Skip to content

စိတ်ဆိုးဒေါသထွက်နေသည့် အခိုက်အတန့်သော်လည်းကောင်း တစ်ယောက်နှင့်တစ်ယောက် စိတ်သဘောထား မတိုက်ဆိုင်ခြင်းကြောင့်သော်လည်းကောင်း စကားများရန်ဖြစ်တတ်ကြသည့် အခြေအနေအရပ်ရပ်တို့သည် တစ်ဦးနှင့်တစ်ဦးပင် စကားမပြောချင်တော့လောက်အောင်ဖြစ်စေ မျက်နှာချင်း မဆိုင်ချင်နိုင်လောက်သည်အထိပင်ဖြစ်စေ စသဖြင့်သော ခံစားချက်များလည်း ဖြစ်တတ်ကြပေသည်။
ထိုအဖြစ်မှတဆင့် စိတ်ဆိုးစိတ်ကောက်ရုံနှင့် မပြီးတော့ဘဲ စိတ်နာသည်အထိဖြစ်လာစေကာ ရင်းနှီးမှုပျက်ပြားသွားတတ်လေသည်။ ဤသို့ဖြင့် အပြစ်မြင်လာကာ ခွင့်မလွှတ်နိုင်သည်အထိ ဖြစ်ခြင်းသည် ကျွန်ုပ်တို့၏ ပတ်ဝန်းကျင်တွင် များစွာမြင်တွေ့ရတတ်ပေသည်။ ထိုအဖြစ်အပျက်များအားလည်း ကျွန်ုပ်တို့၏ မိသားစုအတွင်း၊ လုပ်ငန်းခွင်၌ပင်ဖြစ်စေ၊ အသင်းတော်တွင်လည်း ထိုအခြေအနေအရပ်ရပ်တို့အား ကိုယ်တိုင်ကိုယ်ကျ ရင်ဆိုင်ကြုံတွေ့ရနိုင်ပေသည်။

တစ်ဦးနှင့်တစ်ဦးတို့၏ အမြင်မကြည်ခြင်းသည် အခြားသူတစ်ဦးတစ်ယောက်၏ မည်မျှပင် ကောင်းသောစကားဆိုနေပါစေ သို့တည်းမဟုတ် မည်မျှပင် ကောင်းအောင်လုပ်ဆောင်နေပါလေစေ အကောင်းမမြင်တတ်ကြသည်မှာ လူ့သဘာဝတစ်ခုပင် … ထို့ကြောင့်လည်း မလိုအပ်သော ပဋိပက္ခသည် ကြီးထွားလာကာ မိမိတို့၏ (အသင်းတော်အကျိုး၊ မိသားစုအကျိုး၊ လုပ်ငန်းခွင်အကျိုး) စသဖြင့်တို့ကို ပျက်ပြားစေတတ်သော ပဋိပက္ခဆက်ဆံရေးတစ်ခုဖြစ်ပွားစေတတ်သည်မှာ မြေကြီးလက်ခပ်မလွဲပေ။

ဤသို့သော အကြောင်းအရင်းမျိုးစုံမှ ဖြစ်စေတတ်သော အဆင်မပြေခြင်း၊ မပြေလည်ခြင်းများသည် တစ်ဦးနှင့်တစ်ဦး အပြစ်သာမြင်စေတတ်ကာ မိမိတို့၏ ဆက်ဆံရေးတို့သည် ရေတိုက်စားသော ကမ်းပါးအလား တဖြေးဖြေးပြိုလဲလာစေသည်။ သို့နှင့် အခြားသူတစ်ဦးအပေါ်သို့ ခွင့်မလွှတ်နိုင်လောက်သည်အထိ ဖြစ်လာစေကာ ထိုပဋိပက္ခကို သာ၍သာ၍ ကြီးထွားလာစေတတ်ပေသည်။

ထိုသူတစ်ဦးတစ်ယောက်၏ လုပ်ရပ်၊ ပြောဆိုခြင်းနှင့် အပြုအမူတို့သည် မိတ်ဆွေနှင့် ကျွန်ုပ်တို့အပေါ် လွန်ကျူးသောလုပ်ရပ်တစ်ခုလည်း ဖြစ်ကောင်းဖြစ်နေမည် သို့တည်းမဟုတ် မိမိတို့၏ စိတ်အလိုမရှိသော အရာတစ်ခုခုအား အတင်းစေခိုင်းခြင်း စသဖြင့် အမျိုးမျိုးလည်း ဖြစ်နိုင်သည်။ ထိုသို့သောအခြေအနေတို့သည် ထိုသူအား စကားမပြောချင်လောက်သည်အထိ ဖြစ်ကောင်းလည်းဖြစ်နိုင်မည် ဖြစ်သကဲ့သို့၊ ထိုသူအား မမြင်ချင် ထိုသူ၏စကားလည်း မကြားချင်လောက်သည်အထိကို ဖြစ်စေတတ်မည်မှာ အမှန်ပင်ဖြစ်သကဲ့သို့ ထိုသူအား ကျေးဇူးပြုရန်၊ ခွင့်လွှတ်ပေးရန်မှာ အင်မတန်မှ ခက်ခဲသည့် အခြေအနေဖြစ်သည် မဟုတ်ပါလား။
ဤသို့သော စိတ်ခံစားချက်များအား ကြုံတွေ့ရင်ဆိုင်နေရသော အခြေအနေတို့တွင် ဧဝံဂေလိတရားအား ပြန်လည်ဆင်ခြင်ခြင်းသည်ပင်လျှင် အဖြေတစ်ခုဖြစ်ချေသည်။ ကျွန်ုပ်တို့သည် ကျေးဇူးပြုခြင်းနှင့် မထိုက်တန်သကဲ့သို့ သနားခြင်းကရုဏာတော်နှင့်လည်း မထိုက်တန်သူများဖြစ်သည်။ သို့သော် ထိုသို့မထိုက်တန်ကြသော်လည်း ကယ်တင်ခံခဲ့ရသည်။ ယခုလည်း ကယ်တင်ခံနေရသည် ဖြစ်သကဲ့သို့ နောင်လည်း ကယ်တင်ခံရဦးလိမ့်မည်။ ဤသို့ ဘုရားသခင်သည် ကျွန်ုပ်တို့အား မထိုက်တန်သော်လည်း သခင်ယေရှုခရစ်တော်အားဖြင့် ကျွန်ုပ်တို့၏အပြစ်များအား ခွင့်လွှတ်ခဲ့သည်မှာ သမ္မာတရားပင် …

မထိုက်တန်သော်လည်း အပြစ်ခွင့်လွှတ်ခြင်းခံခဲ့ရသော ကျွန်ုပ်တို့သည် မည်သည့်အတွက်ကြောင့်များ အခြားသူများအပေါ် ခွင့်မလွှတ်နိုင် ဖြစ်ရကြသနည်း။ ယေရှုခရစ်တော်၏ ကျေးဇူးပြုခြင်းနှင့် သနားခြင်းကရုဏာတော်ကို အကန့်အသတ်မဲ့စွာ ရရှိခံစားရသော ကျွန်ုပ်တို့သည် အဘယ့်ကြောင့်များ အခြားသူများအပေါ်သို့ ကျေးဇူးမပြုနိုင်၊ သနားခြင်းမရှိနိုင် ဖြစ်ကြရသနည်း။

ဧဖက်ဩဝါဒစာ ၄:၃၂
“အချင်းချင်းကျေးဇူးပြုခြင်း၊ သနားစုံမက်ခြင်း၊ ဘုရားသခင်သည် ခရစ်တော်ကြောင့် သင်တို့၏အပြစ်ကို လွှတ်တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်း ရှိကြလော့။”

ထို့ကြောင့် ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး ကျေးဇူးမပြုနိုင်၊ သနားခြင်းမရှိနိုင်၊ အပြစ်ခွင့်မလွှတ်နိုင် ဖြစ်နေတတ်ကြသည့် ပဋိပက္ခ အချိန်များစွာတို့တွင်လည်း ဧဝံဂေလိတရားသည်ပင်လျှင် ရန်ငြိမ်းခြင်းတရားဖြစ်သည်ကို သတိရဖို့ရန် အင်မတန်မှ အရေးကြီးပေသည်။ လုပ်ငန်းခွင်၌ဖြစ်စေ၊ မိသားစု၌ဖြစ်စေ၊ အသင်းတော်၌ဖြစ်စေ စသဖြင့် တစ်ဦးနှင့်တစ်ဦးအပြစ်မလွှတ်နိုင်သော ပဋိပက္ခတို့တွင် ဧဝံဂေလိတရားသည် အဓိကကျသော အလယ်ဗဟိုဖြစ်သည်။ တနည်းဆိုရလျှင် (Christ-Centered) သခင်ယေရှုခရစ်တော်သည်ပင် …

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

 

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။