နှစ်ခြင်းဆရာဟောဟန်ကို သမ္မာတရား၌သာ ရပ်တည်သူ၊ မှားယွင်းခြင်းများကို ထောက်ပြတတ်သူ၊ အမှန်တရားကိုမြတ်နိုး၍ အဓမ္မတရားကို ရွံရှာသူဟု သမုတ်နိုင်ပေသည်။ ထို့အပြင် နှစ်ခြင်းဆရာယောဟန်ကို သခင်ယေရှု၏ ရှေ့ပြေးဟုဆိုနိုင်သည်။ သူသည် လူများကို နောင်တရရန် တရားဟောသူ၊ ရေနှစ်ခြင်းပေးသူ၊ သမ္မာတရားနှင့်အညီ သွန်သင်တတ်သောသူလည်းဖြစ်သည်။
ဟေရုဒ်မင်း ဆိုသူသည် တစ်ရက်တွင် အိမ်ထောင်ရေးဖောက်ပြန်ခဲ့သည်။ သူသည် သူ၏ညီ ဖိလိပ္ပု၏မိန်းမ ဟေရောဒိနှင့် လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်ခဲ့ကြသည်။ အမှန်တကယ်ဆိုလျှင် ခယ်မအဖြစ်တော်စပ်သူဖြစ်သော်လည်း လူမှုရေးဖောက်ပြန်ခဲ့ခြင်းဖြစ်သည်။ ထိုအရာကို နှစ်ခြင်းဆရာယောဟန်သည် မသိချင်ယောင် မဆောင်ခဲ့ပေ။ ဟေရုဒ်သည် ရာထူးအာဏာရှိသောသူ ဖြစ်သော်လည်း နှစ်ခြင်းဆရာယောဟန်သည် ထိုသူအားကြောက်ရွံ့ခြင်းမရှိ၊ ဘက်လိုက်ခြင်းမရှိ၊ မျက်နှာလည်းမလိုက်ခဲ့ပေ။ ထိုသူ၏ ကျူးလွန်ခြင်းသည် မှားယွင်းသောအမှုအရာဖြစ်ကြောင်းကို ထောက်ပြခဲ့သဖြင့် ဟေရုဒ်၏ အမျက်တော်ရှခြင်းကို ခံခဲ့ရပေသည်။ ယောဟန်ကို သတ်ပစ်ချင်လောက်သည်အထိ မုန်းခဲ့သော်လည်း ပြည်သားများ၏ ဆန္ဒကိုလည်း ငဲ့ကွက်ရသည့်အတွက် စိတ်ကိုထိန်းခဲ့ရပေသည်။ သို့သော် ထိုအမှုအရာကြောင့် ထောင်ကျခဲ့ရသည်။ တနည်းဆိုရသော် မတရားသောအမှုကို ထောက်ပြသောကြောင့် မတရားထောင်ကျခဲ့ရသည်။ သမ္မာတရားဖြင့်ထောက်ပြသော အမှုအရာကြောင့် ဖမ်းဆီးခံခဲ့ရခြင်းပင်ဖြစ်ပေသည် မဟုတ်ပါလား။
ရှင်မဿဲခရစ်ဝင် ၁၄:၃-၄
အထက်က ဟေရုဒ်သည်မိမိညီဖိလိပ္ပု၏ခင်ပွန်း ဟေရောဒိအကြောင်းကြောင့်၊ ယောဟန်ကိုဘမ်းဆီး ချည်နှောင်၍ ထောင်ထဲမှာလှောင်ထား၏။
အကြောင်းမူကား၊ ယောဟန်က၊ အရှင်မင်းကြီးသည် ထိုမိန်းမကိုမသိမ်းအပ်ဟု ဟေရုဒ်အားဆိုလေပြီ။
ယနေ့တွင်လည်း ထို့သို့သော မတရားမှုများ၊ အဓမ္မအရာများ၊ မှားယွင်းသောအမှုအရာများစွာတို့သည် လောကကြီးထဲတွင် လွန်ကျူးပျော်ပါးလျက်နေကြသူများလည်း ရှိပေလိမ့်မည်ဖြစ်သည်။ မတရားသောအရာကို မတရားဘူးဟုပြောပြခြင်း၊ အပြစ်ကိုဖော်ပြခြင်း၊ အဓမ္မအရာဖြစ်ကြောင်းကို ဓမ္မအရာဖြင့်ဖော်ပြပေးခြင်း၊ မှားယွင်းသောဩဝါဒများကို ထောက်ပြခြင်း၊ သမ္မာတရားအတိုင်း ဖော်ပြထောက်ပြပေးခြင်းတို့သည် နှစ်ခြင်းဆရာဟောဟန်ကဲ့သို့ မတရားဖမ်းဆီးထောင်ချခံရသကဲ့သို့ဖြစ်ကောင်းဖြစ်ပေမည်၊ တနည်းဆိုရသော် လူကြိုက်နည်းကောင်းနည်းမည်၊ မိတ်ပျက်မည်၊ အပေါင်းအသင်းနည်းနိုင်မည်၊ အမှားဖော်ပြ၍ လူမုန်းများမည်၊ အလှူငွေမရခြင်းလည်းဖြစ်ကောင်းဖြစ်နိုင်ပါသည်။
သို့သော် သမ္မာတရားအတိုင်းရပ်တည်၍ ဓမ္မလမ်းစဥ်အတိုင်းသာ လိုက်လျှောက်ကြသည့် ယုံကြည်သူများမှာတော့ နှစ်ခြင်းဆရာယောဟန်ကဲ့သို့ အပြစ်ကိုဆက်လက်ဖော်ပြကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။ ထို့ကြောင့် ကျွန်ုပ်တို့သည် ကိုယ်ကျိုးအတွက် နှုတ်ဆိတ်နေခြင်းကို ရှောင်ကျဥ်ကာ သမ္မာတရားကြောင့် မတရားခံရစေဦးတော့ သမ္မာတရား၌သာပြတ်ပြတ်သားသား ရပ်တည်ကြသူများဖြစ်စေကြဖို့ရန် အရေးကြီးသည် မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။