Skip to content

မိသားစုအတွင်းတွင်ဖြစ်စေ၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း၌ဖြစ်စေ၊ မိမိ၏ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်၊ အသင်းတော်အတွင်း၌ပင်ဖြစ်စေ အခြေအနေအချို့အပေါ်မူတည်၍ အဆင်မပြေဖြစ်တတ်ကြသည့် အခိုက်အတန့်တို့သည် အချိန်မရွေးဖြစ်ပေါ်လာတတ်ပေသည်။ ထိုသို့သော အခြေအနေမျိုးတွင် ကျွန်ုပ်တို့၏ တုန့်ပြန်ခြင်းပေါ် မူတည်ကာ ရလဒ်အမျိုးမျိုးဖြစ်ပေါ်စေပါသည်။

စိတ်အခြေအနေမကောင်းလျှင် မကောင်းသကဲ့သို့ ပြောတတ်သောစကားများကြောင့်ဖြစ်စေ၊ မျက်နှာအမူအရာ အပြုအမူများကြောင့်ပင်ဖြစ်စေ တုန့်ပြန်ခြင်းများသည် ပဋိပက္ခတစ်ခုအား မလိုအပ်ဘဲဖြစ်တည်လာတတ်သည်မှာ ကျွန်ုပ်တို့အသိပင်ဖြစ်သည်။ ထိုအခြေအမျိုးမျိုးတို့တွင် ဒေါသနှင့်တုန့်ပြန်တတ်ကြသကဲ့သို့ အော်ဟစ်ပြောဆိုခြင်းများလည်း ရှိတတ်ကြသည်မှာလည်း ကျွန်ုပ်တို့ကိုယ်တိုင်ပင် ဖြစ်နေတတ်ပါသေးသည်။

မိမိ၏ အလိုနှင့် မတိုက်ဆိုင်လျှင်သော်လည်းကောင်း၊ မိမိပြောသော စကားအား တဖက်လူ နားမလည်လျှင်သော်လည်းကောင်း၊ မိမိ၏တစ်ဖက်သတ် အထင်နှင့်အမြင်၊ အယူအဆနှင့်သတ်မှတ်ချက်များကိုသာ အလေးပေးတတ်ကြကာ စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ဒေါသထွက်ခြင်းများနှင့် အော်ဟစ်ခြင်းများသည်လည်း ရှိတတ်ကြပြန်သေးသည် မဟုတ်ပါလား။ တခါတရံတွင်လည်း မိမိတို့၏ မသိစိတ်မှ မနာလိုခြင်းများသည်ပင်လျှင် မလိုအပ်သော ပြောစကားများနှင့် အပြုအမူများကိုပါ ဖြစ်ပေါ်လာတတ်သေးသည်ကိုလည်း သတိပြုကောင်း သတိပြုမိတတ်ကြပေလိမ့်မည်။ သို့နှင့် မလိုအပ်ဘဲ သူ့အသရေပျက်ပြားစေတတ်သော စကားများကို မြိန်ရှက်စွာသုံးဆောင်ရင်း ပဋိပက္ခတစ်ခုသည် ကြီးထွားရင်း ကြီးထွားလာကာ မိမိ၏ မိသားစု၊ မိမိ၏ ပတ်ဝန်းကျင်၊ မိမိ၏ လုပ်ငန်းခွင်၊ မိမိ၏ အသင်းတော်အား ဝါးမြိုသွားခြင်းဖြစ်လာတတ်ပေသည်။

ဧဖက်ဩဝါဒစာ ၄:၃၁
“ခပ်သိမ်းသော စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်းတို့ကို၎င်း၊ ခပ်သိမ်းသော မနာလိုခြင်းကို၎င်း၊ သင်တို့မှ ပယ်ရှားကြလော့။”

ထို့ကြောင့် မလိုအပ်သော ပဋိပက္ခများအား မဖြစ်ပွားစေရန်အတွက် ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာအခြေအနေ၊ အပြုအမူ၊ အပြောအဆိုများသည်လည်း အဓိကနေရာတွင် ပါဝင်နေတတ်သည်ကို အမြဲသတိပြုမိနေရန် အင်မတန်အရေးကြီးပေသည်။ “စိတ်တိုခြင်း၊ စိတ်ဆိုးခြင်း၊ အမျက်ထွက်ခြင်း၊ အော်ဟစ်ငေါက်ငေါ်ခြင်း၊ သူ့အသရေ ပျက်အောင် ပြောဆိုခြင်း၊ မနာလိုခြင်း” တို့အား ကျွန်ုပ်တို့ထံမှ “ပယ်ရှားခြင်း” သည် ပဋိပက္ခတစ်ခုအား မဖြစ်ပွားစေရန်အတွက်သော်လည်းကောင်း ကာကွယ်နိုင်ရန်အတွက်သော်လည်းကောင်း သို့တည်းမဟုတ် ထိုပဋိပက္ခတစ်ခုအား ကိုင်တွယ်ဖြေရှင်းရာတွင် ခရာကျသော အဓိကအရာတစ်ခုပင်ဖြစ်သည် မဟုတ်ပါလား။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။

 

⚠️ Gentle Reminder:

ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။