Skip to content

ခရစ်ယာန်တယောက်အနေဖြင့် နှုတ်ကပတ်တော်လေ့လာခြင်း (Bible study) အား လူအများဖြင့်သော်လည်းကောင်း(communal)၊ တစ်ဦးတည်းသော်လည်းကောင်း(individual) အသေချာ လေ့လာခံယူသင့်ပါသည်။
အများစုမှာ သမ္မာကျမ်းစာလေ့လာခြင်း ဆိုသောခေါင်းစဉ်ဖြင့် ပြုလုပ်နေကြသော်လည်း ကိုယ့်ဩဝါဒ၊ ကိုယ့်ထင်မြင်ယူဆချက်ကိုသာ အသားပေးပြောဆိုနေသည်က များပါတယ်။
တဦးချင်း လေ့လာကြသူတချို့ဆိုလျှင်လည်း စနစ်တကျလေ့လာခြင်းထက် ဖြစ်သလို ဖတ်တတ်ကြသလို၊ အထက်က ကိုယ့်ဩဝါဒ၊ ကိုယ့်ထင်မြင်ယူဆချက်ကို အသားပေးသူတို့ရဲ့ လွှမ်းမိုးမှု၌သာ ဖတ်ရှုတတ်သူများလည်းရှိကြပါတယ်။
မည်သို့ပင်ဆိုစေကာမှု ခရစ်ယာန်မှန်လျှင်တော့ ထာဝရဘုရားမှုတ်သွင်းတော်မူသော နှုတ်ကပတ်တော်ကိုတော့ လေ့လာကြည့်ရှုဖတ်ရွတ်သင့်ပါတယ်။
နက်နဲသော စကားတော်ကို အလုံးစုံနားလည်နိုင်ခြင်းငှါ ကိုယ်ဥာဏ်နှင့်မမီနိုင်သော်လည်း ဦးစွာဝိညာဉ်တော်၏ဖွင့်ပြ၊ မစ၊ နားလည်စေခြင်း ကျေးဇူးကိုတော့ တောင်းလျှောက်ခံယူသင့်ပေသည်။
ထို့ကြောင့် အများနှင့်သမ္မာကျမ်းစာ ကိုလေ့လာတော့မည်ဆိုလျှင် ကိုယ်တိုင်က အသေအချာလေ့လာမှုနည်းပါး အားလျော့နေပါက နှုတ်ကပတ်တော် “မှန်သည်၊မမှန်သည်” ကို မည်ကဲ့သို့စစ်ဆေးမည်နည်း။

အသားစားပြီး အရိုးဖယ်မယ် ဆိုသည့် လူပျင်းသာသာ အတွေးအခေါ်နှင့်လည်း မခံယူသင့်ပါ။
ဒီကနေ့ပင် နှုတ်ကပတ်တော်ကို ကိုယ်တိုင်ခံယူပြီး အသက်တာကိုပြင်ဆင်ပါ။
ထိုသို့ပြင်ဆင်ရာတွင်

၁။ ဖတ်ရှုခြင်း

ကျမ်းစာကို မဖတ်ဘဲ မနေပါနှင့်။ တအုပ်လုံးကို တနှစ်လျှင်တကြိမ်ပြီးအောင်ဖတ်ဖို့ကြိုးစားစေချင်ပါသည်။ ဖတ်တာ နားမလည်လို့ဆိုပြီး မဖတ်ဘဲ မနေပါနှင့်။ ဖတ်ရှုခြင်းမှာ ကိုယ့်အကျိုးလျော့သွားမည့်အရာ တခုမှမရှိပါ။ ဘုရား၏အလိုတော်၊ ကတိတော်များကို ဆောင်ချင်၊ သိချင်သူအဖို့ သမ္မာကျမ်းစာတခုတည်း၌သာရှိသောကြောင့် အသေအချာဖတ်ရှုဆင်ခြင်ပါ။

၂။ လေ့လာခြင်း

ပုံပြင်ဝတ္တုတအုပ်ဖတ်သကဲ့သို့ ဖတ်ပြီးပြီးရော မလုပ်ဖို့လည်းသတိပြုစေလိုပါတယ်။ နားမလည်သည့်အရာတခုကို ဖတ်ပြီးသွားရုံနဲ့ မလုံလောက်ပါ။ အသေအချာ လေ့လာမှုမျိုးလည်းပြုသင့်ပါသည်။ သို့မှသာ ကိုယ်တိုင်ကလေ့လာမှုအားကောင်းလာသလို နုနယ်သူများကိုလည်း ပြန်လည်တိုက်တွန်းခွန်အားပေးနိုင်မှာဖြစ်ပါတယ်။

၃။ ဆင်ခြင်ခြင်း(နှလုံးသွင်းခြင်း)

အထက်မှာပြောခဲ့သလိုပဲ ဖတ်ပြီးတာနဲ့ပြီးသွားရောဆိုတာမျိုးက ပြဿနာရှိပါတယ်။ နှလုံးသားမှာဘုရားစကားကို ဆင်ခြင်(နှလုံးသွင်း)ဖို့က ကျမ်းစာလေ့လာတဲ့အချိန်တိုင်းမှာ အမြဲပါလာသင့်တဲ့အရာပါ။ ဒီလိုမှ မဟုတ်ဘူးဆိုရင်တော့ ကိုယ့်ဝိညာဉ်ရေးက တိုးတက်သင့်သည်အတိုင်း တိုးတက်လာမှာမဟုတ်ပါဘူး။

၄။ လိုက်လျောက်ခြင်း

ထိုသို့ ဆင်ခြင်(နှလုံးသွင်း)လိုက်ခြင်းက အသက်တာမှာဘုရားသွန်သင်တော်မူသော၊ ကျေးဇူးပြုတော်မူသောအရာများကို ရေတွက်၍ချီးမွမ်းနိုင်ရုံသာမက၊ ထိုကြားသိခံယူရသည်အတိုင်း အသက်တာမှာ အသုံးချလိုက်လျှောက်န်ိုင်မှာဖြစ်ပါတယ်။

ဒါကြောင့် နှုတ်ကပတ်တော်ဟာ ကိုယ့်ရဲ့ဝိညာဉ်ရေးကိုမြင့်တင် တိုးပွါးစေသောမူလအမြစ်ဖြစ်သောကြောင့် ပြီးစလွယ်မဟုတ်ဘဲ အသေချာ “ဖတ်ရှု၊ လေ့လာ၊ ဆင်ခြင်၊ လိုက်လျောက်ဖို့” တိုက်တွန်းနှိုးဆော်ခွန်အားပေးလိုပါတယ်။

မေတ္တာဖြင့်