ထာဝရဘုရားသည် နိနေဝေမြို့ကြီးသို့ သတင်းစကားကြားပြောစေရန် ယောနအား စေလွှတ်ခဲ့သည်။ ထိုမြို့သားတို့၏ အပြစ်သည် များလွန်းသောကြောင့် ပျက်ဆီးခြင်းသို့ ရောက်တော့မည်ဟု ယောနသည် နောင်တတရားကို ကြားပြောရန်ဖြစ်ပေသည်။
ယောနသည် ထိုမြို့သားတို့နှင့် အတိတ်ဆိုးရှိခဲ့ဖူးသည်။ နိနေဝေမြို့သားများနှင့် ယောနတို့၏ ရန်ငြှိုးရန်စကြောင့် နောင်တရရန်ဝေငှဖို့ရာ တွန့်ဆုတ်ခဲ့၍ ထိုနေရာနှင့် ဝေးရာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးခဲ့ခြင်းကို သိကြမည်ထင်ပါသည်။ ယောန၏ ခံစားချက်သည် ထိုသူတို့အား ပျက်ဆီးစေချင်ခဲ့သည်။ မည်သို့ပင် ထွက်ပြေးပါစေ မိမိ၏ စိတ်ဆန္ဒအလိုသည် မတည်မြဲခဲ့ချေ။
သို့နှင့် ယောနသည် နိနေဝေမြို့ကြီးပျက်ဆီးမည့်အကြောင်းကို ကြွေးကြော်လေသည်။ ထိုမြို့သားတို့သည် ဘုရားသခင်၏ စကားကို ယုံကြသည်။ နိနေဝေမင်းကြီးသည်ပင်လျှင် နောင်တရ၍ နန်းတော်မှပင်ဆင်းကာ နန်းဝတ်နန်းစားကိုချွတ်ပယ်လျှက် လျှော်တေအဝတ်ဝတ်၍ ပြာမှုန့်၌ ထိုင်လေ၏။ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာအချိန်ကိုလည်း သတ်မှတ်ကြသည်။ နောင်တလည်း ရကြသည်ဖြစ်သောကြောင့် ထာဝရဘုရားအား ကြိုးစား၍ ဆုတောင်းကြသလို မိမိတို့လုပ်သော အဓမ္မအမှု၊ မိမိတို့၏ အဓမ္မလမ်း၊ အဓမ္မအကြံအစည်တို့ကို ရှောင်ကြလေသည်။
ယောနတ္ထု ၃:၆
နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသော အခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီး မှ၊ လျှော်တေအဝတ်ကို ဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။
သူတို့သည် ပျက်ဆီးခြင်းဘေးမှ လွတ်စေရန် အစာရှောင်ခြင်း၊ ဆုတောင်းခြင်း၊ အဓမ္မလမ်းစဥ်များကို ရှောင်ကာ နောင်တရလျှက် အော်ဟစ်၍ ဝန်ချတောင်းပန်ခြင်းအသံများသည် မိုးကောင်းကင်မျက်နှာကြက်များထိပင် တုန်ဟီးနေလောက်ပေမည်။ သို့နှင့် နိနေဝေမြို့တော်ကြီး ပျက်ဆီးရမည့်ဘေးနှင့် ကင်းလွတ်ခွင့်ရခဲ့လေသည်။
ယောနတ္ထု ၃:၁၀
မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း ကို လွှဲရှောင်၍၊ ကျင့်သောအကျင့်များကို ဘုရားသခင် သည် မြင်လျှင်၊ အရင်ခြိမ်းသောဘေးဒဏ်ကို မပေးဘဲနေ တော်မူ၏။
ယနေ့ကျွန်ုပ်တို့၏ ကြိုးစား၍ ဆုတောင်းခြင်း၊ အစာရှောင်ခြင်း၊ အစာရှောင်ရာအချိန်ကို ကြေညာခြင်း၊ အဓမ္မလမ်း အဓမ္မအမှုတို့ကို ရှောင်ခြင်း၊ နောင်တရခြင်းတို့သည်ပင်လျှင် ကျွန်ုပ်တို့၏ ပြည်တော်ကြီးကို ချမ်းသာခွင့် ရပေဦးမည်ဟု အကျွန်ုပ်ယုံကြည်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နိုငိငံတော်ကြီး အေးချမ်းပါစေ၊ နိုင်ငံတော်ကြီး သာယာပါစေ၊ နိုင်ငံတော်ကြီး ကျန်းမာပါစေ၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ပါစေ၊ နိုင်ငံတော်ကြီး တည်မြဲပါစေဟုသာ ဆုမွန်ကောင်းတောင်းလျက် “နိနေဝေမြို့ကြီးကို ချမ်းသာပေးသလို ပြည်တော်ကြီးကို ချမ်းသာပေးပါ ဘုရားသခင်” …..
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
⚠️ Gentle Reminder:
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။