Skip to content

အမှုတော်ဆောင်များအတွက် အမှုတော်ထဲမှာ အစေခံနေခြင်းကလွဲ၍ ကျန်သည့်အရာများကို အမှုတော်နှင့်မဆိုင်ဟု သတ်မှတ်၍ မရချေ။ ထိုအထဲမှာမှ ထာဝရဘုရားဆုချ၍ပေးသနားတော်မူသော အမွေဥစ္စာတည်းဟူသော သားသမီးရတနာများကိုပြုစုပျိုးထောင်ရခြင်းသည်လည်း အိမ်ထောင်မိသားစုရှိသော အမှုတော်ဆောင်တို့အဖို့အရေးကြီးသော အခန်းကဏ္ဠတရပ်အဖြစ်ရှိနေဆဲပါပဲ။ ဤအမှုအရာ၌ သားသမီးရှိသောအမှုတော်ဆောင်တို့အနေဖြင့် ပေါ့ဆ၍ မသင့်ဘဲ၊ တန်ဖိုးထားအလေးပေးပြုစုသင့်ပေသည်။

ဘယ်ကလေးကိုမျှ မွေးဖွားလာသည်နှင့်လိမ္မာရေးခြားရှိမည့်ကလေး၊ ကြီးလာရင်မိဘတွေကိုလုပ်ကျွေးမည့်ကလေး လို့ အတပ်မဆိုနိုင်ပါဘူး။ ငယ်စဉ်မှာလိမ္မာယဉ်ကျေးပြီး ကြီးပြင်းလာသည့်အခါ ဆိုးမိုက်ပေတေသည့်အသက်တာကို ဖြတ်သန်းနေသည့်သားသမီးတွေကို ရင်မောစွာနဲ့ချစ်နေရတဲ့ မိဘတွေများစွာရှိနေတယ်ဆိုတာ ငြင်းမရပါဘူး။ ထိုမိဘတွေထဲမှာ အမှုတော်ဆောင်တွေလည်းအပါအဝင်ပါပဲ။ အများစုကတော့ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ဆိုးမိုက်တဲ့သားသမီးကို အဖေဖြစ်သူက စိတ်ကုန်သွားတာမျိုး၊ အမေဖြစ်သူက အလိုလိုက်ပေးနေတာမျိုးတွေလည်း အမှုတော်ဆောင်တွေထဲမှာရှိကြပါတယ်။ တကယ်တမ်းပြောပြရရင် ဒီထက်ဆိုးဝါးတဲ့အဖြစ်အပျက်တွေအများကြီးပါပဲ။ ဒီလိုသားသမီးတွေ ဆိုးသွမ်း မလိမ္မာရခြင်းက ဘာကြောင့်လဲ။ အမှုတော်ဆောင်နေလျက်နှင့်ပင်ဤသို့ကြုံရခြင်း၊ ဆုချ၍ပေးသောအမွေဟုဆိုသော်လည်း ပင်ပန်းခြင်းနှင့်ယှဉ်နေရခြင်းက ဘုရားသခင်ကြုံတွေ့စေသည်လော ဒါမှမဟုတ် စာတန်နှောင့်ယှက်ခြင်းလော။

“မိ​မိ​အိမ်​ကို ကောင်း​မွန်​စွာ အုပ်​စိုး၍ သ​မ္မာ​သ​မာ​ဓိ​ရှိ​သည်​နှင့်၊ မိ​မိ​သား​သ​မီး​ကို ဆုံး​မ​နိုင်​သော​သူ ဖြစ်​ရ​မည်။ မိ​မိ​အိမ်​ကို မ​အုပ်​စိုး​တတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို အ​ဘယ်​သို့​ပြု​စု​လိမ့်​မည်​နည်း။”
‭‭တိမောသေဩဝါဒစာပထမစောင် ၃း၄-၅

အမှုတော်ဆောင်သားသမီးတွေ ဘာလို့သူများထက် ဆိုးလဲမသိဘူးနော်” ဆိုတဲ့စကားကို ကြားဖူးတဲ့အပြင် ပြောလည်းပြောဖူးမယ်ထင်ပါတယ်။ ဘာလို့ ဆိုးသလဲဆိုရင် အဓိကပြဿနာက မဆုံးမနိုင်ခြင်းကြောင့်ပါပဲ။ တနည်းဆိုရလျှင် ကိုယ့်ရဲ့ထိန်းချုပ်မှုအောက်၌ မရှိခြင်းပါပဲ။ ဒီလို ထိန်းချုပ်နိုင်စွမ်းမရှိတော့တဲ့အခါ သားသမီးတွေဟာ “out of control” ဖြစ်လာကြပါတော့တယ်။ ထိုက်သင့်တဲ့ဆုံးမမှုမျိုး၊ ထိုက်သင့်တဲ့ဂုဏ်ပြုမှုမျိုးကို ပေးရမယ့်အစား အချိန်တိုင်းမှာ အလိုလိုက် အချိုကျွေးမည်ဆိုပါက ရေရှည်မှာကိုယ့်အတွက် ခေါင်းခဲစရာပဲဖြစ်နေမှာပါ။ နောက်ပြီး ကိုယ့်အသင်းတော်သို့လာတဲ့ မိဘများကလည်း ဒီလိုမျိုးကိုယ့်သားသမီးကိုတောင်အလိုတော်နှင့်အညီအဆုံးအမ မပေးနိုင်သော အမှုတော်ဆောင်ထံ၊ သင်းအုပ်ထံသို့ စိတ်ချစွာအပ်နှံရဲပါ့မည်လား။ အများသော အမှုတော်ဆောင်တွေကတော့ သားသမီးကိုထိုက်သင့်သည့်ဆုံးမခြင်း၊ အလိုတော်နှင့်ညီသော ဆုံးမခြင်းမျိုးပေးလျက်နှင့်ပင် သားသမီးများကိုယ်၌က ဆိုးမိုက်ချင်စိတ်အားကြီးတာမျိုးလည်းရှိနေတတ်ပါတယ်။ အချို့သောအမှုတော်ဆောင်များရဲ့ဆုံးမမှုတွေကျတော့ သူတို့ရဲ့ဆိုးမိုက်ချင်တာတွေကို နောင်တရဖို့ပြောဆိုဆုံးမခြင်းမရှိဘဲ သူတို့ရဲ့ခံစားချက်ကိုကြင်နာသလိုနဲ့ ပို၍နာကျင်စေသည့်အပြုအမူအပြောအဆိုဆက်ဆံမှုတွေကြောင့် “မိုက်တွင်းကပိုနက်၊ နောင်အခါတွေနားဝင်ဖို့ခက်” အခြေအနေမျိုးတောင်ဖြစ်လာကုန်ကြသည်။

နောက်ထပ်တခုကတော့ ဒီနေ့ကာလက လူမှုကွန်ယက်အသုံးပြုခြင်းဆိုတာ နေ့စဉ်လုပ်ရတဲ့အလုပ်တခုလိုဖြစ်လာနေသောကြောင့် အမှုတော်ဆောင်တွေလည်း ထိုအရာနဲ့မကင်း အသုံးပြုကြရတာပါပဲ။ အမှုတော်ဆောင်တွေအနေနဲ့သားသမီးတွေ လူမှုကွန်ယက် အသုံးပြုတာနဲ့ပက်သက်လို့ အထူးသဖြင့်သူတို့တွေငယ်ရွယ်စဉ်အခါအသုံးပြုတတ်စမှာ သင့်တော်တဲ့ထိန်းချုပ်မှုမျိုးထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် အင်တာနက်ဆိုသည့်အရာက ကျယ်ပြန့်ပြီး စုံလင်များပြားတဲ့ အဆိုးအကောင်းအရာများ ဒွန်တွဲကာရှိနေလို့ပါပဲ။ ပညာရေးအတွက်အထောက်အကူဖြစ်စေဖို့သူတို့ကိုအလိုရှိရာသုံးစေနိုင်ပေမယ့်၊ ဘုရားအလိုမရှိတဲ့အရာများစွာက ခလုတ်တချက်ခေါက်တာနဲ့မှောက်လဲသွားစေနိုင်တာကိုလည်း အမှုတော်ဆောင်များမမေ့ဖို့ရန် သတိပေးပါရစေ။

ပိုပြီးသတိထားသင့်တဲ့အရာတခုရှိပါသေးတယ်။ အဲ့ဒါကတော့ “ငွေကြေး” ပါပဲ။ ပင်ကိုယ်ချမ်းသာတဲ့အမှုတော်ဆောင်ရှိသလို၊ အလှူငွေအများကြီးရလို့ချမ်းသာလာတဲ့အမှုတော်ဆောင်တွေလည်းရှိပါတယ်။ ဘယ်လိုပဲဖြစ်နေပါစေ ထိုသို့ငွေတွေကိုရလာတဲ့အခါမှာ သားသမီးတွေကိုလည်း အနည်းနဲ့အများမုန့်ဖိုးပေးမှာကတော့ အသေအချာပါပဲ။ မိသားစုထဲ “ကောင်းမွန်စွာအုပ်”(manage)ခြင်းအရာမှာ “ငွေ”ကိုလည်း ချန်ထားလို့မရပါ။ ဘာလို့အပေါင်းအသင်းတွေ ပေါင်းစုံပေါင်းနေရလဲ၊ အရက်သောက်တတ်လာရတာလဲ၊ လောင်းကစားတွေလုပ်တတ်လာရတာလဲ လို့ဒီလိုအဖြစ်တွေကြုံပြီး မေးခွန်းတွေထုတ်လာခဲ့ရင် ကိုယ့်ကိုကိုယ်သာအရင် အပြစ်တင်ဆင်ခြင်ရမှာပါ။ ကိုယ်တိုင်က ငွေကို တပ်မက်ပြီးအမှုဆောင်နေရင် ကိုယ့်မိသားစု သားသမီးတွေဟာလည်း ငွေမရှိရင် မနေတတ်၊ ငွေကိုသာခင်တွယ်လျက် လောဘသားကောင်တွေဖြစ်လာမှာအသေအချာပါပဲ။

ချစ်သောအမှုတော်ဆောင်တို့ … သားသမီးတွေကိုသမ္မာတရားလမ်း၌ ထိန်းကျောင်းခြင်း၊ ပြုစုပျိုးထောင်ခြင်း အရာနှင့်ပက်သက်ပြီး ဖော်ပြစရာ၊ သတိပေးစရာများစွာရှိသော်လည်း ကာယကံရှင်ကိုယ်တိုင် ဘယ်အရာကိုလုပ်ဆောင်ရမည်ဆိုတာအသိဆုံးဖြစ်လို့ ဤမျှသာတင်ပြပါရစေ။ သို့သော် ခရစ်ယာန်အိမ်ထောင်တခုအဖြစ်သာမက အမှုတော်ဆောင်လျက်ရှိသောသူ၏အိမ်ထောင်ဖြစ်သောကြောင့် သားသမီးများအား အထူးသဖြင့်ဆုံးမသွန်သင်တတ်လျက် အသင်းတော်အတွက် ပုံသက်သေကောင်းများဖြစ်ကြပါမည်အကြောင်း တိုက်တွန်းရင်း

မေတ္တာဖြင့်

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။