Skip to content

တိုးပွားမြဲတိုးပွား များပြားမြဲများပြားလာသော ဣသရေလလူမျိုးများကြောင့် ဖာရောအပါအဝင် အဲဂုတ္တုလူတို့သည် အင်မတန် စိတ်ညစ်နေကြရသည်။ ထို့ကြောင့် ပို၍ပို၍ တရားလက်လွတ်စေခိုင်းကြသည် နှိပ်စက်ကြပေသည်။ ဖိနှိပ်ခြင်းများစွာခံရကာ မတရားသဖြင့်စေခိုင်းခံရသောကြောင့် ဣသရေလလူမျိုးများသည် အုတ်ဖုတ်ရခြင်း၊ လယ်လုပ်ရခြင်း စသည့် ခက်ခက်ခဲခဲလုပ်ရသောအလုပ် ပင်ပင်ပန်းပန်းလုပ်ရသော အလုပ်အမျိုးမျိုးတို့ကို လုပ်ကြရပေသည်။

ကျွန်ပြုထားသည့်အတွက်လည်း သူတို့၏လုပ်အားခဖြစ်သော အခကြေးငွေကိုပင် မပေးဘဲနေကြသည်မှာ မြေကြီးလက်ခပ်မလွဲပေ။ အစာကိုလည်း ဝလင်စွာ မစားရနိုင်ချေ။ အဘယ့်ကြောင့်ဆိုသော် အားရှိနေလျှင် ခွန်အားပြည့်ကာ စိတ်ဓါတ်တက်ကြွနေလျှင် ပြန်တော်လှန်မည်ကိုလည်း စိုးရိမ်သောကြောင့်ဖြစ်ချေဦးလိမ့်မည်။ ထို့ကြောင့် ၎င်းတို့အား အမြဲတစေ စိတ်ညစ်နေစေရန်သော်လည်းကောင်း စိတ်ဓါတ်ကျနေစေရန်သော်လည်းကောင်း အားပျက်နေဖို့ရာအတွက် စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ဖိနှိပ်ထားကြပေလိမ့်မည်။ ထိုသို့အမျိုးမျိုးသော လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများကို ချိုးဖောက်ကြသည်ကို မြင်တွေ့ရသည်။ထိုကာလသည် ဣသရေလလူမျိုးများအား ဖာရောနှင့်အပေါင်းအပါတို့၏ အာဏာပြခြင်း၊ အနိုင်ကျင့်နှိပ်စက်ခြင်းများစွာတို့ကို လုပ်ဆောင်ကြသည့် ခေတ်ကာလတစ်ခုဖြစ်နေသည်ကို ကျမ်းစာတွင် ဖော်ပြထားသည်နှင့်ဆက်စပ်ကာ ကျွန်တော်တို့တွေးကြည့်လို့ပင် ရချေဦးလိမ့်မည်မဟုတ်ပါလား။ ထိုအချိန်သည် သူတို့အမျိုးမျိုးခံစားနေရမည်ဖြစ်သကဲ့သို့ ခွဲခြားဆက်ဆံခံရခြင်း၊ လက်နက်အင်အားဖြင့်ဖြစ်စေ လူအင်အားဖြင့်ဖြစ်စေ အနိုင်ကျင့်ခံရခြင်း၊ ဖာရောတို့၏ အာဏာအလွဲသုံးစားလုပ်ခြင်းကို များစွာခံနေရသည့် အချိန်ပင် …..

ထိုအချိန် ထိုကာလသည် ဖာရောဘုရင်၏ အာဏာအထွဋ်အထိပ်ရောက်နေသည့် ကာလတစ်ခုဟုဆိုရလျှင်လည်း မမှားပါချေ။ အဆုံးစွန်ထိ မိုက်မဲရက်စက်ကာ ဖိနှိပ်ရုံသာမက လူမဆန်သည့် အမိန့်မျိုးစုံထုတ်ကာ ကန့်သတ်နေသည့်အချိန်ပင် … ထိုသို့သော အမိန့်များစွာထဲမှ တစ်ခုဖြစ်သည့် ကလေးမွေးဖွားခြင်းကိုကန့်သတ်သော အဓမ္မအမိန့်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့သေးသည်ကို တွေ့ရပေသည်။ ယင်းမှာ ရှိဖရနှင့် ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲမတို့ကို ကလေးမွေးဖွားမည့်အမျိုးသမီးများအား စောင့်ကြည့်စေကာ ယောကျ်ားလေးမွေးလျှင် ထိုကလေးကို သတ်စေပြီး မိန်းကလေးမွေးလျှင် ထိုကလေးကို လွှတ်ပေးစေရန် စေခိုင်းသည့်အမိန့်မှာ အတော်ပင် လူမဆန်သော အမိန့်၊ ရက်စက်သော အမိန့်၊ မတရားသော အမိန့်၊ အဓမ္မအမှု၏ အမိန့်တစ်ခုပင် ဖြစ်ပေသည်မဟုတ်ပါလား။

သို့သော် ထူးခြားသည်တစ်ခုမှာ သက်ဦးဆံပိုင် ရှင်ဘုရင်ဖြစ်သည့် ဖာရော၏ အမိန့်ကို မနာခံခြင်းပင် … ထိုဟေဗြဲဝမ်းဆွဲမတို့သည် မွေးဖွားလာသည့် ယောကျ်ားလေးများကို သေစေရမည့်အစား အသက်ရှင်ခွင့်ပေးခဲ့သည်။ ဤလုပ်ရပ်သည် ရှင်ဘုရင်၏ အာဏာကို ဖီဆန်ခြင်းဖြစ်သကဲ့သို့ မင်းပြစ်မင်းဒဏ် သင့်စေနိုင်သည့် လုပ်ရပ်ပင်ဖြစ်သည်။ ထိုမနာခံခြင်းသည် မလွယ်ကူခဲ့သည်မှာတော့ အသေအချာပင်။

တကယ်ဆိုလျှင် ဖာရော၏ အမိန့်အတိုင်းသာ လုပ်ဆောင်မည်ဆိုရင်ဖြင့် ချီးမြောက်ခံရမည်ဖြစ်သကဲ့သို့ အရာရာချောမွေ့နေမည်မှာ အမှန်ပင်ဖြစ်သော်လည်း ထိုသူနှင့်အတူ မရပ်တည်ခြင်း၊ အဓမ္မမှု၌ မရပ်တည်ခြင်းတို့ကို ထိုသူ၏ မတရားသော အမိန့်ကို မနာခံခြင်းဖြင့် ဘုရားသခင်အားကြောက်ရွံ့သည်ကိုပင် သက်သေပြသွားခဲ့သည်ဟုဆိုကြပေအံ့ … မည်သည့်အတွက်ကြောင့်များ ၎င်းတို့သည် ယခုကဲ့သို့ ရပ်တည်ရဲကြသနည်း …

အကြောင်းမှာ “ဖာရောအားကြောက်သည့် ကြောက်ခြင်းထက် ဘုရားသခင်ကို သာ၍ ကြောက်ရွံ့သောကြောင့်” ဟုပင် ဆိုရပေဦးတော့မည်။

ထွက်မြောက်ရာကျမ်း ၁:၁၇
“ဝမ်းဆွဲမတို့သည် ဘုရားသခင်ကိုကြောက်ရွံ၍၊ အဲဂုတ္တုရှင်ဘုရင် မိန့်တော်မူသည်အတိုင်းမပြု၊ ယောက်ျားတို့ကိုအသက်ချမ်းသာပေးကြ၏။”

ဖာရောနှင့်အတူ မရပ်တည်ဘဲ ဘုရားသခင်ကို သာ၍ကြောက်ရွံ့ခြင်းသည် ယနေ့ကျွန်ုပ်တို့အတုယူကာ သင်ယူကြရမည့် အရာတစ်ခုလည်းဖြစ်သည်။ ဝမ်းဆွဲမများသာဖြစ်ကြသော်လည်း အမှားနှင့် အမှန်ကို ခွဲခြားသိခြင်း၊ ဓမ္မနှင့် အဓမ္မကို ပိုင်းခြားနားလည်ခြင်း၊ မတရားမှုတို့ကို သိခြင်းများသည်ပင်လျှင် ထိုသူတို့၏ ဘုရားသခင်အား ကြောက်ရွံ့ခြင်းကြောင့်ဟုပင် ကျွန်ုပ်ဆိုချင်ပါတော့သည်။

ဘုရားသခင်ဆက်လက်စကားပြောပါစေ။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။