သခင်ဘုရားကိုသာ မျှော်ကြည့်၍ အစေခံခြင်းသာ ဖြစ်စေရန်လည်း အရေးကြီးပေသည် မဟုတ်ပါလား။

ထို့ကြောင့် ကျွန်ုပ်တို့၏ လုပ်ဆောင်ခြင်း၊ ပါဝင်ခြင်း၊ အစေခံခြင်း အသီးသီးတို့သည် “Performance based faith” ကိုအခြေခံလျက်ရှိသော အသိအမှတ်ပြုခံလိုခြင်းထက်၊ အောင်မြင်မှုထက်၊ မိမိတို့၏ လုပ်ဆောင်နိုင်ခြင်းထက်၊ ထင်ပေါ်လိုခြင်းထက်၊ ဂုဏ်ယူလိုခြင်းထက်၊ မိမိလုပ်ဆောင်နိုင်သည် ဆိုတာထက်၊ ဝါကြွားလိုခြင်းထက် စသဖြင့်သော အရာများစွာထက် “Christ-Centered” ဖြစ်စေပြီး “ဝါကြွားသောသူမည်သည်ကား၊ သခင်ဘုရား၌သာ ဝါကြွားစေ” ဟု ကျမ်းစာလာသည်အတိုင်း လိုက်လျှောက်အသက်ရှင်ကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။