Skip to content

နောမိသည် တစ်​နေ့တွင် ​နေရပ်သို့ပြန်လာခဲ့သည်။ သို့​သော် သူမ၏ ရင်ဘတ်ထဲတွင် ဒဏ်ရာဗလပွနှင့်ပင်။ ​မေးခွန်းများစွာကိုလည်း မျိုသိပ်​ကောင်းမျိုသိပ်ထား​ပေလိမ့်မည်။ ဣသရေလပြည်၌ ဒုက္ခ​ရောက်၍ ​မောဘသို့သွားခဲ့ကြသော်လည်း အဆင်မ​ပြေခဲ့။ ပြည်​​တော်ပြန်လာချိန်တွင်လည်း ခါးသီး​သော ခံစားချက်များကိုသာ ရင်ဝယ်ပိုက်၍ ပြန်လာခဲ့​ပေသည်။

ရုသဝတ္တု ၁:၂၀
သူကလည်း နောမိဟူ၍ မခေါ်ပါနှင့်။ မာရဟူ၍ ခေါ်ပါ။ အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။

သူမ၏အမည်ကိုပင် ​မေ့နိုင်​လောက်​အောင် ခါးသီးခြင်းသည်နာကျင်​စေသဖြင့် “မာရ” ဟုသာ​ခေါ်ပါဟုပင် ​ပြောဆိုသည်ကို အတိုင်းသားမြင်​တွေ့ရ​ပေသည်။ သူမ ကြုံ​တွေ့ခဲ့ရ​သော ခါးသီးခြင်းသည် သူမ မခံမရပ်နိုင်​အောင် ပြင်းထန်လွန်းသည်ဟု သူမ ခံစားရသည်။ ​နောက်ဆုံးတွင် “အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။” ဟူ၍ပင် နှုတ်မှထုတ်​ပြောသည်အထိကိုပင် သူမ နာကျင်စွာ ငို​ကြွေး​နေရ​ပေလိမ့်မည်။

ထိုသို့​သောအ​ခြေအ​နေ၊ ထိုသို့သောအဖြစ်အပျက်၊ ထိုကဲ့သို့​သောခံစားချက်​များသည် ကျွန်ုပ်တို့နှင့်များ တူ​နေမည်လား။ “ခါးသီးခြင်း​များကိုသာကြုံ​နေရတယ်၊ မတရား​ခြင်း​တွေကိုသာ ခံစား​နေရတယ်၊ အဆင်မ​ပြေခြင်း​တွေကိုသာ ရင်ဆိုင်​နေရတယ်” စတဲ့ ဒီလိုခါးသီးလွန်းလို့ “မာရ” လို့သာ​ခေါ်ဆိုပါ​တော့ဟု ကျွန်တော်တို့လည်း နာကျင်စွာ​ငို​ကြွေး​နေမိ​ကောင်း ​နေမိကြပါလိမ့်မည်။ အ​ခြေအ​နေ​များကိုကြည့်လိုက်လျှင်တော့ အနာဂတ်​ပျောက်​နေမည်၊ လူတိုင်း စိတ်ညစ်​နေကြကာ လမ်း​​ပျောက်​နေသကဲ့သို့ ​မှောက်မိုက်ကာလကြီးထဲတွင် လည်​နေကြပြီဟုသာဆိုကြပါစို့။ ​ထို့​ကြောင့် “အနန္တတန်ခိုးရှင်သည် ငါ့အား အလွန်ခါးသောအရာကို ပေးတော်မူပြီ။” ဟူ၍ ​နောမိဆိုသကဲ့သို့ ကျွန်​တော်တို့​သည်လည်း နှုတ်မှထုတ်​ပြောသည်အထိကိုပင် နာကျင်စွာ ငို​ကြွေး​နေကြရပြီလား။

အမှောင်ထဲ​သို့ရောက်​နေ​သောလူသည် ဘာကိုမျှ မမြင်ရဘဲ မှောင်မိုက်ကိုသာ ​တွေ့ရ​ပေမည်၊ ​မှောက်မိုက်ကိုသာ မြင်​တွေ့ရကာ ​မှောင်မိုက်နှင့်သာ ရင်းနှီးကျွမ်း​ဝင်​​နေ​ပေလိမ့်မည်။” ထိုသို့​သောအ​ခြေအ​နေ​ရောက်လာ​လေ​လေ  မှောင်မိုက်ကိုသာ ပို၍ ပို၍မြင်ရ​လေ​လေ၊ ​မှောင်မိုက်ကိုသာတွေ့ရ​လေ​လေ ပို၍တိုး၍စိတ်ပျက်လာ​လေ​လေဖြစ်​​နေ​ပေ​​တော့မည်မဟုတ်ပါလား။

၈၈ ခု​မြောက်​သောဆာလံ အပုဒ်ငယ် ၁၈ တွင် “အသိအကျွမ်းတို့သည် ​မှောင်မိုက်မှာရှိကြပါ၏” ဟုဆိုသကဲ့သို့ NIV version တွင်တော့ “Darkness is my closest friend.” ဟု​ဖော်ပြထား​ပေသည်။

​ထိုအချိန်တွင် မှောင်မိုက်သည်သာ အရင်းနှီးဆုံးမိတ်​ဆွေဖြစ်​နေသည်၊ ထိုသို့​သောအ​ခြေအ​နေ​များသည် ​ခြေ​ချော်လုပြီ၊ ဘုရားသခင် မျက်နှာလွှဲ​နေပြီဟုထင်ရနိုင်သကဲ့သို့ မာရအရပ်သို့ ​ရောက်ရ​လေပြီဟုပင် ခံသား​ကောင်း ခံစား​နေရ​ပေလိမ့်မည်။ နာကျင်ရ​သောကာလ ကြာ​​ညောင်းလာ​လေ​လေ၊ အဓမ္မလူ​တွေ မတရား​သောသူ​တွေ၏အ​ချိန်​များ ကြာလာ​လေ​လေ ​မှောင်မိုက်ကြီးထဲ​သို့ ရောက်လာ​လေ​လေ ထိုမှောင်မိုက်ကသာ ဘုရားသခင်ထက် သာ၍နီး​နေသလိုလိုဖြစ်​ကောင်းဖြစ်​နေ​ပေမည်။ ထိုမှောင်မိုက်ကသာ ဘုရားသခင်ထက်ရင်းနှီးလာသကဲ့သို့ ခံစားရကာ … “Darkness is my closest friend.” ဖြစ်​နေသလိုပင်။ ထို့ကြောင့် ၈၈ ခု​မြောက်​သော ဆာလံသည် ​ကြေကွဲဝမ်းနည်းစရာအ​ကောင်းဆုံးဆာလံတေးဆို၍ သတ်မှတ်ကြသည်။

လက်ရှိကာလတွင်လည်း ​မှောင်မိုက်ထဲတွင် တစ်​ယောက်တည်းအထီးကျန်​နေပါသလား၊ ​ထိုမှောင်မိုက်ကာလကိုဖြတ်သန်းရင်းနှင့် “Darkness is your closest friend” ဖြစ်​နေပါသလားမိတ်​ဆွေ။

(ရှင်မဿဲခရစ်ဝင်၂၇:၄၅-၄၆)
မွန်းတည့်အချိန်မှစ၍ သုံးချက်တီးအချိန်တိုင်အောင် မြေတပြင်လုံး၌ မှောင်မိုက်အတိဖြစ်လေ၏။
သုံးချက်တီးအချိန်၌ ယေရှုက၊ ဧလိ၊ ဧလိ၊ လာမာရှာဗခသာနိဟု ကြီးသောအသံနှင့် ကြွေးကြော်တော်မူ၏။ အနက်ကား၊ အကျွန်ုပ်ဘုရား၊ အကျွန်ုပ်ဘုရား၊ အဘယ်ကြောင့်အကျွန်ုပ်ကို စွန့်ပစ်တော်မူသနည်းဟုဆိုလိုသတည်း။

တကယ်​တော့ ကျွန်တော်တို့သည် မှောင်မိုက်ထဲသို့ဖြတ်သန်းနေရချိန်မှာလျှင်ပင် တစ်ယောက်တည်းမဟုတ်ပါ။ ထိုသို့​သောအခြေအနေများကို သခင်ယေရှုအကုန်အစင်သိပါသည်။ လူတွေ၏တံတွေးနှင့်ထွေးခံရခြင်း၊ ငြင်းပယ်ခံရခြင်း၊ ကိုယ့်လူများ၏ စွန့်ပယ်သွားခြင်း၊ သစ္စာဖောက်ခြင်း၊ မတရားစွပ်စွဲခံရခြင်း၊ အထင်သေးခံရခြင်း၊ လှောင်ပြောင်ခံရခြင်း၊ နောက်ဆုံး တွင်လည်း အားလုံးသည် လူသတ်သမားနှင့်ပင် လဲလှယ်ကြပြန်သည် မဟုတ်ပါလား။ ခမည်းတော်ကလည်းစွန့်ပယ်ပြန်​သေး၏။ ထိုသို့​သောမှောင်မိုက်အတိဖြစ်သည့်အချိန်၊ အမှောင်မိုက်ဆုံး​သောကာလကိုပင်လျှင် ကိုယ်​တော်သိသည်။ အဲဒီမှောင်မိုက်ထဲတွင်လည်း ကိုယ်တော်တပါးတည်းရှိ​နေခဲ့​ပေသည်။

သခင်ယေရှု၏ကားတိုင်တက်ခြင်းသည် လူသားများအတွက် ကယ်တင်ခြင်း၊ ထိုမှောင်မိုက်ကာလကိုဖြတ်သန်းခြင်းသည်လည်း လူသားများအတွက်ဖြစ်​ပေသည်။ ဆာလံဆရာ၏ မြည်တမ်းရ​သော အမှောင်မိုက်ဆုံး​သောကာလများသည် လက်ရှိယခုကျွန်တော်တို့ ခွန်အားယူရာ ကျမ်းပိုဒ်များစွာဖြစ်လာ​ပေသည်။ လက်ရှိ ကျွန်တော်တို့ တယောက်ချင်းစီ တစ်​ယောက်ချင်းစီတိုင်း၏ မှောင်မိုက်ကာလများသည် ဘယ်နေ့ ဘယ်အချိန်တွင် ဘာအတွက်ဖြစ်စေမည်ကို ကျွန်တော်တို့မသိကြ​သော်လည်း ကိုယ်တော်သိပါသည် … နားလည်နိုင်ဖို့ရာဘုရားရှင်ကောင်းကြီးရှိပါစေ။

မိတ်​ဆွေ သင်ယခု … မှောင်မိုက်ကာလထဲတွင် အားငယ်နေလျှင်လည်း သတိရလိုက်ပါ ထိုအထဲမှာ ပင်လျှင်သခင်ယေရှုရှိပါသည်၊ မှောင်မိုက်သည်ကျွန်တော်တို့၏မိတ်ဆွေမဟုတ်ဘဲ အဲဒီမှောင်မိုက်ကိုဖြတ်သန်းဖူးတဲ့ သခင်ကအတူရှိ​နေ​ပေသည်၊ သူကသာ ကျွန်တော်တို့၏မိတ်ဆွေ၊ ကျွန်တော်တို့​၏ ကယ်တင်ရှင်ဖြစ်ပါသည်။ ထို့ကြောင့် အမှောင်မိုက်ဆုံးသောကာလများကို ရင်ဆိုင်ကြရသည့်အခါတွင် ဘုရားသခင်မျက်နှာလွှဲသွားသလားဆိုရင်ဖြင့် … မလွှဲသွားဘူး … ဘုရားသခင် အတူမရှိတော့ဘူးလားဟုဆိုလျှင်လည်း မဟုတ်ပါဘူး … ဘုရားသခင်အတူရှိနေပါသည်။ ဘုရားသခင်သည် ထိုကဲ့သို့​သော အမှောင်မိုက်ဆုံးသောကာလထဲမှာပင်လျှင် ကျွန်တော်တို့နှင့်အတူရှိပါသည် ဆိုတာကိုသိမှတ်ဖို့နှင့် လက်တော်ကိုငံ့လင့်ဖို့လည်းဖြစ်​ပေသည်မဟုတ်ပါလား။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။