Skip to content

“ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism)နှင့် မိတ်ဆက်ခြင်း” ၊ “YEC နှင့် စပ်ဆိုင်သော ဝေါဟာရများ”“YEC အယူဝါဒ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း”“ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ” နှင့် “၎င်းတို့၏ ယုံကြည်ချက်များ” အကြောင်းကို ရှေ့အပိုင်းများတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။​ သို့သော် စာဖတ်သူအနေဖြင့် ဤဆောင်းပါးကို ရေးသားသူနှင့်တကွ λόγος အဖွဲ့သားများ၌ ကမ္ဘာဦးဆိုင်ရာ ဖန်ဆင်းခြင်းအကြောင်းများနှင့် ပတ်သက်၍ မည်ကဲ့သို့ ယုံကြည်ချက်မျိုးရှိသည်ကို သိချင်ကြမည်ဟု ယူဆပါသည်။ ထို့အတူ စာဖတ်သူကိုယ်တိုင်လည်း မည်သည့်ဝါဒကို ဆွဲကိုင်ရမည်ကို စဉ်းစားနေမည်ဟု ယူဆပါသည်။

λόγος (ThyLogos) အဖွဲ့အစည်းသည် ဖန်ဆင်းခြင်းအကြောင်းအရာနှင့် ပတ်သက်၍ မည်သည့် ဝါဒကို ဆွဲကိုင်ပါသနည်း

λόγος သည် ဘုရားသခင်တည်ရှိခြင်း၊ ဘဝရဲ့အဓိပ္ပါယ်၊ ဓမ္မဓိဋ္ဌာန်ကျသော သမ္မာတရား၊ ဓမ္မသစ် ခရစ်ဝင်ကျမ်းစာစောင်များ၏ ယုံကြည်စိတ်ချရမှု၊ အနှိုင်းမဲ့ သခင်ယေရှုခရစ်တော်၊ ကိုယ်ကျင့်တရားနှင့် လူ့ကျင့်ဝတ်ဆိုင်ရာတန်ဖိုးများ၊ သခင်ယေရှု၏ သမိုင်းဝင်သေခြင်းမှရှင်ပြန်ထမြောက်တော်မူခြင်း၊ သိပ္ပံပညာ၏ ခန့်ညားထည်ဝါမှုနှင့် လူသားတို့အား အကျိုးပြုခြင်း ဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ဆင်ခြင်တုံတရားနှင့်ယုတ္တိဗေဒဆိုင်ရာ၊ ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းညီညွတ်စွာ ခုခံကာကွယ်ပြောဆိုမှုဆိုင်ရာ စသည့် အသိပညာ အမျိုးမျိုးကို တစ်နေရာတည်းတွင် အခမဲ့ လေ့လာဖတ်ရှုနိုင်စေရန် နှစ်ခြင်းခရစ်ယာန်လူငယ်များဖြင့် ဖွဲစည်းတည်ထောင်ထားသည့် အကျိုးအမြတ်မယူ၊ ကိုယ်ကျိုးမဖက်သည့် နှစ်ခြင်းခရစ်ယာန်အဖွဲ့အစည်းဖြစ်ပါသည်။ λόγος ၏ အဖွဲ့ဝင်များသည် ရှေးရိုးစွဲနှစ်ခြင်းခရစ်ယာန်များဖြစ်ကြသော်လည်း မိမိတို့အဖွဲ့ဝင်များကြား၌ ကမ္ဘာဦးကျမ်းနှင့် ပတ်သက်၍ မတူကွဲပြားသော အနက်ပြန်ဆိုခြင်းနှင့် ယုံကြည်မှုများရှိကြပါသည်။ အဖွဲ့ဝင်များတွင် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒီများ (Young-Earth Creationists) ရော၊ ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒီများ (Old-Earth Creationists) ပါ အတူတကွ ပါဝင်ဆက်ကပ် အမှုတော်ဆောင်ကြပါသည်။ ခရစ်ယာန်အသင်းတော်သမိုင်း ခေတ်အဆက်ဆက်၌ ခရစ်ယာန်တို့၏ ပင်မယုံကြည်ချက်များကို သွေဖီမှသာ ခရစ်ယာန်အမည်ခံအယူလွဲဒိဌိအဖြစ် တမန်တော်ကြီးများနဲ့ အသင်းတော်ဖခင်များက သတ်မှတ်ခဲ့ကြခြင်းဖြစ်ပါသည်။ ကမ္ဘာသက်တမ်းအား မှန်ကန်စွာ တွက်ချက်နိုင်ခြင်း၊ မနိုင်ခြင်းသည် ခရစ်ယာန်ယုံကြည်မှု၏ အုတ်မြစ် မဟုတ်ပါ။ သခင်ယေရှုခရစ်တော်ကို မိမိအသက်တာ၏ ကယ်တင်ပိုင်ရှင် ဘုရားအဖြစ် ယုံကြည်လက်ခံမှသာ ကျေးဇူးတော်သက်သက်အားဖြင့် ကယ်တင်တော်မူခြင်းသို့ရောက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် YEC/OEC နှင့်ပတ်သက်၍ λόγος (ThyLogos) သည် အဖွဲ့အစည်းရပ်တည်ချက်အနေဖြင့် မည်သည့် ဝါဒကို တရားသေဆွဲကိုင်ကြောင်း ထုတ်ဖော်ပြောကြားမည် မဟုတ်ပေ။ λόγος ၏ website နှင့် Facebook Page များတွင် YEC/OEC ဝါဒ (၂) ခုစလုံးအကြောင်းအား စာဖတ်သူများအား ဗဟုသုတရရှိစေရန် ရေးသားထုတ်ဝေကြမည်ဖြစ်ပြီး ၎င်းတို့၏ ယုံကြည်ချက်များ၊ အားနည်းချက်၊​ အားသာချက်များကိုပါ အသိပေးဝေငှသွားမည်ဖြစ်ပါသည်။ မကြာခင်အချိန်တွင်း၌လည်း ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) နှင့် ဆန့်ကျင်ဘက်အယူဝါဒဖြစ်သော ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism / OEC)  အကြောင်းကို ရေးသားထုတ်ဝေသွားဦးမည်ဖြစ်ပါသည်။

စာဖတ်သူအနေဖြင့် မည်သည့် ဝါဒကို ဆွဲကိုင်ရမည်နည်း


မည်သည့် ဝါဒကို ဆွဲကိုင်သင့်ကြောင်း စာရေးသူအနေဖြင့် တိုက်တွန်းခြင်း၊ ဖိအားပေးခြင်း ပြုလုပ်မည် မဟုတ်ပေ။ အကြောင်းမှာ အထက်၌ ပြောခဲ့ပြီးသည့်အတိုင်း ကမ္ဘာသက်တမ်းအား မှန်ကန်စွာ တွက်ချက်နိုင်ခြင်း၊ မနိုင်ခြင်းသည် ခရစ်ယာန်ယုံကြည်မှု၏ အုတ်မြစ် မဟုတ်သောကြောင့်ဖြစ်သည်။ ထိုသို့ဆိုလျှင် စာဖတ်သူအနေဖြင့် ဤကဲ့သို့ တွေးကောင်းတွေးပေလိမ့်မည်။ 

“ခရစ်ယာန်ယုံကြည်မှု၏ အုတ်မြစ် မဟုတ်တာကို ဘာကြောင့် အချိန်ကုန်ခံ လေ့လာဖို့ လိုအပ်ဦးမှာလဲ၊ ဘာလို့များ စာအရှည်ကြီး ရေးနေသေးတာလဲ၊ ကမ္ဘာဦးမှာ ဘယ်သူမှလည်း ရှိခဲ့ဖူးတာ မဟုတ်ဘူး၊ ဒါတွေလိုက်စဉ်းစားတော့ရော သိနိုင်မှာမို့လို့လား … စသဖြင့်” 


ခရစ်ယာန်ယုံကြည်မှု၏ အုတ်မြစ်မဟုတ်ပါဟု ပြောသော်လည်း အရေးမပါသည့် အကြောင်းကိစ္စတော့ မဟုတ်ပါချေ။ အတိုင်းအတာတခုထိ အရေးပါအရာရောက်သည့်အတွက်ကြောင့်လည်း ခရစ်ယာန်ဝါဒ ကြီးစိုးသော တိုင်းနိုင်ငံများတွင် (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ ကနေဒါနှင့် ဗြိတိန်နိုင်ငံတို့၌) ငွေအင်အား၊ လူအင်အား အများအပြားဖြင့် အပြိုင်အဆိုင် သုတေသနပြုကာ ကြိုးစားအားထုတ်လျက် ကျိုးကြောင်းတင်ပြနေကြသည်မှာ အကြောင်းရင်းရှိပါသည်။ ၎င်းအကြောင်းရင်းမှာ ခရစ်ယာန်ဓမ္မဗေဒပညာရပ်ခွဲ တခုဖြစ်သော “ခရစ်ယာန်ယုံကြည်မှုအား ကျိုးကြောင်းညီညွတ်စွာ ခုခံကာကွယ်ခြင်း” (Christian Apologetics) ဓမ္မပညာကို အဆင့်မြှင့်တင်တည်ဆောက်ရန်အတွက်ကြောင့်ပဲဖြစ်ပါသည်။ ဤ Christian Apologetics ဟူသော ဓမ္မပညာရပ်သည် အသင်းတော်အတွက် မည်မျှအရေးပါသနည်း။ ခရစ်ယာန်ဝါဒကြီးစိုးသော အနောက်နိုင်ငံများ၌ပင်လျှင် မြောက်များစွာသောခရစ်ယာန်လူငယ်မောင်မယ်များသည် အသင်းတော်ကို ကျောခိုင်းသွားကြသည်မှာ တစတစ ပိုမိုများပြားလာပါသည်။ အကြောင်းရင်းမှာ သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်းအကြောင်းအရာများသည် ခေတ်ပေါ်သိပ္ပံပညာရှာဖွေတွေ့ရှိမှုများနှင့် လွန်စွာကွဲလွဲဆန့်ကျင်ပြီး ခရစ်ယာန်ယုံကြည်မှုကို ယုတ္တိမကျသော ယုံကြည်မှုတခုအဖြစ် လူငယ်တို့ ရှုမြင်လာသောကြောင့်ဖြစ်သည်။ ဤအရာသည် လူငယ်တို့၏ အပြစ်နှင့် ၎င်းတို့၏ မိုက်မဲခြင်းဟု တဖက်သတ် မဆိုနိုင်ပါချေ။ လူငယ်များ အသင်းတော်ကို ကျောခိုင်းသွားကြရသည့် အကြောင်းရင်းမှန်ကို သိအောင်လုပ်ပြီး ခရစ်တော်ထံသို့ ပြန်လည်ခေါ်ဆောင်ရမည့်တာဝန်မှာ အသင်းတော်၏တာဝန်ဖြစ်ပါသည်။ ထိုအရာထက် လူငယ်များ အသင်းတော်ကို လုံးဝကျောခိုင်းမသွားအောင် အစကတည်းကပင် ကြည့်ရှုစောင့်ရှောက်ရမည့်တာဝန်မှာလည်း အသင်းတော်၏ တာဝန်ပင်ဖြစ်သည်။ ဤတာဝန်သည် ကျွနု်ပ်တို့ ကိုးကွယ်သောဘုရားရှင် သခင်ယေရှု စေခိုင်းတော်မူခဲ့သော မဟာစေစားချက်ထက် မနိမ့်သော တာဝန်ဝတ္တရားပင်ဖြစ်ချေသည်။ ထိုတာဝန်ကိုပင် တမန်တော်ကြီးရှင်ပေတရုနှင့် ရှင်ပေါလုတို့သည် အသင်းတော်သမိုင်း၌ ရဲရဲဝံ့ဝံ့ ဦးဆောင်ဦးရွက်ပြုကာ ထမ်းဆောင်ခဲ့ကြသည် မဟုတ်ပါလား။ ဆရာကြီးယုဒသန်၊ မမအန်းနှင့် အခြားသော ခရစ်ယာန်သာသနာပြုများသည်လည်း မြန်မာ့မြေ၌ ခရစ်တော်၏ တရားမျိုးစေ့တော်ကို ကြဲချပေးခဲ့သည်မှာ နှစ် ၂၀၀ အလွန်ကိုရောက်နေပါပြီ။ သို့သော် စိတ်မကောင်းစရာအချက်မှာ ယနေ့တွင် မြန်မာနိုင်ငံ ခရစ်ယာန်သာသနာ၌လည်း အထက်ပါ စိန်ခေါ်မှုများ၊ မှားယွင်းသောအယူဝါဒများ၊ သျှပ်ပေါ်သော ဝါဒမှားများ စသည့်ဝါဒမျိုးစုံဖြင့် ရင်ဆိုင်လာကြရပြီ မဟုတ်ပါတကား။ ကျွန်ုပ်တို့မျိုးဆက်သည် ဤတာဝန်ကို မထမ်းဆောင်လျှင် နောက်မျိုးဆက်သည် ပျက်စီးခြင်းလမ်းသို့ ကျရောက်သွားနိုင်သည် မဟုတ်ပါတကား။

ခရစ်ယာန်များအကြားတွင် ကမ္ဘာဦးကျမ်းနှင့်သက်ဆိုင်သော ဖန်ဆင်းခြင်းမူလဇစ်မြစ်ရှာပုံတော်ဖွင့်ခြင်းများနှင့် ပတ်သက်၍ ဆွေးနွေးငြင်းခုန်အဖြေရှာကြည့်သည့်အခါတိုင်း အောက်ပါ မေးခွန်း (၂) ခု ထွက်လာလေ့ရှိသည်။ စာဖတ်သူကိုယ်တိုင်ပင်လျှင် အဆိုပါမေးခွန်း (၂) ခုကို မေးဖူးကောင်း မေးဖူးပါလိမ့်မည်။ ထိုမေးခွန်း (၂) ခုမှာ ..
“သိပ္ပံဆိုင်ရှာဖွေတွေ့ရှိချက်များက ပြောသည့်အတိုင်း သမ္မာကျမ်းစာကို ဖတ်ရှုပြီး အနက်ပြန်ဆိုကြမည်လား” သို့မဟုတ် “သိပ္ပံသုတေသနလုပ်ငန်းများကို မည်သို့မည်ပုံပြုရမည်ဆိုသည်ကို သမ္မာကျမ်းအား ပြောစေမည်လား” ဟူ၍ဖြစ်ပါသည်။

စင်စစ် ကျွန်ုပ်တို့ ခရစ်ယာန်များသည် အစွန်းနှစ်ဖက်ကို မရောက်ဘဲ ဤပြဿနာကို အထူးဂရုစိုက်ကာ ကိုင်တွယ်ကြရမည်ဟု စာရေးသူရှုမြင်သည်။ ခရစ်ယာန်များကြားတွင် အတွေ့များရသော အုပ်စု (၂) ခု ရှိပါသည်။ အုပ်စုတခုမှာ သိပ္ပံဆိုင်ရာ၊ သမိုင်းနောက်ခံဆိုင်ရာ၊ ဒဿနိကဆိုင်ရာစသည့် မည်သည့်ဆင်ခြင်သုံးသပ်မှုမျိုးကိုမှ မပြုလေဘဲ သမ္မာကျမ်းစာတခုတည်းကိုပဲ ကြည့်ပြီး မိမိထင်သလို အနက်ပြန်ဆိုကြသည့် အုပ်စုနှင့် နောက်အုပ်စုမှာမူ ဒဿနိကဆိုင်ရာ၊ သိပ္ပံဆိုင်ရာစသည့်ပညာရပ်များပေါ်ကိုသာ အလွန်မှီခိုလွန်းပြီး တဖက်တွင် သမ္မာကျမ်းစာဖတ်ရှုလေ့လာခြင်းနှင့် ပတ်သက်၍ အလွန်အားနည်းနေသော အုပ်စုတို့ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အုပ်စု (၂) ခုစလုံးတွင် မပါဝင်သင့်ပေ။ ယခုပြဿနာသည် ထာဝရဘုရား၏ သမ္မာကျမ်းစာသည် ယုံကြည်စိတ်ချရမှု ရှိ/မရှိ ငြင်းခုန်အဖြေရှာခြင်း သို့မဟုတ် သမ္မာကျမ်းစာ၏ အခွင့်အာဏာတော်အပေါ်မေးခွန်းပြန်ထုတ်နေကြသည့် ပြဿနာမျိုး မဟုတ်ဘဲ သမ္မာကျမ်းစာပါ ကမ္ဘာဦးဆိုင်ရာဖန်ဆင်းခြင်းအကြောင်းအရာများနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ အနက်ပြန်ဆိုခြင်းများသည် ယုံကြည်စိတ်ချရမှု ရှိ/မရှိ သို့မဟုတ် အမှန်တရားနှင့်နီးစပ်မှုရှိ/မရှိကို ဆွေးနွေးငြင်းခုန်အဖြေရှာနေကြသည့် ပြဿနာသာဖြစ်ပါသည်။ ထို နှစ်ခုကို မရောထွေးစေလိုပါ။

ထို့ကြောင့် ယခုဆိုလျှင် ကမ္ဘာဦးဆိုင်ရာ ခရစ်ယာန်အယူဝါဒများထဲမှ ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) ကိုသာ လေ့လာကြည့်ရသေးသည်။ YEC အယူဝါဒသည် မြန်မာခရစ်ယာန်အများစုအတွက် သက်တောင့်သက်သာရှိမည့် ရင်းနှီးကျွမ်းဝင်ပြီးသား အယူဝါဒတခုဖြစ်မည်ဆိုသည်ကို စာရေးသူ ခန့်မှန်းမိပါသည်။ တဖက်တွင်မူ မတူညီသောအယူဝါဒ (၂) ခုကို ဘေးချင်းယှဉ်ပြီး မစမ်းစစ် မလေ့လာကြည့်ဘဲ မည်သည့်အယူဝါဒကို ဆွဲကိုင်ထားသင့်ကြောင်း စာဖတ်သူ မည်ကဲ့သို့ မျှတစွာဆုံးဖြတ်နိုင်ပါမည်နည်း။

ခရစ်ယာန်တို့ကြား ကမ္ဘာကြီး၏သက်တမ်းနှင့် သမ္မာကျမ်းစာပေါ်ကျွနု်ပ်တို့၏ အနက်ပြန်ဆိုမှုမှန်ကန်ခြင်းရှိ/မရှိဆိုသည့် ပြဿနာနှင့် ပတ်သက်၍ Old-Earth Creationism (OEC) ခရစ်ယာန်အုပ်စု၏ အယူဝါဒသည် မြန်မာခရစ်ယာန်အများစုအတွက် သက်တောင့်သက်သာရှိချင်မှရှိပေမည်၊ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်ချင်မှဖြစ်ပေမည်။ သို့သော်လည်း ၎င်းအုပ်စုသည် အဆိုပါပြဿနာကို ဓမ္မနည်းကျ ဖြေရှင်းရန် မည်ကဲ့သို့ ချဉ်းကပ်ကြသည်ကို ဆက်လက်လေ့လာကြသင့်ပေသည်။   ထို့ကြောင့် ကမ္ဘာဦးဆိုင်ရာခရစ်ယာန်အယူဝါဒများနှင့် ပတ်သက်၍ စာဖတ်သူအနေဖြင့် မည်သည့် ဝါဒကို ဆွဲကိုင်ရမည်ကို နောင်တွင် ထွက်ရှိလာဦးမည့် “ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒ (Old-Earth Creationism / OEC) ” ဆောင်းပါးတွဲ ဖတ်ရှုပြီးမှသာလျှင် မိမိဘာသာ စဉ်းစားဆုံးဖြတ်ကြရန် အကြံပြုလိုပါသည်။ စာဖတ်သူတို့အနေဖြင့်လည်း စာရေးသူ အသိပေးဝေမျှပေးခဲ့သည့် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒနှင့်ပတ်သက်၍ ဤမိတ်ဆက်ဆောင်းပါး၌သာ ရပ်တန့်မနေဘဲ ၎င်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ၏ တရားဝင် website များနှင့် ၎င်းတို့ ထုတ်ဝေသောစာအုပ်စာပေများကို မိမိကိုယ်တိုင် ထပ်မံဖတ်ရှုလေ့လာကြပါရန် မေတ္တာဖြင့် အသိပေးဝေငှရင်း တိုက်တွန်းလိုက်ရပါတော့သည်။

“ယေ​ရှု​က​လည်း၊ ယော​န၏​သား​ရှိ​မုန်၊ သင်​သည် ငါ့​ကို​ချစ်​သ​လော​ဟု တ​တိ​ယ​အ​ကြိမ်​မေး​တော်​မူ​လျှင်၊ သင်​သည်​ငါ့​ကို​ချစ်​သ​လော​ဟု သုံး​ကြိမ်​မြောက်​အောင် မေး​တော်​မူ​သော​ကြောင့် ပေ​တ​ရု​သည်​စိတ်​နာ​သ​ဖြင့်၊ သ​ခင်၊ ကိုယ်​တော်​သည် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို သိ​တော်​မူ၏။ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ချစ်​သည်​ကို ကိုယ်​တော်​သိ​တော်​မူ၏​ဟု လျှောက်​သော်၊ ယေ​ရှု​က၊ ငါ၏​သိုး​တို့​ကို ကျွေး​မွေး​လော့။ – ” (ရှင်ယောဟန်ခရစ်ဝင် ၂၁ : ၁၇)

သခင့်ကို ချစ်လျှင် သခင့်သိုးတို့ကို ဓမ္မနို့ရည်စစ် ကျွေးမွေးလျက်၊ ကြည့်ရှုစောင့်ရှောက်လျက် အလုပ်နှင့် သက်သေပြကြပါစို့။

“စိတ်နှလုံးထဲ၌ ထာဝရအရှင်ဘုရားသခင်ကို ရိုသေခြင်းရှိကြလော့။ သင်တို့မြော်လင့်ခြင်း၏ အကြောင်းကို မေးမြန်းသောသူရှိသမျှတို့အား၊ နူးညံ့သောသဘော၊ ကြောက်ရွံ့သောသဘောနှင့် ပြန်ပြော ခြင်းငှါ၊ ကာလအစဉ်မပြတ် အသင့်ရှိနေကြလော့။” (ရှင်ပေတရု ဩဝါဒစာ ပဌမစောင် ၃ : ၁၅)

ကျွန်ုပ်တို့၏ မင်္ဂလာရှိသောမြှော်လင့်ရာ ယေရှုခရစ်တော်နှင့်တကွ ကိုယ်တော်နှင့်စပ်ဆိုင်သောအကြောင်းအရာများကို မေးမြန်းလာသောသူတိုင်းအား အထက်ပါ စိတ်သဘောဖြင့် ပြန်လည်တုံ့ပြန်ဖြေဆိုနိုင်ဖို့ရာ အစဉ်သင့် ပြင်ကြပါစို့။

စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။

ကိုးကားထားသော စာပေအရင်းအမြစ်

https://www.lexico.com/definition/young-earth_creationism (Young Earth Creationism by – LEXICO.COM) 

https://ncse.ngo/young-earth-creationism (Young Earth Creationism by – National Center for Science Education)

https://www.britannica.com/topic/creationism (Creationism – Britannica)

https://www.merriam-webster.com/dictionary/scientific%20creationism (Scientific Creationism – Merriam Webster)

https://answersingenesis.org/why-does-creation-matter/ (Young Earth Creationism by Answers in Genesis)

https://biologos.org/series/science-and-the-bible/articles/young-earth-scientific-creationism-history-and-beliefs (Young-Earth (Scientific) Creationism: History and Beliefs)

https://en.wikipedia.org/wiki/Young_Earth_creationism (Young Earth Creationism by Wikipedia)

https://www.dictionary.com/browse/creation-science (Creation Science – Dictionary)

https://www.britannica.com/event/Scopes-Trial (Scopes Trial – Britannica)

https://www.britannica.com/science/evolution-scientific-theory (Scientific Theory of Evolution – Britannica)

https://www.thykairos.com/2020/05/21/terms-and-definitions-of-evolution/ (ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး မရှုတ်ထွေးသင့်သော ဝေါဟာရများ)

– ထာဝရဘုရား၏ သမ္မာကျမ်းစာ (ဆရာကြီး ယုဒသန်ဘာသာပြန်ကျမ်း)

– Holy Bible (YouVersion)