Skip to content

အမှုတော်ဆောင်တဲ့သူတိုင်းဟာ တရားဒေသနာဝေငှဟောပြောခြင်းကို ရှောင်လွှဲလို့မရပါဘူး။ ကိုယ်တိုင်က ဧဝံဂေလိတရားကိုကြားခဲ့ပြီးနောက်၊ ထိုတရားကိုဆက်လက်ကြားပြောကာ၊ သက်ဆိုင်သူ ယုံကြည်သူများအားလည်း ထိုတရားတော်ကိုအမှီပြုလျက် တိုက်တွန်းခြင်း၊ ခွန်အားပေးခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ တည်ဆောက်ပေးခြင်းအမှုရာတွေ၌ ဆက်လက်ပြီးမွှေ့လျော် ဝန်တာထားလုပ်ဆောင်နေရမှာဖြစ်ပါတယ်။ ဒါကြောင့် အမှုတော်ဆောင်တွေအနေဖြင့် နှုတ်ကပတ်တော်ဟောပြောခြင်းအတွက် အမြဲအသင့်ဖြစ်နေသင့်ပါတယ်။

ဘာဒေသနာဟောပြောမလဲ

ဘာဒေသနာကိုဟောပြောမလဲ ဆိုရင် သခင်ဘုရားရဲ့ဒေသနာကိုသာ ဟောပြောရမှာပါ။ ဘာကြောင့်ဒီလိုဆိုရသလဲဆိုရင် သမ္မာကျမ်းစာထဲမှာ ကျွန်ပ်တို့သိသင့်သည့်အရာများရှိသလို၊ အဓိကထားလိုက်လျှောက်သင့်သည့်အရာများလည်းရှိလို့ပါပဲ။ မျက်မှောက်ကာလမှာ သတိထားမိသည့်အရာကတော့ အဓိကထားလိုက်လျှောက်သင့်သည်များကို သိပ်ပြီး မဟောပြောလာကြတော့ခြင်းပဲဖြစ်ပါတယ်။ ဘုရားစကားကို ဘုရားပြောစေလိုသည်အတိုင်းပြောသည်ထက်၊ ဘုရားကျောင်းကိုလာသည့် ပရိသတ်သဘောကျအောင် ဟောပြောလာကုန်ကြသည်။ ကယ်တင်ခြင်း ရရှိပြီးသည့်အသက်တာမှာ ရှိသင့်သည့် အရည်အသွေး၊ စရိုက်လက္ခဏာတွေ တနည်းဆိုရလျှင် သခင်ယေရှုကဲ့သို့သောအသက်ရှင်မှုမျိုးကို မီးမောင်းထိုးပြသော ဟောပြောမှုတွေအင်မတန်မှနည်းလာပါတယ်။ အမှုတော်ဆောင်များအနေနဲ့ သခင်ယေရှုကဲ့သို့သော အသက်ရှင်မှုပုံသက်သေသာမက သခင့်ရဲ့ဒေသနာကိုအစဉ်ဟောပြောနေသင့်သည်။ များသောအားဖြင့် ကိုယ်ကြိုက်နှစ်သက်သော ဆရာတယောက်ယောက်ရဲ့ပုံစံ၊ အဟောအပြောအတိုင်း အတုယူကာ ကိုယ့်ကိုကိုယ် ပုံသွင်းနေခြင်းကအလွန်းဆိုးရွားလွန်းလှပါတယ်။ အချိန်အများကြီးပေးစရာမလိုတဲ့ အသင့်စားနိုင်တဲ့အစားအသောက်ကို ကိုယ်တိုင်က စားနေသလို ကိုယ့်တရားကိုနာနေသူကိုပါကျွေးမယ်ဆိုရင်တော့ ရေရှည်အတွက်တော့ ရင်လေးစရာပါပဲ။

ဘာကြောင့် ဒီလိုပြောရသလဲဆိုရင် အမှုတော်ဆောင်တွေ “ပျင်း”လာကြလို့ပါပဲ။ ဘယ်လိုတောင် “ပျင်း”ကြသလဲဆိုရင် တနင်္ဂနွေ ဝတ်ပြုခြင်းအတွက် တရားဒေသနာပြင်ဆင်ကြတဲ့အခါမှာ ကိုယ်တိုင်ကနှုတ်ကပတ်တော်၌မွှေ့လျော်ပြင်ဆင်ရမည့်အစား နာမည်ကြီးတရားဟောဆရာတွေရဲ့စာအုပ်တွေကိုဖတ်ပြီး ပြန်လည်ဝေငှသွန်သင်ဟောပြောလာနေကြတာက အမှုတော်ဆောင်တယောက်အဖို့တော်တော်ကိုဆိုးဝါးတဲ့အမှုပါပဲ။ ကိုယ့်ဖတ်နေတဲ့ နာမည်ကြီးစာရေးဆရာရဲ့အာဘော်က နှုတ်ကပတ်တော်နှင့်ညီရဲ့လား၊ သခင့်ရဲ့ဒေသနာဟုတ်ရဲ့လား၊ ဘုရားကိုချီးမြောက်ခြင်းရှိရဲ့လား စသည်ဖြင့် မစစ်ဆေးဘဲ၊ “ငါဖတ်လို့ကောင်းတယ်၊ ငါကြိုက်တယ်၊ ဒါကိုဟောမယ်” ဆိုတာမျိုးကအမှုတော်ဆောင်တွေထဲမှာ တကယ်ရှိနေတဲ့ဖြစ်ရပ်မှန်ပါပဲ။ သင်ဟာအမှုတော်ဆောင်တယောက်ဆိုလျှင် မပျင်းပါနှင့်။

အထူးသဖြင့် သခင်ဘုရား၏ဒေသနာကိုအစဉ်ဝေငှခြင်းငှါ မပျင်းပါနှင့်။ အမှုတော်မြတ်မှာသင်ပျင်းနေပါက သင့်ရဲ့အသင်းတော်၊ မိဿဟာရ၊ သာသနာဟာ ခန္ဓာကိုယ်ကြီးသာကြီးမားပြီး ဦးနှောက်ကကျုံ့နေသည့်အဖြစ်မျိုးဖြစ်နေပါလိမ့်မယ်။ အရှင်းလင်းဆုံးပြောရလျှင် ဟောချင်တာဟောဖို့အမှုတော် မဆောင်လိုက်ပါနှင့်။ ကိုယ်ဖြစ်ချင်သလိုဖြစ်လာမှာထက် ဖြစ်ချင်ရာတွေဖြစ်ကုန်ပါလိမ့်မယ်။ ဒါကြောင့် ခရစ်တော်ရဲ့ဒေသနာကိုဟောပြောခြင်းငှါ အားမလျော့ဘဲ အစဉ်အသင့်ရှိနေဖို့တိုက်တွန်းပါရစေ။ “ကိုယ်ကို၎င်း၊ ကိုယ်ဆုံးမဩဝါဒကို၎င်း သတိပြု၍အမြဲတည်နေလော့။ ထိုသို့ပြုလျှင်၊ ကိုယ်ကို၎င်း၊ နားထောင်သောသူတို့ကို၎င်းကယ်တင်လိမ့်မည်။”

ဘာကြောင့်ဟောပြောသလဲ

ဘာကြောင့်ဟောပြောသလဲလို့ မေးတဲ့အခါ ခိုင်မာတဲ့ဆုံးဖြတ်ချက်၊ မြဲမြံတဲ့ဆုံးဖြတ်ချက်ရှိသည့် အမှုတော်ဆောင်ကတော့ သခင်၏ဘုန်းနှင့်နိုင်ငံတော်အဖို့လို့ဖြေပါလိမ့်မယ်။ တရားဟောရင်းအောင်မြင်လာကြတယ်ဆိုပြီး စျေးကွက်ကောင်းတဲ့အရာတခုလို့မြင်ကာ ကိုယ်ကောင်းစားဖို့၊ နာမည်ကျော်ကြားလာဖို့ ကိုယ့်ကိုကိုယ်ချီးမြောက်ဖို့စိတ်နှင့် ဟောပြောမည်ဆိုရင်တော့ အမှုတော်ထဲ မလာပါနှင့်၊ စီးပွါးရေးနယ်ပယ်၌သာ အောင်မြင်အောင်လုပ်ဖို့အကြံပေးပါရစေ။

“ငါတို့သည် ကိုယ်အကြောင်းကို ဟောပြောကြသည်မဟုတ်။ ယေရှုခရစ်သည် သခင်ဖြစ်တော်မူကြောင်း ကိုလည်းကောင်း၊ ငါတို့သည် ယေရှုအတွက် သင်တို့၏ကျွန် ဖြစ်ကြောင်းကိုလည်းကောင်း ဟောပြောကြ၏။”
တရားနာတဲ့သူခမျာ တရားဟောတဲ့သူကို ကျေးဇူးရှင်ကြီးပမာ ကိုးစားနေရမည်ဆိုသည့်အနေအထားက မဖြစ်သင့်ပါ။ “ငါဟောလို့ပြောင်းလဲသွားတာ”ဆိုပြီးတော့လည်းဘယ်တော့မှ မဝါကြွားပါနှင့်။ အသက်တာတွေကိုပြောင်းလဲစေချင်သော အမှုတော်ဆောင်ရဲ့ဟောပြောခြင်းဟာ ဘယ်သောအခါမျှ”ကိုယ့်ကိုကိုယ်ဗဟို”မပြုပါ၊ ပြောင်းလဲစေသော “သခင်ဘုရားကိုသာဗဟို”ပြုဟောပြောပါတယ်။

ချစ်သောအမှုတော်ဆောင်တို့ နှုတ်ကပတ်တော်ဟောပြောဝေငှခြင်းအရာကို သာမန်အမှုအရာတခုအဖြစ် မသတ်မှတ်လိုက်ပါနှင့်။ အလှူငွေရဖို့ရာဟောပြောခြင်းထက်၊ အသင်းတော်မှာသော်၎င်း၊ အွန်လိုင်းပေါ်မှာသော်၎င်း လူကြည့်များဖို့ထက်၊ သခင်ဘုရား၏သတင်းတော်တည်းဟူသော သမ္မာတရားအားဖြင့် တရားနာသောသူတို့သည်ပြောင်းလဲမည့်အကြောင်း၊ ထိုသခင်သာ ဘုန်းတော်ထင်ရှားခြင်းရှိမည်အကြောင်း ဟောပြောဝေငှသက်သေခံကြပါလို့ တိုက်တွန်းရင်း

မေတ္တာဖြင့်

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။