Skip to content

အပြစ်စွဲစိတ်

ခွင့်လွှတ်ခြင်းသည် ခရစ်ယာန်အသက်တာ၌ အ​ရေးကြီး​သောအရာတစ်ခုဟုဆိုလျှင်လည်း မမှားပါ။ လူတိုင်းလူတိုင်းအတွက် ခွင့်လွှတ်ခြင်းသည် လိုအပ်ပါသည်။ ခွင့်လွှတ်ခြင်းဟုဆိုရာတွင် သမ္မာကျမ်းစာရှု​ထောင့်အရ​ “Vertical Forgiveness နှင့် Horizontal Forgiveness” ဟူ၍ ​တွေ့ရနိုင်သည်။ “Vertical Forgiveness” သည် လူသားများအား ဘုရားသခင်၏ ခွင့်လွှတ်ခြင်းဖြစ်ပြီး “Horizontal Forgiveness” မှာ​တော့ လူသားများအချင်းချင်း ခွင့်လွှတ်ခြင်းဖြစ်​ပေသည်။ (ဧဖက် ၄:၃၂) တွင်လည်း “ဘုရားသခင်သည်ခရစ်​တော်​ကြောင့် သင်တို့၏အပြစ်ကို လွတ်​တော်မူသကဲ့သို့ အချင်းချင်း အပြစ်လွှတ်ခြင်းရှိကြ​လော့။” ဟူ၍​တွေ့ရ​ပေသည်။

တခါတရံတွင် သူတပါးထံမှခွင့်လွှတ်ခြင်းကိုရရှိ​သော်လည်း မိမိကိုယ်တိုင်အပြစ်တင်​နေမိခြင်းသည် ကျွန်​တော်တို့ထံ၌ရှိတတ်ကြသည်။ မိမိကိုယ်တိုင် ထိုအပြစ်၌ ချည်​နှောင်လျက်ရှိ​နေတတ်ကြသကဲ့သို့ အမြဲတမ်းပြန်လည်၍ မိမိကိုယ်ကိုယ် အပြစ်တင်မြည်တမ်း​လေ့ရှိကြဖူး​ပေလိမ့်မည်။ “ငါဒါကို ဘာလို့များလုပ်မိပါလိမ့်၊ ငါ့ကိုယ်ငါ ခွင့်မလွှတ်နိုင်ဘူး၊ ငါဒါကိုမလုပ်သင့်ဘူး” စသဖြင့် ထိုအပြစ်၌သာ ချည်​နှောင်လျှက်ရှိမိတတ်ကြသည်။

ထိုအပြစ်စွဲ​နေသည့်စိတ်ဖြင့် တစ်ရက်တစ်ရက် အသက်ရှင်သွားကာ ထိုအပြစ်၏ချည်​နှောင်ခြင်းသည် အိပ်မက်ဆိုးတစ်ခုအလား ​ခြောက်လှန့်​နေတတ်သည်။ မိမိကိုယ်တိုင် အပြစ်တင်လျက် ​နေ့စဥ်ရှင်သန်​နေခြင်းသည် တကယ်​တော့ ဝိညာဥ်​ရေးရာ ကြီးရင့်ခြင်းနှင့် ငြိမ်သက်ခြင်းအတွက် အ​နှောက်အယှက်တစ်ခုဖြစ်လာနိုင်​ပေသည်။ ခွင့်လွှတ်ခြင်းသည် မလွယ်ကူဘူးဟုဆိုကြ​သော်လည်း မိမိကိုယ်ကိုယ်ပြန်လည်ခွင့်လွှတ်ခြင်းသည် သာ၍ခက်ခဲတတ်​ပေသည်။ ​ဆောင်းပါးတစ်ခုတွင်​တော့ ယခုကဲ့သို့​ဖော်ပြထားသည်ကို ဖတ်ခဲ့မိဖူးပါသည်။ သို့​သော်လည်း မမှတ်မိ​တော့သဖြင့် “Source” ကို​တော့မ​ဖော်ပြ​တော့ပါ။ (​နေရာချင်းလဲကြည့်လိုက်ပြီး​တော့ အဲဒီလူကိုဘယ်လိုအပြစ်​ပေးမလဲ​တွေးကြည့်ပါ၊ အခြားလူဆို​တော့ သနားစိတ်နဲ့ ​လျှော့​ပေါ့တတ်ကြတယ် ခွင့်လွှတ်​ပေးတတ်ကြတယ်​လေ)

မှန်ပါသည်၊ လူတိုင်းလူတိုင်း အပြစ်လုပ်မိဖူးကြသည်။ ကျွန်​တော်တို့ကိုယ်တိုင်ပင်လျှင် သိလျက်နှင့်လုပ်သည်ဖြစ်​စေ မသိ၍လုပ်သည်ဖြစ်​စေ၊ ရည်ရွယ်ချက်ရှိရှိလုပ်သည်ဖြစ်​စေ မရည်ရွယ်ဘဲ လုပ်မိ၍ဖြစ်​စေ အပြစ်လုပ်မိကြသည် မဟုတ်ပါလား။ ဘုရားသခင်၏ ချစ်ခြင်း​မေတ္တာသည် ထိုအရာများအားလုံးကို ဖုံးလွှမ်း​ပေးခဲ့သည် ဖြစ်သကဲ့သို့ “Vertical Forgiveness နှင့် Horizontal Forgiveness” အတိုင်းလည်း ယ​နေ့ကျွန်ုပ်တို့သည် တစ်​ယောက်ကိုတစ်​ယောက်လည်း ခွင့်လွှတ်ကြ​ပေသည်။ ဘုရားသခင်၏​မေတ္တာ​တော်သည် ကျွန်​တော်တို့ကို ဖုံးအုပ်သဖြင့် ကျွန်ုပ်တို့သည် မိမိကိုယ်တိုင် ခွင့်မလွှတ်နိုင်ခြင်းများကို ယ​နေ့ပင်အဆုံးသတ်ရန် အချက်နှစ်ချက်ဖြင့်​ဝေမျှ​ပေးချင်ပါသည်။

(၁) စစ်မှန်​သော​နောင်တဖြင့် ဘုရားသခင်ထံ အပြစ်ဝန်ချပါ။

ဆာလံကျမ်း ၃၂:၅
“တစ်ဖန် အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏။ ပြုမိသော ဒုစရိုက်ကို ဝှက်၍မထားပါ။ ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။”

(၂) ရှေ့သို့ဆက်ပါ။

ဖိလိပ္ပိဩဝါဒစာ ၃:၁၃
“နောက် ကျသောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ ရှိသောအရာတို့ကို လှမ်းကမ်း၍၊”

ရှင်​ပေါလုသည် သူ၏ဘဝမှ အရာရာကို အရှုံးဟုသတ်မှတ်ထားခဲ့သူဖြစ်သည်။ သူ၏အကျိုးစီးပွားများကို ပြုစု​သောအရာတို့ကိုပင်လျှင် “ရှုံး​စေ​သောအရာဟု ခရစ်​တော်​ကြောင့်ငါထင်မှတ်၏” ဟူ၍ ဆိုခဲ့သူဖြစ်သည်။ ထိုသခင်၌တည်​စေမည့်အ​ကြောင်း ခပ်သိမ်း​သောအရာတို့အားလည်း မစင်ကဲ့သို့ သတ်မှတ်သည်။

သူ၏ ​ကောင်းစားခဲ့ခြင်း၊ ဖာရိရှဲဖြစ်ခြင်း၊ ကျမ်းတတ်ကြီးဖြစ်ခြင်း၊ သူ​ဌေးကြီး အာဏာရှိသူဖြစ်ခြင်းများကို ပြန်လည်တမ်းတ မ​နေတတ်သကဲ့သို့ ခရစ်ယာန်များအား နှိပ်စက်ခြင်း၊ ​ထောင်ထဲသွင်း အကျဥ်းချခြင်း၊ လိုက်လံ ဖမ်းဆီးခြင်း၊ နာကျင်​​စေခြင်း စသဖြင့် အပြစ်များကိုလည်း ချည်​နှောင်​မ​နေခဲ့ပါ။ “ငါဘာလို့များ လုပ်ခဲ့မိပါလိမ့်၊ ဒီအပြစ်မဲ့သူ​တွေ နာကျင်​စေမှုအတွက် သူတို့ဘဝ​တွေအတွက် ငါ့ကိုယ်ငါခွင့်မလွှတ်နိုင်ဘူး” စသဖြင့်လည်း မ​တွေ့ရခဲ့ပါ။

ရှင်​ပေါလု၏ ​နောက်ပိုင်းအသက်တာသည် တစ်ခုကိုသာကြည့်ခဲ့သည်။ ထိုအရာသည် ခရစ်​တော်ပင်ဖြစ်သည်။ သခင်​ယေရှုခရစ်အားဖြင့် ခပ်သိမ်း​သောအရာတို့အား အရှုံးကဲ့သို့သတ်မှတ်သည်။ “ငါအသက်ရှင်သည့်အရာသည် ခရစ်​တော်ဖြစ်သည်” ဟုလည်းနားလည်ရ​ပေသည်။ ထို့​ကြောင့် သူအသက်ရှင်​နေသ၍ ထို​နှောင်းခဲ့​သော ​ကောင်းစားခြင်းများနှင့် လုပ်ပြီးခဲ့​သော အပြစ်များကိုလည်း မမှတ်​၊ ချည်​နှောင်မ​နေတော့ဘဲ အ​ရှေ့၌ရှိ​သော အရာများဖြစ်သည့် ​ခေါ်​တော်မူခြင်းနှင့်ဆိုင်​သော အထက်အရာကိုသာ ကမ်းလှမ်း၍ အဆုံးထိတိုင်​အောင် ​လျှောက်လှမ်းခဲ့သည် မဟုတ်ပါလား။

ထို့​ကြောင့် မိတ်​ဆွေနှင့် ကျွန်​တော်တို့သည် စစ်မှန်​သော​နောင်တရပြီးလျှင် ဘုရားသခင်ထံဝန်ချပါ။ “ငါလွန်ကျူးသောအရာကို ထာဝရဘုရားအား ဖော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ၊ ကိုယ်တော်သည် အကျွန်ုပ်ပြစ်မှားခြင်းအပြစ်ကို လွှတ်တော်မူ၏။” ဟုဆိုသည့်အတိုင်း ဘုရားသခင်၏​မေတ္တာ​တော်သည် ကျွန်ုပ်တို့အား ဖုံးလွှမ်းပြီးသကာလ ရှင်​ပေါလုကဲ့သို့ ​“နောက်ကျ​သောအရာတို့ကို မမှတ်ဘဲ၊ ရှေ့၌ရှိ​သော အရာတို့ကို ကမ်းလှမ်း၍” အထက်အရပ်၌ရှိ​သော အရာတို့ကိုသာ ​မျှော်ကြည့်ကာ ပန်းတုံးတိုင်သို့လိုက်​ပြေးကြပါစို့။

ဘုရားရှင်ဆက်လက်စကား​ပြောပါ​စေ။