Skip to content

ချစ်ရပါသောစာဖတ်သူ .. ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရ (၃) ခု၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များနှင့် ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို သင် သိပြီးပါပြီလား။ ဤခေါင်းစဉ် (၃) ခုကို စာရေးသူ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မသိသေးပါက သင်သည် ဤဆောင်းပါးတွဲ၏ပထမပိုင်းနှင့် ဒုတိယပိုင်းကို မဖတ်ရသေးသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးအား မဖတ်ခင် အပိုင်း(၁) နှင့် အပိုင်း(၂)ကို ဦးစွာသွားရောက်ဖတ်ရှုစေလိုပါသည်။ သို့မဟုတ်လျှင် ဤဆောင်းပါး၌ရေးသားထားသောအကြောင်းအရာများကို စာဖတ်သူ ကောင်းစွာနားလည်နိုင်ရန် အခက်အခဲရှိပေလိမ့်မည်။ ယခုတတိယအပိုင်းသည် ဤ YEC ဆောင်းပါးတွဲတခုလုံးတွင် အရေးကြီးဆုံးနှင့် အရှုပ်ထွေးဆုံးအပိုင်းဖြစ်သည်ဟု စာရေးသူ ရှုမြင်ပါသည်။ ထို့ကြောင့် စာဖတ်သူများအနေဖြင့် အေးဆေးစွာအချိန်ယူလျက် ဖတ်ရှုဆင်ခြင်ကာ အလေးအနက်တွေးတောစေလိုပါသည်။

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ

ပုံ — AiG ၏ Ark Encounter (နောဧသင်္ဘော ပုံတူပြတိုက်) Photo: Answers In Genesis

ကမ္ဘာပေါ်တွင် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒကို အားကောင်းကောင်းဖြင့် ဖြန့်ဝေပေးနေသော ထင်ရှားသောအဖွဲ့အစည်းကြီး (၃) ခုရှိပါသည်။ ၎င်းတို့မှာ Answers In Genesis (AiG)၊ The Institute for Creation Research (ICR) နှင့် Creation Ministries International (CMI) တို့ဖြစ်ကြပါသည်။ ဩစတြေးလျလူမျိုးများဖြစ်ကြသော ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒီသမားများမှ ၁၉၈၀ ခုနှစ်တွင် Creation Science Foundation အဖြစ် အစပြုခဲ့ရာမှ အဖွဲ့အစည်းကြီး ၂ ခု ထွက်ပေါ်ခဲ့ပါသည်။ ပထမအုပ်စုမှာ ၁၉၉၄ ခုနှစ်တွင် Mr.Ken Ham မှ ဦးဆောင်၍  အမေရိကန်ပြည်ထောင်စု၌ ရုံးခွဲ စဖွင့်ခဲ့ပြီး Answers In Genesis (AiG) အမည်သို့ ပြောင်းလဲခဲ့သည်။ နောက်အုပ်စုမှာမူ ဩစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ တောင်အာဖရိကနှင့် စင်ကာပူနိုင်ငံတို့၌ Creation Ministries International (CMI) အမည်ဖြင့် ရုံးခွဲများ ဖွင့်လှစ်ခဲ့ကြပါသည်။ ၂၀၀၇ တွင် AiG သည် Creation Museum (ဖန်ဆင်းခြင်းပြတိုက်) ကို စတင်ဖွင့်လှစ်ခဲ့ပြီး Ark Encounter (နောဧသင်္ဘော ပုံတူပြတိုက်) ကို ၂၀၁၆ ခုနှစ်၌ ဖွင့်လှစ်ခဲ့ပါသည်။ AiG သည် YEC အဖွဲ့အစည်းအားလုံးတွင် အထင်ရှားဆုံးဖြစ်ပြီး ဝက်ဘ်ဆိုဒ်၊ မဂ္ဂဇင်း၊ ဂျာနယ်၊ စာအုပ်များဖြင့်သော်လည်းကောင်း၊ လူအင်အား၊ ငွေအင်အား အလုံးအရင်းဖြင့်သော်လည်းကောင်း YEC အယူဝါဒအား ဖြန့်ဝေပေးလျက်ရှိပါသည်။ The Institute for Creation Research (ICR) ကိုမူ Mr. Henry Morris က ၁၉၇၀ တွင်တည်ထောင်ခဲ့ပြီး AiG ထက် ပိုမို စီနီယာကျသော YEC အဖွဲ့အစည်းကြီးဖြစ်ပါသည်။ ICR တွင်လည်း ကိုယ်ပိုင် ပြတိုက်ရှိပြီး Museum of Creation and Earth History ဟု အမည်တွင်သည်။ အဆိုပါ YEC အဖွဲ့အစည်းကြီးများသည် မျက်မှောက်ခေတ် သိပ္ပံပညာရေစီးကြောင်းပေါ်မလိုက်ဘဲ သူတို့ကိုယ်ပိုင်ဗားရှင်း(version) သိပ္ပံပညာလို့ ခေါ်သည့် Scientific Creationism ကို တင်ပြကြလေသည်။ စာဖတ်သူများအနေဖြင့် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (YEC) အား ပိုမိုလေ့လာလိုပါက ၎င်းတို့၏ တရားဝင်ဝက်ဘ်ဆိုဒ်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

၁။ Answers In Genesis (AiG) — http://www.answersingenesis.org

၂။ The Institute for Creation Research (ICR) — http://www.icr.org

၃။ Creation Ministries International (CMI) — https://creation.com

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒီ တို့၏ ယုံကြည်ချက်များ

၁။ စကြဝဠာနှင့် ကမ္ဘာသက်တမ်းအား နှစ်ပေါင်း ၆၀၀၀ အတွင်းမှ ၁၀၀၀၀ အတွင်းသာ ရှိသေးပြီး ဖန်ဆင်းခြင်း ၆ ရက်မှာလည်း တရက်လျှင် ၂၄ နာရီတိတိသာ ကြာမြင့်ခဲ့သည်ဟု YEC များက ယုံကြည်ကြသည်။

မျက်မှောက်ခေတ် စကြဝဠဗေဒ၊ ဘူမိဗေဒ စသည့် သိပ္ပံဆိုင်ရာရှာဖွေတွေ့ရှိချက်များကို လစ်လျူရှုပြီး ကမ္ဘာဦးကျမ်းအားလုံးကို စာသားအတိုင်း အနက်ပြန်ဆိုပါက စကြဝဠာနှင့် ကမ္ဘာသက်တမ်းသည် နုနယ်သေးသည်ဟု ထင်မြင်နိုင်ပါသည်။ ထို့ကြောင့် YEC များသည် မျက်မှောက်ခေတ် သိပ္ပံပညာရှင်တို့၏ ရှာဖွေတွေ့ရှိချက်များသည် မှားယွင်းကြောင်း၊ သမ္မာကျမ်းစာပါ ဖန်ဆင်းခြင်းအကြောင်းအရာများနှင့် ကိုက်ညီမှုမရှိကြောင်း ပြောဆိုလေ့ရှိကြသည်။ ထို့ကြောင့် ၎င်းတို့သည် သူတို့မူပိုင်ဗားရှင်း Creation Science ၊ Scientific Creationism များကို ခရစ်တော်ကိုယုံကြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေလေ့ရှိကြသည်။ သို့သော်လည်း Mainstream Science community မှ သိပ္ပံပညာရှင်အသိုင်းအဝန်းများကမူ YEC တို့၏ Creation Science နှင့် Scientific Creationism တို့ကို သိပ္ပံယောင်(Pseudosceince) အဖြစ်သာ သတ်မှတ်ထားကြသည်။ အကြောင်းမှာ ၎င်းတို့သည် သိပ္ပံပညာစစ်စစ် မဟုတ်ဘဲ ခရစ်ယာန်အုပ်စုတစ်စု၏ ဘာသာရေးလှုပ်ရှားမှုတခုဖြစ်သောကြောင့်သာ ဖြစ်သည်။ (မှတ်ချက်။ Mainstream Science community ဆိုရာဝယ် ထိုအသိုင်းအဝိုင်းတွင် ခရစ်ယာန်ဘာသာဝင်များအပါအဝင် အခြားသော ဘာသာပေါင်းစုံ၊ ဘာသာမဲ့များ၊ နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံမှ သိပ္ပံပညာရှင်များ ပါဝင်သည်။ သူတို့သည် ဘုရားမဲ့ဝါဒ (Atheism) ကို promote လုပ်နေကြခြင်း မဟုတ်ဘဲ သူတို့၏ သိပ္ပံဆိုင်ရာ သုတေသနပြုချက်များ (Scientific Research) ကိုသာ အာရုံစိုက်ကြသည်)

ဖန်ဆင်းခြင်း ၆ ရက်မှာ တရက်လျှင် ၂၄ နာရီတိတိသာ ကြာမြင့်ခဲ့သည်ကို သက်သေပြဖို့ ကြိုးပမ်းရာတွင် YEC များ အမြဲသုံးလေ့ရှိသည့် ကျမ်းချက်မှာ ထွက်မြောက်ရာကျမ်း ၂၀ : ၁၁ ဖြစ်သည်။ အ ကြောင်း မူ ကား၊ ထာ ဝ ရ ဘု ရား သည် မိုး ကောင်း ကင်၊ မြေ ကြီး၊ သ မု ဒ္ဒ ရာ၊ အ ရပ် ရပ်၌ ရှိ သ မျှ တို့ ကို ခြောက် ရက် တွင် ဖန် ဆင်း ၍ သ တ္တ မ နေ့ ရက်၌ ငြိမ် ဝပ် စွာ နေ တော် မူ၏။ ထို ကြောင့် ထာ ဝ ရ ဘု ရား သည် သ တ္တ မ နေ့ ရက် ကို ကောင်း ချီး ပေး ၍ သန့် ရှင်း စေ တော် မူ ၏။”

၂။ ကမ္ဘာဦးကျမ်းအား စာသားအတိုင်း တိုက်ရိုက်အနက်ပြန်ဆိုခြင်းသည်သာလျှင် စစ်မှန်ပြီးသမ္မာနည်းကျသည့် တခုတည်းသော အနက်ပြန်ဆိုခြင်းဖြစ်သည်ဟု YEC များက ယုံကြည်ကြသည်။

စင်စစ် ခရစ်ယာန်များအကြောင်းတွင် ကမ္ဘာဦးကျမ်းအား အနက်ပြန်ဆိုပုံများ မတူညီကြပေ။ ထိုကဲ့သို့ မတူကွဲပြားမှုများမှာ ချားစ်ဒါဝင်၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ မပေါ်ပေါက်ခင် ရှေးပဝေသဏီကတည်းကပင် အသင်းတော်သမိုင်းတွင်ရှိခဲ့သည်။ ဥပမာ ကနဦးခရစ်ယာန်အသင်းတော်သမိုင်း၏ ဘုန်းတော်ကြီး စိန့်ဩဂတ်စတင်းဆိုလျှင် ကမ္ဘာဦးကျမ်းအားလုံးအား စာသားအတိုင်း တိုက်ရိုက်အနက်ပြန်ဆိုခြင်းကို သူကိုယ်တိုင် အားမပေးခဲ့ပါ။ မတူကွဲပြားသော ထင်ရှားသည့် အနက်ပြန်ဆိုမှုအားလုံးလိုလိုသည် သမ္မာကျမ်းစာ၏ အခွင့်အာဏာကို လေးစားလျက်ရှိကြပြီး ကျိုးကြောင်းဆီလျှော်မှုရှိခြင်း၊ ယုတ္တိကျခြင်း၊ သိပ္ပံဆိုင်ရာ ရှာဖွေတွေ့ရှိချက်များဖြင့် သဟဇာတရှိခြင်း စသည့်အချက်များစွာပေါ်တွင် အခြေခံ၍ ကွဲပြားသော အနက်ပြန်ဆိုမှုများ ထွက်ပေါ်လာခဲ့သည်။ သို့သော် Answer In Genesis အဖွဲ့အစည်း၏ လွှမ်းမိုးမှုခံရသော YEC အများစု၏ ယုံကြည်မှုတွင် ကမ္ဘာဦးကျမ်းအား စာသားအတိုင်း တိုက်ရိုက်အနက်ပြန်ဆိုခြင်းသည်သာလျှင် စစ်မှန်ပြီးသမ္မာနည်းကျသည့် တခုတည်းသော အနက်ပြန်ဆိုခြင်းဖြစ်သည်ဟု ယုံကြည်ကြပြီး အခြားသော အနက်ပြန်ဆိုမှုအားလုံးသည် စစ်မှန်မှုမရှိ၊ သမ္မာနည်း မကျနိုင်သည့်အပြင် ယုံကြည်သူများကိုပါ ဘုရားသခင်အား ယုံကြည်ကိုးကွယ်ခြင်းမှ လမ်းလွဲစေသည်ဟု ခံယူကြသည်။ YEC အားလုံး ထိုသို့ မခံယူပါ၊ အများစုသာ ထိုကဲ့သို့ ခံယူကြသည်။ ထို့ကြောင့် YEC တို့၏ သွန်သင်ချက်အရ သင်သည် သခင်ယေရှုဘုရားအား လက်ခံယုံကြည်ပြီးသူဖြစ်လင့်ကစား ကမ္ဘာဦးကျမ်းအား စာသားအတိုင်း သင် မယုံပါက သင့်ကို အယူလွဲဟု မသတ်မှတ်သည့်တိုင် သမ္မာနည်း မကျသော အနက်ပြန်ဆိုမှုများကို လက်ခံသူအဖြစ် ရှုမြင်နိုင်ပါသည်။

၃။ ကမ္ဘာဦးခေတ်တွင် မည်သူမျှ အသက်မရှင်ဖူးခဲ့ပါ။ ကမ္ဘာဦးခေတ်ကာလ၏ တဦးတည်းသော မျက်မြင်သက်သေမှာ (only eye-witness of the creation) ဖန်ဆင်းရှင်ဘုရားသခင်သာလျှင် ဖြစ်သည်။ ထို့ကြောင့် စကြဝဠာနှင့် ကမ္ဘာမြေ၏မူလအစနှင့် ပတ်သက်၍ မျက်မှောက်ခေတ် သိပ္ပံတွေ့ရှိချက်များထက် သမ္မာကျမ်းစာလာ ကမ္ဘာဦးကျမ်းသာ အတည်ယူကောင်းပါ၏။

YEC တို့၏ ယုံကြည်ချက်များသည် မျက်မှောက်ခေတ် Mainstream Scientific evidences များဖြင့် များစွာ ကွဲလွဲဆန့်ကျင်နေသည့်အတွက် ထိုအရာကို ခုခံချေပ ဖုံးဖိသည့်အနေဖြင့် အထက်ပါ အဆိုကို မကြာခဏ ပြောဆိုသုံးစွဲလေ့ရှိကြသည်။ ထို့ကြောင့် YEC တို့၏ ထိုယုံကြည်ချက်အရ ၎င်းတို့နှင့် အမြင်မတူသူ အခြားသော ခရစ်ယာန်အုပ်စုများဖြစ်သည့် ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒီသမားများ (OEC) သည် ကမ္ဘာဦးခေတ်ကာလ၏ တဦးတည်းသော မျက်မြင်သက်သေဖြစ်တော်မူသော ဖန်ဆင်းရှင်ဘုရားသခင်ကို အပြည့်အဝ မယုံကြည်ဘူးဟု တင်ပြလေ့ရှိကြသည်။ ထို့ကြောင့် ထိုအုပ်စုကြီး ၂ ခုသည် အမြဲလိုလို ငြင်းခုန်အားပြိုင်လေ့ရှိကြသည်။ YEC များသည် ကမ္ဘာဦးကျမ်းစာအား သူတို့ကဲ့သို့ စာသားအတိုင်း အနက်မပြန်ဆိုသည့် အခြားသော ခရစ်တော်ကို ယုံကြည်သူတိုင်းကို နောက်ထပ်ထောက်ပြလေ့ရှိသည့်အချက်မှာ OEC များသည် ခေတ်ပေါ်သိပ္ပံတွေ့ရှိချက်များနှင့် သမ္မာကျမ်းစာကို အပေးအယူညှိယူ(compromise) ကြသည်ဟူ၍ဖြစ်သည်။

 

၄။ သိပ္ပံဆိုင်ရာသက်သေအထောက်အထားများကို မှန်မှန်ကန်ကန် အနက်ပြန်ပါက ကျမ်းစာအား စာသားအတိုင်းအနက်ပြန်ဆိုခြင်းနှင့် ကိုက်ညီမှုရှိသည်ဟု YEC များက ယုံကြည်ကြသည်။

OEC ခရစ်ယာန်များ၊ ဘာသာမဲ့များနှင့် သိပ္ပံပညာရှင်များသည် ဖန်ဆင်းခြင်း ၆ ရက်၌ တရက်လျှင် ၂၄ နာရီတိတိသာ ကြာမြင့်ခဲ့သည်ကို မယုံကြည်ကြခြင်းမှာ သိပ္ပံဆိုင်ရာသက်သေအထောက်အထားများကို မှန်မှန်ကန်ကန် အနက် မပြန်ဆိုနိုင်ခြင်းကြောင့် ဖြစ်သည်ဟု ခံယူကြသည်။ မိမိတို့ YEC များသည် သိပ္ပံဆိုင်ရာသက်သေအထောက်အထားများကို မှန်မှန်ကန်ကန် အနက်ပြန်ဆိုနိုင်သည့်အတွက် မိမိတို့၏ယုံကြည်ခြင်းသည် သိပ္ပံနည်းကျ ယုံကြည်ခြင်းမျိုးဖြစ်သည်ဟု ဆိုကြပါသည်။ 

 

၅။ ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် မျက်မှောက်ခေတ် ကမ္ဘာမြေကျောက်လွှာများဖွဲ့စည်းတည်ဆောက်ပုံ၊ ဘူမိမြေပြင်ဖွဲ့စည်းပုံများသည် နောဧခေတ်၌ တကမ္ဘာလုံးရေလွှမ်းခြင်း၏ ခြေရာလက်ရာများဖြစ်သည်ဟု YEC များက ယုံကြည်ကြသည်။

ဤယုံကြည်ချက်ကို “Flood Geology” ဟု ခေါ်တွင်ပါသည်။ Flood Geology သည် Science မဟုတ်ဘဲ Pseudoscience သာဖြစ်ပါသည်။ စင်စစ် Flood Geology သည် YEC တို့၏ Scientific Creationism အတွက် ပင်မအသက်သွေးကြောကြီးဖြစ်လေသည်။ သို့မှသာ ၎င်းတို့၏ ကမ္ဘာသက်တမ်း နှစ် ၆၀၀၀ ဟူသည့် အနက်ပြန်ဆိုခြင်းနှင့် ကိုက်ညီမည်ဖြစ်ပေသည်။ ၎င်းတို့သည် နောဧခေတ်တွင် လူသားတို့၏ အပြစ်ကို စီရင်ရန်အတွက် တကမ္ဘာလုံးကို ရေလွှမ်းမိုး(Global Flood)ခဲ့သည်ကို မယုံကြည်ပါက အခြားသော ခရစ်ယာန်ယုံကြည်မှုဆိုင်ရာ ကိုးကွယ်မှုများနှင့် တန်ဖိုးများကို လျော့ကျထိခိုက်စေနိုင်သည်ဟု ရှုမြင်ကြသည်။ ထို့ကြောင့် မျက်မှောက်ခေတ် ကမ္ဘာမြေကျောက်လွှာများဖွဲ့စည်းတည်ဆောက်ပုံနှင့် ကျောက်ဖြစ်ရုပ်ကြွင်းများသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာ ဖြစ်ပေါ်ခဲ့သည်ဟူသည့် သိပ္ပံရှာဖွေတွေ့ရှိချက်များကို YEC များက ငြင်းပယ်ကြသည်။ မျက်မှောက်ခေတ် သိပ္ပံရှာဖွေတွေ့ရှိချက်များတွင် နောဧခေတ် တကမ္ဘာလုံးရေလွှမ်းခြင်း အတွက် သက်သေအထောက်အထားတစုံတရာ မရှိပေ။ သို့သော် သိပ္ပံပညာရှင်များသည် နောဧခေတ်က ထိုနေရာတဝိုက်၌သာ ဖြစ်ပွားခဲ့သော ရေလွှမ်းမိုးမှု (Local Flood) တော့ရှိနိုင်သည်ဟု မှတ်ချက်ပေးကြသည်။ OEC များသည် ထိုအချက်ကို သဘောတူလက်ခံကြပြီး ထိုသို့ လက်ခံခြင်းသည် ခရစ်ယာန်ယုံကြည်မှုဆိုင်ရာ ကိုးကွယ်မှုများနှင့် တန်ဖိုးများကို လျော့ကျထိခိုက်စေနိုင်သည်ဟု မရှုမြင်ကြပါ။ အကြောင်းမှာ သင်သည် သခင်ယေရှုခရစ်တော်ကို မိမိအသက်တာ၏ ကယ်တင်ပိုင်ရှင်ဘုရားအဖြစ် ယုံကြည်လက်ခံခြင်းကသာ ထိုကိုးကွယ်မှုတန်ဖိုးများအတွက် အဓိကအထွတ်အထိပ်ဖြစ်ပြီး ကမ္ဘာသက်တမ်းအား သင်မည်ကဲ့သို့ ယုံကြည်လက်ခံခြင်းဆိုသည်မှာ သာမည ဖြစ်သည်ဟု ရှုမြင်သောကြောင့်သာ ဖြစ်သည်။

 

၆။ ကမ္ဘာသက်တမ်းမှာ သမ္မာကျမ်းစာအရ ထင်သလောက် မအိုမင်းသေးပါ။ အိုမင်းသည်ဟု သင်တို့ ထင်မြင်နေခြင်းသက်သက်သာဖြစ်သည်ဟု YEC များက ယုံကြည်ကြသည်။

သိပ္ပံသက်သေအထောက်အထားများအရ စကြဝဠာနှင့် ကမ္ဘာသက်တမ်းသည် နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အလွန်ရှေးကျနေပြီဟု ထင်ကောင်းထင်နိုင်ပါသည်။ သို့သော် အမှန်မှာ မအိုမင်းသေးပါ ဟူ၍ဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ YEC များသည် အာဒံ၏ မူလဖန်ဆင်းခါစ အခြေအနေကို အကြောင်းပြချက်ပေးကြသည်။ ဆိုလိုသည်မှာ ဘုရားသခင်သည် အာဒံကို စတင်ဖန်ဆင်းချိန်တွင် လူသည် အရွယ်ရောက်ပြီးသားဖြစ်ပြီး မွေးကင်းစ ကလေးငယ်ပုံစံဖြင့် မဟုတ်ပါ။ အာဒံသည် အရွယ်ရောက်ပြီးလူကြီးပုံစံအဖြစ် ဖန်ဆင်းခံရသော်လည်း ဖန်ဆင်းခါစက သူ၏ အသက်မှာ ၁ နှစ်ပင် မပြည့်သေးဟု ဆိုကြသည်။ ထိုအရာကို Appearance of Age Interpretation ဟုလည်းခေါ်ကြသည်။ အမှတ်တမဲ့ဆိုလျှင် ယုတ္တိရှိပြီး ကျိုးကြောင်းဆီလျော်သည်ဟု ထင်ရသော်လည်း စင်စစ် YEC တို့၏ ဤယုံကြည်ချက်၌ ဓမ္မရှုထောင့်အရရော၊ ဒဿနိကရှုထောင့်အရပါ စိန်ခေါ်ချက် ကြီးကြီးမားမားရှိပါသည်။ ဖြစ်ရပ်အားလုံးဟာ အမှန်တကယ်ရှေးမကျသေးပါဘူး၊ ရှေးကျတယ်လို့ ထင်နေရခြင်းဖြစ်ပါသည်ဆိုသည်မှာ သေချာပါသလား။ သေချာသည်ဆိုလျှင် “ဘုရားသခင်သည် စကြဝဠာကြီးနှင့် ကမ္ဘာမြေကြီးကို လွန်ခဲ့သည့် သောကြာနေ့ကမှ ဖန်ဆင်းလိုက်ပါသလား .. ကမ္ဘာသက်တမ်းမှာ ထင်သလောက် မအိုမင်းသေးပါ။ အိုမင်းသည်ဟု ကျွန်ုပ်တို့ ထင်မြင်နေခြင်းသက်သက်သာဖြစ်သည်ဆိုလျှင်ပေါ့”
Appearance of Age Interpretation အရ ကမ္ဘာကြီးသက်တမ်းဟာ နှစ် ၆၀၀၀ မရှိသေးပါ .. လွန်ခဲ့သော သောကြာနေ့ကမှ ဖန်ဆင်းလိုက်ခြင်းဖြစ်ပါသည်ဟု မည်သူမဆို ကြွေးကြော်နိုင်သည် မဟုတ်ပါလား။ ဘူမိဗေဒဆိုင်ရာအချက်အလက်များအရရော၊ ကျောက်ဖြစ်ရုပ်ကြွင်းပညာဆိုင်ရာ(Palaeontological) သက်သေအထောက်အထားများအရပါ ကမ္ဘာသက်တမ်းသည် အမှန်တကယ်ပင် ရှေးကျနေပြီဖြစ်ပါသည်။ ယနေ့ခေတ်ကာလ၌ ကမ္ဘာသက်တမ်း နှစ်ထောင်ဂဏန်းသာရှိသေးသည်ဟု ယုံကြည်ခြင်းသည် မျက်မှောက်ခေတ်၌ ကမ္ဘာကြီး ပြားသည်ဟု ယုံကြည်နေကြသေးသည့် ခရစ်ယာန်များနှင့် ဆင်တူနေမည်လားဟု ဆင်ခြင်သုံးသပ်စရာ ရှိနိုင်ပါသည်။ မြန်မာနိုင်ငံ၌ပင် ကမ္ဘာကြီးလုံးသည်ကို လက်မခံဘဲ ကျမ်းစာသားအတိုင်း တိုက်ရိုက်အနက်ပြန်ပြီး ကမ္ဘာပြားသည်ဟု ယုံကြည်ကြသည့် ခရစ်ယာန်များ တကယ်ရှိပါသည်။ ထိုခရစ်ယာန်များကို YEC များ မည်ကဲ့သို့ ရှုမြင်ကြမည်နည်းဟူသည်မှာ အတော်စိတ်ဝင်စားစရာပင်။

 

၇။ ဒါဝင်၏ သိပ္ပံဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ၌ ပြစ်ချက်များရှိသည်၊ သမ္မာကျမ်းစာနှင့် ကိုက်ညီမှုမရှိဟုဆိုကာ ဒါဝင်၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်သီအိုရီကို YEC များက အပြည့်အဝ လက်မခံကြပါ။

လူနှင့် ချင်ပန်ဇီတို့သည် ရှေးဘုံတူ ဘိုးဘေးမျိုးစိတ်(common ancenstor) ဖြစ်သည့် လူဝံ (Ape) ကဲ့သို့သောသတ္တဝါမျိုးမှ အချိန်ကာလကြာမြင့်လာသည့်အခါ တဖြည်းဖြည်း ဆင့်ကဲပြောင်းလဲလာခဲ့သည်ဟူသည့် သိပ္ပံဆိုင်ရာ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကို ငြင်းပယ်ကြသည်။ YEC တို့သည် မျိုးစိတ်အတွင်း ဆင့်ကဲပြောင်းလဲခြင်းကိုသာ လက်ခံကြပြီး မျိုးစိတ်တစ်ခုမှ နောက်မျိုးစိတ်တခုသို့ ဆင့်ကဲပြောင်းလဲခြင်းကိုမူ သမ္မာကျမ်းစာ သွန်သင်ချက်နှင့် မညီဟု ဆိုကာ လက်မခံနိုင်ကြပေ။ YEC တို့ အခေါ် မျိုးစိတ်အတွင်း ဆင့်ကဲပြောင်းလဲခြင်းကို Micro-evolution ဟု ခေါ်ကြသည်။ ဥပမာ .. ခွေးမျိုးစိတ်တခုမှ ဝိသေသနလက္ခဏာမတူသော အခြားခွေးမျိုးကွဲသို့ ဆင့်ကဲပြောင်းလဲခြင်းမျိုးကို သူတို့ဆိုလိုကြခြင်းဖြစ်သည်။ ထို့ကြောင့် ခွေးဘီလူး၊ ခွေးစုတ်ဖွား၊ ဟတ်စကီးခွေးမျိုး စသဖြင့် အမျိုးကွဲများအဖြစ် ထွက်ပေါ်လာကြခြင်းဖြစ်သည်ဟု ဆိုသည်။  ကြောင်မျိုးစိတ်၊ ကျားမျိုးစိတ်၊ မျောက်မျိုးစိတ်များလည်း ထိုနည်း၎င်းပင်။ YEC တို့သည် ၎င်းတို့၏ Scientific Creationism ပါ Micro-evolution ကို ကမ္ဘာဦးကျမ်း ၁ : ၂၀ ပါ ကျမ်းစာသားဖြစ်သည့် “ … အမျိုး အလိုက် ( … according to its kind)” ဟူသည့်အရာနှင့် ခိုင်းနှိုင်းပြောဆိုလေ့ရှိကြပြီး Macro-evolution ကိုမူ မျိုးစိတ်တစ်ခုမှ နောက်မျိုးစိတ်တခု(မျောက်မှ လူ) သို့ ဆင့်ကဲပြောင်းလဲခြင်းအဖြစ် ပြောဆိုကြသည်။ စင်စစ် မျက်မှောက်ခေတ်သိပ္ပံပညာရပ်ဝန်းက ဖော်ပြသော Micro-evolution နှင့် Macro-evolution ၏ အဓိပ္ပါယ်များမှာမူ ထိုသို့ မဟုတ်ပါချေ။ 

Mainstream Science ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ အောက်ပါအတိုင်းဖြစ်ပေသည်။

Microevolution
အနုစိတ်ဆင့်ကဲဖြစ်စဉ် ပြောင်းလဲခြင်း(တနည်း) တူသောမျိုးစိတ်အတွင်း ဆင့်ကဲပြောင်းလဲခြင်း

Microevolution ဆိုသည်မှာ တိုတောင်းသည့်အချိန်ကာလတစ်ခုကြာကြာ(ရာစုနှစ်အနည်းငယ်ကြာ) အတူစုဖွဲ့နေထိုင်သော မျိုးစိတ်တစ်ခုအတွင်း၌ဖြစ်ပေါ်သော ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်အရ ၎င်းမျိုးစိတ်များအတွင်း၌သာ ဖြစ်‌ပေါ်သော သေးငယ်သည့် ပြောင်းလဲမှုများကို ဆိုလိုပါသည်။ အဆိုပါပြောင်းလဲမှုများသည် သက်ဆိုင်ရာမျိုးစိတ်များကို ၎င်းတို့၏ပတ်၀န်းကျင်နှင့် လျော်ညီစွာပြောင်းလဲစေပြီး၊ ထိုကဲ့သို့ဖြစ်စဉ်များကိုလည်း အများပြားလေ့လာတွေ့ရှိထားပါသည်။

Macroevolution
ကြီးမား
သောဆင့်ကဲဖြစ်စဉ်ပြောင်းလဲခြင်း(တနည်း) မျိုးစိတ်တစ်ခုမှ အခြားမျိုးစိတ်တစ်ခုသို့ ဆင့်ကဲပြောင်းလဲခြင်း

Macroevolution ဆိုသည်မှာ မျိုးစိတ်အဆင့် (သို့) ၎င်းထက်မြင့်သည့် အဆင့်တွင်ဖြစ်ပေါ်သည့် အဓိက ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကြီးဖြစ်ပါသည်။ ထိုပြောင်းလဲမှု၏ ရလဒ်အဖြစ် မျိုးစိတ်အသစ်များ ဖြစ်ပေါ်ခြင်းကို ရရှိပါတယ်။ မျိုးစိတ်သစ် ဖြစ်ပေါ်ခြင်းစွမ်းအင်နဲ့ မျိုးစိတ်အတွင်း ‌သေးငယ်သောပြောင်းလဲခြင်းဖြစ်စဉ် ၂ ခုသည် ခြားနားသော ဖြစ်စဉ်များပဲဖြစ်ကြပါသည်။ မျိုးစိတ်သစ်ဖြစ်ပေါ်ခြင်းမှာမူ မျိုးစိတ်အသစ်ကို မတူကွဲပြားစေဖို့အတွက်သော်လည်းကောင်း၊ ၎င်း၏ မူလ မျိုးစိတ် အုပ်စုနှင့် သီးခြားဖြစ်သည့် ပုံစံရရှိရန် မျိုးစိတ်အသစ်များ လိုအပ်လေ့ရှိပါသည်။ ကျန်သည့်အရာများကတော့ မျိုးစိတ်ဖြစ်ပေါ်ခြင်းအတွက် Microevolution ၌ တွေ့ရသည့် ဖြစ်စဉ်များအတိုင်းပင် ဖြစ်ပါသည်။

ဤသည်မှာ YEC အဖွဲ့အစည်းကြီးများနှင့် YEC တို့၏ ယုံကြည်ချက်များပင် ဖြစ်ပါတော့သည်။ ယခုဆိုလျှင် တဖြည်းဖြည်းဖြင့် ဤ YEC မိတ်ဆက်ဆောင်းပါးတွဲသည် အဆုံးသတ်တော့မည်ဖြစ်သည်။ နောက်ထွက်ရှိလာမည့် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – နောက်ဆုံးပိုင်း တွင်မူ မိမိတို့၏ λόγος (ThyLogos) အဖွဲ့အစည်းသည် ဖန်ဆင်းခြင်းအကြောင်းအရာနှင့် ပတ်သက်၍ မည်သည့် ဝါဒကို ဆွဲကိုင်ပါသနည်း” နှင့် “စာဖတ်သူအနေဖြင့် မည်သည့် ဝါဒကို ဆွဲကိုင်ရမည်နည်း ဆိုသည်ကို ဖော်ပြပေးမည်ဖြစ်သောကြောင့် ဆက်လက်၍ ဖတ်ရှုလေ့လာကြဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။ စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။

ကိုးကားထားသော စာပေအရင်းအမြစ်

https://www.lexico.com/definition/young-earth_creationism (Young Earth Creationism by – LEXICO.COM) 

https://ncse.ngo/young-earth-creationism (Young Earth Creationism by – National Center for Science Education)

https://www.britannica.com/topic/creationism (Creationism – Britannica)

https://www.merriam-webster.com/dictionary/scientific%20creationism (Scientific Creationism – Merriam Webster)

https://answersingenesis.org/why-does-creation-matter/ (Young Earth Creationism by Answers in Genesis)

https://biologos.org/series/science-and-the-bible/articles/young-earth-scientific-creationism-history-and-beliefs (Young-Earth (Scientific) Creationism: History and Beliefs)

https://en.wikipedia.org/wiki/Young_Earth_creationism (Young Earth Creationism by Wikipedia)

https://www.dictionary.com/browse/creation-science (Creation Science – Dictionary)

https://www.britannica.com/event/Scopes-Trial (Scopes Trial – Britannica)

https://www.britannica.com/science/evolution-scientific-theory (Scientific Theory of Evolution – Britannica)

https://www.thykairos.com/2020/05/21/terms-and-definitions-of-evolution/ (ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး မရှုတ်ထွေးသင့်သော ဝေါဟာရများ)

– ထာဝရဘုရား၏ သမ္မာကျမ်းစာ (ဆရာကြီး ယုဒသန်ဘာသာပြန်ကျမ်း)

– Holy Bible (YouVersion)