Skip to content

“For the love of money is the root of all evil” ငွေတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့၏ မူလအမြစ်ဟုဆိုသည်ကို တိမောသေဩဝါဒစာတွင် တွေ့ရသည်။ ထို့အပြင် ငွေအား လွန်ကျူးစွာတပ်မက်ခြင်းသည် ယုံကြည်ခြင်းလမ်းမှပင် လွဲသွားစေတတ်သည်ကိုလည်း သတိထားဖို့ရန် မှာကြားထားပေသည်။

ဤကမ္ဘာလောကကြီးထဲတွင်ရှိသော ကျွန်ုပ်တို့သည် ငွေကြေးလိုအပ်သည်မှာ မှန်ပါသည် သို့သော် ထိုငွေကိုသာ မြင်တတ်ခြင်း၊ အားကိုးမိခြင်း စသဖြင့် အရာရာ၌ ငွေ၏ ချုပ်နှောင်ခြင်း၌ နစ်မွန်းလျက် ထိုငွေကိုသာ တပ်မက်လွန်းနေခြင်းသည် မဖြစ်ရမည့်အရာပင် … တနည်းဆိုရသော် ထိုသို့ဖြစ်နေခြင်းသည် “Idolatry” ဟုခေါ်သော ရုပ်တုကိုးကွယ်ခြင်းပင် … ငွေကြေးအား ဘုရားသဖွယ်ကိုးကွယ်နေခြင်းအလားပင်ဖြစ်ချေသည် မဟုတ်ပါလား။

ဤတပ်မက်ခြင်းမှသည် အပြစ်သွေးဆောင်ခြင်းနောက်သို့ လိုက်ပါမိခြင်း၊ ဒုစရိုက်ပြုရာလမ်းသို့ ရောက်စေခြင်း စသဖြင့် အကျိုးနည်းပျက်ဆီးတတ်ကြသဖြင့် ရောင့်ရဲခြင်းရှိပါဟုပင် ကျမ်းစာတွင်တိတိကျကျ သတိပေးထားသည်။

သို့သော် ကျွန်ုပ်တို့ကြားကြားနေရသော “Prosperity Gospel” ကျန်းမာချမ်းသာ ဒေသနာများမှာတော့ ကျမ်းစာတွင် တိတိကျကျဖော်ပြသော အရာများနှင့် ဆန့်ကျင်ဘက်ပင် … “ဘုရားသားမှန်လျှင် ချမ်းသာရမည်” … “အမှုတော်ဆောင်တာတော့ တူတူပါ သို့သော် တစ်ယောက်သည် ဆင်းရဲ၍ တစ်ယောက်သည် ချမ်းသာခြင်းတို့၏ ကွာခြားချက်မှာ ယုံကြည်ခြင်းကြောင့်” … “ငွေမရှိလျှင် ကောင်းသောရှမာရိမဖြစ်နိုင်ဘူး” … စသဖြင့် ငွေငွေငွေ၊ ချမ်းသာမှု၊ အောင်မြင်မှု၊ ကျော်ကြားမှု စသော ရလေလိုလေ၊ လိုချင်မှု တပ်မက်မှုတို့ကိုသာ ဖြစ်စေတတ်သည့် “လောဘနှင့် တပ်မက်ခြင်း” တို့အား အခြေခံထားပြီး “ရောင့်ရဲခြင်း” ကို မဆိုတတ်ကြပေ။ ဤသို့ ကျမ်းစာလာ သမ္မာတရားနှင့် တက်တက်စင်အောင်ပင် လွဲနေခြင်းကို နားလည်နိုင်ဖို့ရန် ဘုရားရှင်ကောင်းကြီးရှိပါစေ။

ထို့ကြောင့် ဘုရားသခင်၏လူဖြစ်သော တိမောသေအား ထိုသို့သော အပြစ်များကိုလည်း ရှောင်ရှားဖို့ရန် ဤစာစောင်ထဲတွင် အထူးမှာကြားနေသည်။ ထိုအရာများထက် အရေးကြီးသော အရာများအား မြင်တတ်စေရန်၊ လုပ်ဆောင်ဖို့ရန်၊ လိုက်လျှောက်စေရန် “Flee (ကြဥ်ရှောင်လော့), Pursue (မှီအောင်လိုက်လော့)” စသည်ဖြင့် တိတိကျကျ အမိန့်ပေးနေခြင်းဟုပင် ဆိုရပေအံ့ …

တိမောသေဩဝါဒစာ ပဋ္ဌမစောင် ၆:၁၁
“သို့ဖြစ်၍၊ အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက်လော့။”

“ဘုရားသခင်၏လူ” ဟုခေါ်ဆိုသော ကျွန်ုပ်တို့ ယုံကြည်သူ ခရစ်ယာန်များသည်လည်း ထိုတပ်မက်ခြင်းနှင့် လောဘများကိုသာ ဖြစ်စေတတ်သော “Prosperity Gospel” ကျန်းမာချမ်းသာ ဒေသနာများနှင့် ဤဒေသနာရှင်များကို အထူးသတိပြုကာ ရှောင်ရှားကြဖို့ရန်လိုအပ်ပေသည်။ ဤဒေသနာရှင်များသည်လည်း ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားပင် ဖြစ်စေသည်ဟုလည်း ထင်တတ်ကြသဖြင့် ထိုသို့သောသူများအား ရှောင်ပါဟုပင် သတိပေးထားသည်ကို အခန်းငယ် “၅” တွင်တွေ့ရသည်။ ထို့ကြောင့် ကျွန်ုပ်တို့ယုံကြည်သူများသည် “Flee and Pursue” (ကြဥ်ရှောင်ခြင်းနှင့် မှီအောင်လိုက်ခြင်း) ဟူသော အရာများကို တိတိကျကျသိထားရန်နှင့် ထိုအရာများအား လိုက်လျှောက်အသက်ရှင်တတ်ကြရန် အင်မတန်အရေးကြီးကြောင်း “အိုဘုရားသခင်၏လူ၊ သင်သည် ထိုအပြစ်များကို ကြဉ်ရှောင်လော့။ ဖြောင့်မတ်စွာ ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်း၊ ယုံကြည်ချင်း၊ ချစ်ခြင်း၊ သည်းခံခြင်း၊ နူးညံ့သိမ်မွေ့ခြင်းတို့ကို မှီအောင် လိုက်လော့” ဟု ဘုရားသခင်၏လူ တိမောသေအား မိန့်မှာထားသော သမ္မာတရားသည် ယနေ့ဘုရားသခင်၏လူဖြစ်သော ကျွန်ုပ်တို့ယုံကြည်သူ ခရစ်ယာန်များအားလည်း စကားပြောနေပေတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။