Skip to content

ရှင်လုကာခရစ်ဝင် အခန်းကြီး (၁၀) ထဲတွင် တွေ့ရသော ရှမာရိမဟုတ်သော သူနှစ်ဦးသည် နယ်နယ်ရရတော့ မဟုတ်ပါ၊ ခေတ်စကားအရဆိုရလျှင် အချဥ်မဟုတ်သူများပင် …
ပထမတစ်ဦးသည် ယဇ်ပုရောဟိတ် “Priest” ဖြစ်သည်။ ထိုခေတ်ကာလအချိန်သည် ယဇ်ပုရောဟိတ်သာလျှင် မီးရှို့ရာယဇ်၊ ဘောဇဥ်ပူဇော်သက္ကာ စသဖြင့် ပူဇော်သက္ကာလုပ်ပေးနိုင်သူဖြစ်သည်။ ထို့ကြောင့် သူ၏ အရေးပါပုံသည် ပေါ့သေးသေးတော့ မဟုတ်ချေ …
ဒုတိယတစ်ဦးမှာ လေဝိ “Levite” ဖြစ်သည်။ သူသည်လည်း အချာဘီမဟုတ် (အချဥ်မဟုတ်သူဟု ဆိုလိုခြင်း)။ တနည်းဆိုရလျှင် သူသည် တရားဟောဆရာ၊ သင်ကြားပေးသူ စသဖြင့် ကျမ်းစာကို နှံ့နှံ့စပ်စပ် သိရှိသူဟုပင် ဆိုပေအံ့ …

ထိုသူနှစ်ဦးလုံး၏ တာဝန်နှင့် ဝတ္တရားတို့သည် အင်မတန်လေးနက်သည်၊ အရေးအကြီးသည်ဟုလည်း ဆို၍ရနိုင်သည်။ အဘယ့်ကြောင့်ဆိုသော် ပူဇော်သက္ကာအတွက် လုပ်ဆောင်ပေးရသူနှင့် တရားဟောကြားသူ သင်ကြားပေးသူတို့သည် ဘုရားအမှုတော်မြတ်အတွက် ထမ်းဆောင်နေသောသူများပင်ဖြစ်သည် မဟုတ်ပါလား။ ထို့ကြောင့်လည်း သူတို့၏အမြင်သည် မိမိကိုယ်ကိုယ်သာလျှင် သို့တည်းမဟုတ် ကိုယ့်ကိစ္စ၊ ကိုယ်သွားရာလမ်း၊ ကိုယ်လုပ်နေသည့်အရာ၊ ကိုယ်လုပ်ရမည့်အရာကိုသာ မြင်တတ်သည် တနည်းဆိုရသော် ယနေ့အမှုတော်ဆောင်အချို့ကဲ့သို့ ကိုယ်ဟောပြောရဖို့သော်လည်းကောင်း လက်တွေ့မကျသည့် ဧဝံဂေလိတရားကိုသာ အရေးကြီးသည်ဟု မှတ်ယူထားသူများပင် … ထို့ကြောင့် လမ်းတွင်ရှိသော လူနာအား မသနားတတ်၊ စာနာမပေးတတ်ပေ။ ဤသည်မှာလည်း လူနာအား မမြင်သောကြောင့် မဟုတ်သည်ကို “မြင်လျှင် လွှဲရှောင်၍ သွားလေ၏၊ ကြည့်မြင်လျှင် လွှဲရှောင်၍ သွားလေ၏” ဟုလည်း ကျမ်းစာတွင် တိတိကျကျဖော်ပြထားပေသည်။

ထိုသူတို့ မသိသည်မှာတော့ ဧဝံဂေလိတရားသည်ပင် ရန်ငြိမ်းခြင်းတရား၊ ငြိမ်းချမ်းခြင်းတရား၊ သနားခြင်းကရုဏာ မေတ္တာတရားတ်ို့နှင့်ပြည့်နှက်နေသောတရား၊ ချည်နှောင်ခြင်းမှ လွတ်စေသောတရား၊ ဝမ်းမြောက်စေသောတရား၊ နာကျင်ခြင်း ငိုကြွေးခြင်းမှ လွတ်မြောက်စေသောတရားပင်အခြားသောသူတို့၏ ငိုကြွေးခြင်းများနှင့် နာကျင်ခြင်းများကို မမြင်တတ် မသနားတတ် မစာနာဘဲ မိမိ၏တာဝန်နှင့် ဝတ္တရား၊ မိမိဟောနေသည့် ဧဝံဂေလိတရားသာလျှင် အရေးကြီးသည်ဟု အသံကောင်းဟစ်ကာ ထင်မြင်ယူဆနေသူသည် ရှင်လုကာ (၁၀) မှ ယဇ်ပရောဟိတ်အလား၊ လေဝိအလား အဆံချောင်သူ သို့တည်းမဟုတ် လက်တွေ့မပါသည့် အမှုတော်ဆောင်ပင်ဖြစ်ချေတော့မည် မဟုတ်ပါလား။

မေတ္တာတော်ရှင်ဘုရား၊ သနားခြင်းကရုဏာရှိသောဘုရားအား ကိုးကွယ်ကာ အမှုတော်မြတ်အတွက် တာဝန်ထမ်းဆောင်နေကြပါသော်လည်း ထိုသူနှစ်ဦး၏ နှလုံးသားထဲတွင်တော့ မေတ္တာ မရှိခဲ့၊ သနားခြင်းလည်း မရှိသကဲ့သို့ ကရုဏာလည်း မရှိခဲ့ပေ။ သူတို့၏ စိတ်ထဲတွင်ရှိသည်မှာ ယဇ်ပရောဟိတ်သည်လည်း ယဇ်ပူဇော်ပေးရန်သာအရေးကြီးသကဲ့သို့ လေဝိသည်လည်း တရားဟောခြင်းနှင့် သင်ကြားပေးခြင်းသည်သာလျှင် အရေးကြီးသည်ဟု ခံယူထားပုံရပေသည်။

ကျွန်ုပ်တို့သည်လည်း ကျမ်းစာဖတ်လျှင် တာဝန်ကျေသယောင်၊ ဧဝံဂေလိတရားဟောနေရလျှင်ပင် မိမိကိုယ်ကိုယ် တမန်တော်ကြီးအလား ထင်နေတတ်ကြကာ ဓမ္မ/အဓမ္မ မသဲကွဲ၊ မတရားမှုများကိုလည်း မခွဲခြားတတ်သကဲ့သို့ ကရုဏာတရား မေတ္တာတရား ခေါင်းပါးကာ ကိုယ်ချင်းလည်းမစာနာ၊ မသနားတတ်တော့ဘဲ မျက်စိပိတ်၊ နားပိတ်လျက် လောကတွင်ဖြစ်ပျက်နေသော အရာများကိုမြင်သော်လည်း မမြင်ချင်ယောင်ဆောင်ကာ လွှဲရှောင်သွားတတ်သော ယဇ်ပရောဟိတ်နှင့် လေဝိဖြစ်မှန်းမသိ ဖြစ်နေတတ်ကြပေသည်။ ထိုသို့ မိမိကိုယ်ကိုမိမိ ဟုတ်လှပြီဟုထင်နေတတ်သူများထဲတွင် ကျွန်ုပ်တို့မပါမိစေဖို့ရန် အင်မတန်မှပင် အရေးကြီးပါသည်။
ရှင်လုကာခရစ်ဝင် ၁၀:၃၇
 “ကျမ်းတတ်ကလည်း၊ လူနာကိုသနားသောသူသည် စပ်ဆိုင်သောသူဖြစ်ပါ၏ဟုလျှောက်သော် ယေရှု က၊ သင်သည်သွား၍ ထိုနည်းတူပြုလော့ဟု မိန့်တော်မူ၏။

ယဇ်ပရောဟိတ်ကဲ့သို့သောသူ၊ လေဝိကဲ့သို့သောသူထက် သနားခြင်းကရုဏာရှိသော ရှမာရိကိုသာ ကျွန်ုပ်တို့သင်ယူကြသော်လည်း လက်တွေ့တွင်တော့ ဆန့်ကျင်ဘက်ဖြစ်နေတတ်ကြပေသည်။ “ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးရန်” မေ့လျော့ကာ သနားခြင်းကရုဏာမရှိသူ၊ ကိုယ်ချင်းမစာ မေတ္တာမရှိသူ ယဇ်ပရောဟိတ်နှင့် လေဝိသည် ယနေ့ခေတ်၏ အချို့သော ခရစ်ယာန်များနှင့် အမှုတော်ဆောင်များပင်ဖြစ်နေတတ်ကြသည်မှာလည်း အမှန်ပင် …
ထို့ကြောင့် ဖြစ်ပျက်နေသော အရာများအား မျက်စိကိုဖွင့်၊ နားကိုစွင့်ကာ မြင်တတ် ကြားတတ်ရုံမျှမက သနားရမည့်သူကို သနား၊ ကူညီရမည့်သူကို ကူညီ၊ ဖေးမရမည့်သူကို ဖေးမ၊ ဆုတောင်းရမည့်အရာကို မလိုအပ်ဘူးဟု တလွဲဟစ်အော်နေမည့်အစား ဆုတောင်းကြရမည်။ သနားခြင်းကရုဏာနှင့်ပြည့်သော ဘုရား၊ မေတ္တာတော်ရှင် ဘုရားကို ကိုးကွယ်ကာ ဆက်ကပ်အမှုတော်ဆောင်လျက် ရှိကြသော ကျွန်ုပ်တို့ ခရစ်ယာန်များနှင့် အမှုတော်ဆောင်များသည် ယဇ်ပရောဟိတ်တာဝန်၊ လေဝိအလုပ်များကို လုပ်ရုံနှင့်သာ ပြီးပြီဟု မမှတ်ယူဘဲ ငိုကြွေးသောသူတို့နှင့်အတူ ငိုကြွေးရန်သော်လည်းကောင်း လိုအပ်သကဲ့သို့ ကောင်းသောရှမာရိကဲ့သို့ အတုယူကာ “ငွေကြေးအားဖြင့်ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ၊ ဆုတောင်းပေးခြင်းဖြစ်စေ” စသဖြင့် နှုတ်၏ဆောင်မခြင်း၊ လက်၏ဆောင်မခြင်းများဖြင့်လည်း မေတ္တာ ကရုဏာထားကာ ပြုမူတတ်ရန်လည်း လိုအပ်ပေသည်မှာ “ထိုနည်းတူ ပြုလော့” ဟုပင်ဖြစ်ချေတော့သည် မဟုတ်ပါလား …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။