Skip to content

ယောသပ်အပါအဝင် အကိုများနှင့် ထိုခေတ်ကာလအချိန်တွင် နေထိုင်အသက်ရှင်ကြသော အမျိုးသားအပေါင်းသေဆုံးကြပြီးသည့်ကာလနောက်တွင် ယောသပ်၏ ကျေးဇူးပြုခြင်း၊ ဘုရားသခင်အတူရှိခြင်း စသဖြင့်သော အကြောင်းအရာများကို မသိသော ရှင်ဘုရင်တစ်ဦး အဲဂုတ္တုပြည်တွင် ပေါ်ထွန်းခဲ့သည်ကို အားလုံးသိကြပြီးဖြစ်ပေလိမ့်မည်။ ထိုမင်းသည် ဣသေရလတို့၏ သားဖွားခြင်းကြောင့် တိုးပွားခြင်း၊ အင်အားကြီးထွားများပြားခြင်း၊ တိုင်းပြည်၌နှံ့ပြားခြင်းတို့ကြောင့် ကြောက်ရွံ့မိသည်ဟုဆိုကြပါစို့။ ထို့ကြောင့် ဣသေရလလူမျိုးများသည် သူတို့၏ရန်သူများနှင့်ပေါင်းကာ စစ်တိုက်မည်ကိုလည်းစိုးရိမ်မိသကဲ့သို့ သူ၏အာဏာ သူ၏ထီးနန်းအား ထိခိုက်နိုင်မည်ဟု ယူဆမိဟန်လည်းရှိပေဦးလိမ့်မည်။

ထို့ကြောင့် များစွာသော ဖိနှိပ်ခြင်းများကိုလည်း လူမဆန်စွာ ပြုမူကျင့်ကြံကာ အလွန်ကြမ်းကြမ်းတမ်းတမ်းညှဥ်းဆဲ၍ သူ၏အာဏာတည်မြဲစေရန်အတွက် အကောင်အထည်ဖော်လေတော့သည်။ ကြမ်းတမ်းစွာဆက်ဆံရန်သော်လည်းကောင်း၊ ညှဥ်းဆဲရန်သော်လည်းကောင်း၊ ကြပ်တည်းစွာနှိပ်စက်ရန်သော်လည်းကောင်း အအုပ်အချုပ်များစွာကိုထားရှိစေခြင်း … ခက်ခဲသည့်အရာ ပင်ပန်းဆင်းရဲသည့်အရာများစွာကို စေခိုင်းခြင်း စသဖြင့်ကျွန်ပြုနှိပ်စက်၍ အခကိုမပေးဘဲ အစာကိုပင် ဝစွာ မကျွေးကာ လူ့အခွင့်အရေးများစွာကိုသော်လည်းကောင်း၊ အလုပ်သမားအခွင့်အရေးများစွာကိုသော်လည်းကောင်း ချိုးဖောက်ကာ အာဏာပြ အနိုင်ကျင့်နေသည့်ကာလတစ်ခုလည်းဖြစ်ချေသည်။

သို့တည်းသာမက သားဖွားခြင်းကိုပင်လျှင် ကန့်သတ်ချက်များထားကာ “ယောကျာ်းဖြစ်လျှင် သေစေ၊ မိန်းမဖြစ်လျှင် အသက်ရှင်စေ” ဟူသည့် အမိန့်တော်ကိုထုတ်ကာ သူ၏ အာဏာ၊ သူ၏ ထီးနန်းကို ထိပါးမည်စိုး၍ မတော်မတရား အဓမ္မမှုများစွာကိုကျင့်ကြံကာ အုပ်ချုပ်မင်းလုပ်လျက်နေသည့် အချိန်ကာလတစ်ခုဟုဆိုရလျှင်လည်း မှားမည်မထင်ပါ။ ဝမ်းဆွဲမတို့၏ ဘုရားသခင်အားကြောက်ရွံ့မှုကြောင့် အာဏာရှင်၏ အဓမ္မမှု၌ မရပ်တည်ဘဲ မတရားသဖြင့်ထုတ်ထားသော လူမဆန်သည့် အမိန့်ကို မနာခံခဲ့ခြင်းကြောင့် ဖာရောတစ်ယောက် ဂယောင်ခြောက်ခြားဖြစ်ကာ ညအိပ်မရခဲ့သည့်ရက်ပေါင်းများစွာရှိပေလိမ့်မလားဟု ကျွန်ုပ်တွေးမိသေး၏။ သို့သော်လည်း အာဏာရှင်တို့၏ ထုံးစံအတိုင်း တစ်ခုမဟုတ်တစ်ခုဖြင့် မိမိတို့၏နေရာကို ကာကွယ်လေ့ရှိကြသည်အတိုင်း “ဣသရေလအမျိုးသားတို့တွင်၊ ဖွားမြင်သောသူငယ် ယောက်ျားအပေါင်းတို့ကို မြစ်ထဲသို့ချပစ်စေ။ မိန်းမကိုမူကားအသက်ရှင်စေ” ဟူသည့် ဒုတိယအမိန့်တော်ကို ထုတ်ပြန်ခဲ့လေသည်။

ကျွန်ုပ်ကြားဖူးနားဝရှိခဲ့သော “လူက အာဏာ နည်းနည်းရှိလျှင် နည်းနည်းပျက်ဆီးတယ်၊ အာဏာများများရှိလျှင် များများပျက်ဆီးတယ်” ဟူသည့်စကားအတိုင်းပင် သက်ဦးဆံပိုင်ရှင်ဘုရင်တစ်ဦးဖြစ်သည့် အာဏာအပြည့်အဝရှိသော ဖာရောသည် လူမဆန်စွာ တိရစ္ဆာန်စိတ်ပေါက်နေသကဲ့သို့ပင် မိစ္ဆာဆန်ဆန် ပြုမူခြင်း၊ အမိန့်ထုတ်ခြင်းများစွာဖြင့် သူ၏ အာဏာ၊ သူ၏ ထီးနန်းတည်မြဲစေရန်အတွက် အစွမ်းကုန်အားထုတ်လျက် အကောင်အထည်ဖော်နေခဲ့သည်မှာ မြေကြီးလက်ခပ်မလွဲပေ။ ထိုကာလသည် အင်မတန်အော့နှလုံးနာရသည့်ကာလ၊ ထိုအချိန်သည် မျှော်လင့်ရာပင် မရှိတော့ပြီဟု ထင်မှတ်ရာအချိန်၊ ထိုသို့သော အနာဂတ်ပျောက်ကာ ဘဝသေပြီး လမ်းပျောက်လျက် မှောင်မိုက်နေသည့် ထိုခေတ်သည် ဣသရေလလူမျိုးများအတွက်တော့ လူသားဆန်မှု၊ လူ့အခွင့်အရေးသာမက အလုပ်သမားအခွင့်အရေးပင် မရရှိသည့်ခေတ်၊ ကလေးမွေးဖွားခြင်းလည်း ကန့်သတ်ချုပ်ခြယ်ကာဖိနှိပ်ထားသော လူ့အခွင့်အရေးချိုးဖောက်ခြင်းများစွာတို့ကိုလည်း ခံစားရသည့်ခေတ်လည်းဖြစ်ကာ၊ အဲဂုတ္တုလူမျိုးနှင့် ဣသရေလလူမျိုးနှိုင်းယှဥ်ကာ ဖိနှိပ်ခြင်း ခွဲခြားဆက်ဆံခြင်းများစွာတို့ကိုလည်း ခံစားရသည့်ခေတ်ကာလတစ်ခုလည်းဖြစ်ပေသည်။

ထိုသို့အမျိုးမျိုးသော ဖိနှိပ်ခြင်း၊ ခွဲခြားဆက်ဆံခြင်း၊ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးချိုးဖောက်ခြင်း၊ စိတ်ပိုင်းဆိုင်ရာသော်လည်းကောင်း၊ ရုပ်ပိုင်းဆိုင်ရာသော်လည်းကောင်း အနိုင်ကျင့်အကြမ်းဖက်ခြင်း၊ လက်နက်အင်အား၊ စစ်သည်အင်အားများအသုံးပြုကာ အနိုင်ကျင့်ဗိုလ်ကျခြင်း၊ အာဏာအလွဲသုံးစားလုပ်ကာ လူမဆန်သည့်အပြုအမူများသော်လည်းကောင်း “ယောကျာ်းမွေးလျှင် သေစေ” ကဲ့သို့သော အမိန့်စာများကို မတော်မတရား ထုတ်ပြန်ခြင်းနှင့် အဓမ္မစေခိုင်းခြင်း မတရားအကြမ်းဖက်ခြင်းများကြောင့် ဣသရေလလူမျိုးများ၏ ငိုကြွေးမြည်တမ်းခြင်းသည် တနေ့ထက်တနေ့ သာ၍ သာ၍ ကျယ်လောင်လာခဲ့ဟန်တူသည်။

ထိုသို့ အမျိုးမျိုးသော ညှဥ်းဆဲခြင်းများကြောင့် သူတို့၏ မြည်တမ်းခြင်းအသံများကို ထာဝရဘုရားသည် ကြားသိပြီး စေ့စေ့ကြည့်မြင်ခဲ့သည်သာမက “ထိုသူတို့၏ နာကြည်းခြင်းဝေသနာကို သိ၏” ဟု ကျမ်းစာအရ သေချာစွာသိရသည်။ သို့တည်းသာမကသေးဘဲ ဣသရေလအမျိုးသားတို့၏ ငိုကြွေးသံသည် ထာဝရဘုရားထံတော်သို့ တက်ရောက်ခဲ့သည့်အပြင် “သူတို့ကို အဲဂုတ္တုလူတို့၏ ညှဉ်းဆဲခြင်းအမှုကိုလည်း ငါမြင်ရပြီ” ဟုပင် ကျမ်းစာတွင်တွေ့ရပေသည်။

ထွက်မြောက်ရာကျမ်း ၃:၇
“ထာဝရဘုရားကလည်း၊ အဲဂုတ္တုပြည်၌ရှိသောငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ သူတို့ကိုစေခိုင်းသောသခင်တို့ကြောင့် သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။”

ထိုသို့ ကြားရုံ၊ သိရုံ၊ မြင်ရုံမျှသာမကသေးဘဲ ထိုသူတို့ကိုလည်း အဲဂုတ္တုပြည်မှ ကယ်နှုတ်ခြင်းကိုပြင်ဆင်လျက် မောရှေအားစေလွှတ်ကာ ကယ်လွှတ်ခဲ့သည်ကိုတွေ့ရသေးသည်။ ယနေ့ကျွန်တော်တို့အသီးသီး ကိုယ်စီကိုယ်စီ ကြုံတွေ့ရင်ဆိုင်နေကြရသော ဖိနှိပ်ခြင်းများ၊ ညှဥ်းဆဲခြင်းများ၊ လူ့အခွင့်အရေး အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ၊ မတရားမှု၊ အဓမ္မမှုများ၊ လူသားမဆန်မှုများ၊ ရက်စက်ကြမ်းကြုပ်မှုများ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများ၊ လက်နက်အင်အား၊ စစ်သည်အင်အားဖြင့် အနိုင်ကျင့်ခြင်းများ၊ မတော်မတရား သတ်ဖြတ်အနိုင်ကျင့်ခြင်းများ၊ ခွဲခြားဆက်ဆံခြင်း၊ မတရားပြုခြင်း၊ အာဏာပြခြင်း၊ မတရားသောအမိန့်များအောက်၌ နေရခြင်း၊ စသဖြင့်အမျိုးမျိုးသော ဒုက္ခဝေသနာများကို ကြုံတွေ့ကောင်းကြုံတွေ့နေကြရပေလိမ့်မည်ဖြစ်သော်လည်း ကျွန်ုပ်တို့ အသီးသီး၏ ညည်းတွားမြည်တမ်းသံ အော်ဟစ်သံ ငိုကြွေးသံများကို ထာဝရဘုရားသခင်သည် ကြားရုံ သိရုံ မြင်ရုံသာမက၊ ကျွန်ုပ်တို့အသီးသီးတို့၏ နာကြည်းခြင်းဝေသနာကိုလည်း သိပါသည်။ သို့သော်လည်း ဤအတိုင်း ဤနေရာတွင်ပင် မပြီးသေး ရပ်တန့်မနေဘဲ “ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်မည်အကြောင်း” ဟုဆိုသည့်အတိုင်း ဣသရေလလူမျိုးတို့ကို ကယ်နှုတ်သကဲ့သို့ ကျွန်ုပ်တို့ကိုလည်း အသီးသီး ခံစားနေကြရသည့် ဤညည်းတွားမြည်တမ်းရာ ဒုက္ခဝေသနာအမျိုးမျိုးတို့မှ ကယ်နှုတ်ပေဦးလိမ့်မည်ဟု ယုံကြည်ကာ မျှော်လင့်ရင်း ထာဝရဘုရားသခင်၏ ကယ်လွှတ်ခြင်းချမ်းသာကိုသာ သာ၍သာ၍ ဟစ်အော်နေမိပါတော့သည်။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။