Skip to content

စိတ်တိုခြင်း၊ စိတ်ဆိုးခြင်းတို့သည် မိမိတို့ကိုယ်တိုင်အတွက်သာမက မိမိတို့၏ဘေးပတ်ဝန်းကျင်ကိုပါ ထိခိုက်စေတတ်သော စိတ်ခံစားချက်တို့အား အခြေပြုထားသည့် စနက်တံတစ်ခုလည်းဖြစ်သည်။ ထိုစနက်တံသည် အခြေအနေတစ်ခုဖြစ်စေ၊ စကားတစ်ခွန်းကြောင့်ပင်ဖြစ်စေ လွတ်ထွက်သွားတတ်ကြပေသည်။ ထိုမှတဆင့် စိတ်မရှည်တော့ကာ စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်များနှင့် စိတ်အလိုလိုက်၍ ပြောမိခြင်းများ စသဖြင့်တို့သည် အစပြုလာကာ စိတ်ဆိုးခြင်း၊ စိတ်တိုခြင်းကို ဖြစ်ပေါ်လာစေပြီးနောက်တွင် ထိုမှထပ်ဆင့်၍ အရာရာထိခိုက်သွားတတ်ပေသည်မဟုတ်ပါလား။

ထိုသို့သောအဖြစ်အပျက်များစွာအား ကျွန်ုပ်တို့သည် မိမိတ်ို့ကိုယ်တိုင်ဖြစ်စေ၊ မိမိတို့၏ ပတ်ဝန်းကျင်တွင်ဖြစ်စေ ကြုံတွေ့ရင်ဆိုင်ဖူးကြပေလိမ့်မည်။ ထိုသို့သောအချိန်များတွင် ထွက်ပြေးချင်သည့် ခံစားချက်များပင်ဖြစ်နေပေဦးလိမ့်မည်။ မြန်မာစကားပုံတစ်ခု၌ “လူပု စိတ်တို၊ ခွေးပု ရန်လို” ဟုပင်ဆိုထားသေး၏။ စိတ်တိုခြင်း၊ စိတ်ဆိုးခြင်းတို့သည် စိတ်မထိန်းနိုင်ခြင်းကြောင့်လည်း ဖြစ်ဟန်ရှိသည်။ သုတ္တံကျမ်းထဲတွင်တော့ “စိတ်တိုတတ်သောသူသည် မိုက်စွာသောအမှုကိုပြုတတ်၏” ဟုပင်ဆိုထားသည်။ ကျွန်ုပ်တို့သည် စိတ်တိုနေချိန်တွင် စဥ်းစားဆင်ခြင်မှု၊ ပိုင်းခြားခြင်း၊ တွေးတောခြင်းများသည်ပင်လျှင် မရှိတော့လောက်သည်အထိဖြစ်တတ်ကာ သို့တည်းမဟုတ် ပျောက်ကွယ်သွားတတ်ပြီး စိတ်လိုက်မာန်ပါပြောဆိုမှုများ၊ လုပ်ဆောင်ချက်များနှင့် ဆုံးဖြတ်ချက်များကိုသာ မှားယွင်းစွာလုပ်ဆောင်မိတတ်ကြသည်မှာလည်း အမှန်ပင်ဖြစ်သည်မဟုတ်ပါလား။

မိမိသည် စိတ်တိုလွယ်သူ၊ စိတ်ဆိုးလွယ်သူဖြစ်လင့်ကစား ထိုအရာများကို ဆင်ခြင်ကာ ပြင်ဆင်ရန် ယနေ့နှုတ်ကပတ်တော်သည် သင့်အတွက်ဖြစ်ပါစေ။ လူတိုင်းနီးပါးသည် ထိုစိတ်တိုခြင်း၊ စိတ်မရှည်ခြင်းအတွက် ဆုတောင်းတတ်ကြသည်၊ ဆုတောင်းပေးပါဟုဆိုတတ်ကြပေသော်လည်း ထိုအရာများလည်းကို မိမိကိုယ်တိုင် ပြင်ဆင်လိုစိတ် ပြောင်းလဲလိုစိတ်နှင့် သတိပြုကာ မနေထိုင်ဘဲ စိတ်အလိုသာလိုက်၍ “ကမူးရှူးထိုး” သာလုပ်လျှင်တော့ အချည်းနှီးသက်သက်ပင်ဟုဆိုရပေအံ့ …

သုတ္တံကျမ်း ၁၄:၂၉
 “စိတ်ရှည်သောသူသည် ပညာကြီး၏။ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် စိတ်တိုခါနီး စိတ်ဆိုးခါနီးတွင်ဖြစ်စေ၊ စိတ်မရှည်နိုင်တော့သည့်တိုင်အောင် မိမိ၏ အတွင်းနှလုံးသားထဲတွင် ဆင်ခြင်လျှက် “စိတ်ရှည်သောသူသည် ပညာကြီး၏” ဟု နှလုံးသွင်းမိပါစေ။ သို့တည်းသာမက စိတ်တိုမိသည့် စိတ်ဆိုးမိလာသည့်တိုင်အောင် ဆိုးညစ်သောစကားများ မဆိုမိခင်၊ လွဲမှားသော ဆုံးဖြတ်ချက်များနှင့် လုပ်ဆောင်ခြင်းများအား မပြုမိခင်တွင်သော်လည်းကောင်း ထိုသို့သော အမှားအယွင်းများမဖြစ်ခင်တွင် “စိတ်တိုသောသူမူကား အထူးသဖြင့် မိုက်ပေ၏” ဟုကျမ်းစာလာသည်ကို သတိရကာ မှားယွင်းမှုများကို အချိန်မှီတားဆီးနိုင်ဖို့ရန် သတိပြုမိဖို့ရန် ဘုရားရှင်ကောင်းကြီးရှိပါစေ။

ဆုတောင်းချက်။
 အဖဘုရားသခင် ကျွန်ုပ်တို့အား ရှည်သောစိတ်နှင့် အသက်ရှင်တတ်စေရန် လမ်းပြတော်မူပါ။ “စိတ်တိုတတ်သောသူသည် မိုက်စွာသောအမှုကိုပြုတတ်၏၊ စိတ်တိုသောသူမူကား၊ အထူးသဖြင့် မိုက်ပေ၏။” ဟု ကျမ်းစာက သတိပေးထားသည့်အတိုင်း နှလုံးသွင်းတတ်သူများဖြစ်စေရန်လည်း ခွန်အားပေးသနားတော်မူပါ။ ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်နှလုံးကို ပြင်ဆင်လျှက် သမ္မာသတိနှင့်ထိန်းကာ ရှည်သောစိတ်နှင့် ရှင်သန်နိုင်ပါမည့်အကြောင်း သခင်ယေရှုခရစ်တော်၏ နာမတော်မြတ်၌ ဆုတောင်းကြပါ၏။ အာမင် …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။