Skip to content

ချစ်ရပါသောစာဖတ်သူ .. ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) ဆိုသည်မှာ အဘယ်နည်း။ ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒဆိုင်ရာ သိသင့်သိအပ်သော ဝေါဟာရ (၃) ခုနှင့် ၎င်းတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သင် သိပြီးပါပြီလား။ ဤခေါင်းစဉ် (၂) ခုကို စာရေးသူ ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ မသိသေးပါက သင်သည် ဤဆောင်းပါးတွဲ၏ပထမပိုင်းကို မဖတ်ရသေးသောကြောင့်ဖြစ်ပါသည်။ ထို့ကြောင့် ယခုဆောင်းပါးအား မဖတ်ခင် အပိုင်း(၁) ကို ဦးစွာသွားရောက်ဖတ်ရှုပါဟု တိုက်တွန်းပါရစေ။ သို့မဟုတ်လျှင် ဤဆောင်းပါး၌ရေးသားထားသောအကြောင်းအရာများကို စာဖတ်သူ ကောင်းစွာနားလည်နိုင်မည် မဟုတ်ပေ။

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း

 

အစောပိုင်းကာလများ

သက္ကရာဇ် ၁၆၀၀ ပြည့်နှစ်ကာလအထိ ခရစ်ယာန်အများစုမှာ ကမ္ဘာသက်တမ်းသည် နှစ်ထောင်ဂဏန်းမျှသာ ရှိဦးမည်ဟု ယုံကြည်ခဲ့ကြသည်။ ထိုစဉ်က ဘိုးဘေးခရစ်ယာန်တို့၌ ကမ္ဘာသက်တမ်းနှင့်ပတ်သက်၍ လက်ဆုပ်လက်ကိုင်ပြစရာ သိပ္ပံဆိုင်ရာသက်သေအထောက်အထား တစုံတရာမရှိခဲ့ပေ။ ခေတ်ပေါ်သိပ္ပံပညာသည် စတင်ပေါ်ပေါက်ခါစအချိန်သာ ရှိသေးပြီး ယနေ့ကဲ့သို့ များစွာတိုးတက်ထွန်းကားခြင်း မရှိသေးပေ။ ထို့ကြောင့် ခရစ်ယာန်တို့အတွက် ကမ္ဘာဦးကျမ်းကို ကျမ်းစာသားအတိုင်း ဖတ်ရှုနားလည်ရုံမှ တပါး အခြားသော အနက်ပြန်စရာ၊ နားလည်သဘောပေါက်စရာ အချက်အလက် များများစားစား မရှိခဲ့ပေ (မှတ်ချက်။ သို့သော်လည်း သိပ္ပံပညာများ မထွန်းကားသေးသည့်ရှေးကာလ၌ပင် ကမ္ဘာဦးကျမ်းအား စာသားအတိုင်း အနက် မပြန်ဆိုသော ကနဦးအသင်းတော်ဖခင်ကြီးများ ရှေးယခင်ကပင် ရှိနှင့်ပြီးဖြစ်ကြသည်ကို သိစေချင်ပါသည်) ထို့ပြင် ထိုကာလများ၌ ခရစ်ယာန်တို့သည် သမ္မာကျမ်းစာကို စာသားအတိုင်းသာ ဖတ်ရှုနားလည်သောကြောင့် ကမ္ဘာကြီးသည်လည်း အာကာသထဲ၌ ရွေ့လျားသွားလာနေသည်ကို မယုံကြည်ကြပေ။ ကမ္ဘာကြီးသည် လှုပ်ရှားမှု မရှိ၊ တည်ငြိမ်နေပြီး နေ၊ လ နှင့် အခြားကြယ်များအားလုံးဟာ ကမ္ဘာကြီးကို လှည့်ပတ်နေခြင်းသာ ဖြစ်သည်ဟု ယုံကြည်ခဲ့ကြသည် (ယနေ့တွင် ကျွန်ုပ်တို့ ခရစ်ယာန်များ ထိုကဲ့သို့ မယုံကြည်ကြတော့သည် မဟုတ်ပါလား။)  “မြေကြီးအမြစ်ကို ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ၊ တည်တော်မူသော ဘုရားပေတည်း။” (ဆာလံကျမ်း ၁၀၄ : ၅)

၁၇ ရာစုတွင် အိုင်ယာလန်နိုင်ငံမှ ဘုန်းတော်ကြီး ဂျိမ်းစ်အာရှာ (James Ussher) သည် ထူးခြားသော ကြွေးကြော်ချက်တခုကို ထုတ်ပြန်ခဲ့ပြီး ခရစ်ယာန်တို့အကြား ရေးပန်းစားခဲ့သည်။ ဘုန်းတော်ကြီး အာရှာသည် ထူးချွန်သော ဘုန်းကြီးတပါးဖြစ်လေသည်။ သူ၏ ပြောင်မြောက်သော စီမံကိန်းများစွာထဲမှ တခုသည် စတင်ဖန်ဆင်းခြင်း ကာလမှသည် အေဒီ ၇၀ ကာလအကြား ဖြစ်ပျက်ခဲ့သော ထင်ရှားသည့် သမိုင်းဖြစ်ရပ်များပါဝင်မည့် ကမ္ဘာကြီး၏ ပြီးပြည့်စုံသော အတ္ထုပတ္တိအကြောင်းကို လက်တင်ဘာသာဖြင့် စာတမ်းပြုစုရေးသားရန်ဖြစ်လေသည်။ ခရစ်နှစ် ၁၆၅၀ ခုနှစ်တွင် စာမျက်နှာ ၁၆၀၀ ပါဝင်သော စာအုပ်ကို ထုတ်ဝေခဲ့ပြီး ၁၆၅၈ ခုနှစ်တွင် “The Annals of the World” ခေါင်းစဉ်ဖြင့် အင်္ဂလိပ်လို ထပ်မံထုတ်ဝေနိုင်ခဲ့သည်။ သူသည် သမ္မာကျမ်းစာထဲမှ ဖော်ပြထားသော ဣသရေလ(အစ္စရေး) နိုင်ငံသမိုင်းနှင့် ၎င်းတို့၏ ဆွေစဉ်မျိုးဆက်ပြ ဇယားများပေါ် အခြေခံ၍ ဂရုတစိုက်တွက်ချက်ခဲ့ရာ ကမ္ဘာဦးကျမ်းပါ ပထမဦးဆုံး ဖန်ဆင်းခြင်းရက်သည် အောက်တိုဘာ ၂၃ ရက်​(တနင်္ဂနွေနေ့)၊ ၄၀၀၄ BC ဖြစ်သည်ဟု ကြွေးကြော်ခဲ့လေသည်။ ထိုခေတ်အခါက ရှေးခရစ်ယာန်များအကြား ရေပန်းစားခဲ့သည်မှာလည်း မထူးဆန်းတော့ပါ။ လေးစားဖွယ်ရာ တွက်ချက်မှုကြီး မဟုတ်ပါတကား။ ဤဖန်ဆင်းခြင်းနေ့အား တွက်ထုတ်မှုသည် မျက်မှောက်ခေတ် သိပ္ပံနည်းကျရှာဖွေတွေ့ရှိမှုများနှင့် လုံးဝကိုက်ညီမှု မရှိသော်လည်း သူ့ခေတ်သူ့အခါက ၎င်း၏ကြိုးစားအားထုတ်မှုကတော့ အံ့ဩချီးကျူးစရာပင်။ ဤသည်မှာ ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ အစောပိုင်း အစပျိုးကာလဖြစ်သည်။

ဘုန်းတော်ကြီး ဂျိမ်းစ်အာရှာ ပထမဦးဆုံး ဖန်ဆင်းခြင်းနေ့ရက်အား တွက်ထုတ်ပုံတွက်ထုတ်နည်းအား နားလည်လွယ်အောင် AiG မှ ဖော်ပြထားသော ဇယား (Photo: Answers In Genesis — The World: Born in 4004 BC?)

မျက်မှောက်ခေတ် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ

ပုံ — ချားစ်ဒါဝင်

သက်ရှိတို့၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ (Theory of Evolution) ဖြင့် လူသိများသည့် ချားစ် ရောဘတ် ဒါဝင် (Charles Robert Darwin) သည် ထင်ရှားသော သဘာဝလောကပညာရှင်(Naturalist)နှင့် ဇီဝဗေဒပညာရှင်(Biologist) ဖြစ်သည်။ ချားစ် ဒါဝင်သည် ၁၈၅၉ ခုနှစ်၊ နိုဝင်ဘာလ ၂၄ရက်နေ့တွင် ‘သဘာဝ၏ ရွေးချယ်မှုအရ မျိုးစိတ်တို့၏ မူလအစ’ (On the Origin of Species by means of Natural Selection) သို့မဟုတ်၊ ဘဝအတွက်ရုန်းကန်မှု၌ အသာပေးသည့်မျိုးနွယ်များ၏ ရှင်ကျန်မှု (Preservation of Favoured Races in the Struggle for Life)  ဟု နာမည်ဖြင့် ၎င်းနှင့် အကြိမ်ကြိမ် အလုပ်လုပ်ဖူးသော စာအုပ်ထုတ်ဝေသူ ဂျွန်မူရေး (John Murray) ဖြင့် ထုတ်ဝေခဲ့သည်။ ထိုစဉ်က ဒါဝင်၏ စာအုပ်သည် ပညာရှင်အသိုင်းအဝန်းကြားတွင်သာမက အရပ်သားများကြားတွင်ပါ အကြီးအကျယ် ပွက်လောညံသွားခဲ့သည်။ ထို့ပြင် ၁၈၇၁ တွင် လူဆင်းသက်လာပုံနှင့် လိင်အလိုက် ရွေးချယ်ပုံ”‘ (The Descent of Men and Selection to Sex) ကို ထပ်မံထုတ်ဝေသောအခါတွင်လည်း အကြီးအကျယ် အငြင်းပွားကြပြန်သည်။ ထို့နောက် လူသည် လူဝံ (Ape) ကဲ့သို့သောသတ္တဝါမျိုးမှ ဆင်းသက်လာသည် ဟူသော အဆိုပြုချက်ကို ဖတ်ရသောအခါ လောင်နေသည့် မီးတောက်ထဲသို့ ဆီလောင်းထည့်လိုက်သကဲ့သို့ပင် ဖြစ်တော့သည်။ ဒါဝင်၏ ဤထုတ်ဝေမှုကို တုံ့ပြန်သောအားဖြင့် “Creationism” ဟူသည့် “ဖန်ဆင်းခြင်းဝါဒ” လှုပ်ရှားမှုသည် ရှေးရိုးစွဲ ပရိုတက်စတင့် ခရစ်ယာန်အသင်းတော် (Conservative Protestant Christians) များကြားတွင် တစတစကြီးထွားလာရာမှ မျက်မှောက်ခေတ် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒသည် ခရစ်ယာန်လူမှုအသိုင်းအဝိုင်းကြားတွင် ပိုမိုနေရာယူကာ အားကောင်းလာခဲ့လေသည်။ ၂၀ ရာစုအစောပိုင်းကာလ အမေရိကန်ပြည်ထောင်စု၏ အချို့သောပြည်နယ်များ၌ဆိုလျှင် ဒါဝင်၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သိပ္ပံသီအိုရီအား သမ္မာကျမ်းစာသွန်သင်ချက်နှင့် သွေဖီဆန့်ကျင်သည်ဟု ဆိုကာ ကျောင်းသင်ခန်းစာများ၌ ကလေးများအား သင်ကြားပေးခြင်းကို ပိတ်ပင်တားမြစ်ခဲ့သည်အထိ ပြင်းထန်ခဲ့ဖူးသည်။ ဤအရာနှင့် ဆက်စပ်၍ သမိုင်းတွင် ထင်ရှားခဲ့သော ခုံရုံးတင်အမှုစစ်ဆေးခြင်းဖြစ်ရပ်မှာ ၁၉၂၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော Scopes Trial (Monkey Trial ဟုလည်း အမည်တွင်) ဖြစ်လေသည်။

ဤအမှု၏ မူလအစမှာ အထက်တန်းပြကျောင်းဆရာ John T. Scopes သည် ပြည်နယ်၏ တရားဥပဒေကို ချိုးဖောက်ကာ ဒါဝင်၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကို ကလေးငယ်များအား ကျောင်းသင်ခန်းစာ၌သင်ပေးသည်ဟုဆိုကာ အမှုကြားနာစစ်ဆေးခံခဲ့ရခြင်းဖြစ်သည်။ ထိုစဉ်က ကျောင်းဆရာ Scopes စာသင်ကြားပေးနေသော ပြည်နယ်၌ Theory of Evolution အား ကျောင်းသင်ခန်းစာ၌ သင်ကြားခြင်းသည် တရားမဝင်သေးပေ။ YEC အယူဝါဒသည် ထိုစဉ်က အမေရိကန်ပြည်ထောင်စု၏ ပြည်နယ်အချို့၌ ထိုကဲ့သို့ ပြင်းထန်ခဲ့ဖူးပြီး ခရစ်ယာန်ဘာသာဝင်တို့အကြား ရေးပန်းစားလာခဲ့သည်။ သို့သော် နောက်ပိုင်းတွင် ကျောင်းဆရာ Scopes အား အပြစ်မရှိကြောင်း စီရင်ချက်ဖြင့် ပြည်နယ်အစိုးရမှ တရားသေလွှတ်ပေးခဲ့ပါသည်။ ချားစ်ဒါဝင်သည် သူ၏ နှစ်ပေါင်းများစွာ သဘာဝတရားကြီးနှင့် သက်ရှိမျိုးစိတ်များအား လေ့လာစူးစမ်းမှုများ၊ သိပ္ပံဆိုင်ရာအထောက်အထားများဖြင့် ထာဝရဘုရားသခင်၏ အခန်းကဏ္ဍကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ သက်ရှိများဆင့်ကဲပြောင်းလဲခြင်းကို သဘာဝနိယာမအတိုင်း ချက်ကျလက်ကျ တင်ပြနိုင်ခဲ့လေသည်။ သူ၏ တင်ပြချက်၌ ဘုရားသခင်သည် သက်ရှိတို့အား တန်ခိုးတော်ဖြင့် ဖန်ဆင်းတော်မူသည်ဟူသော သမ္မာကျမ်းစာလာ သွန်သင်မှုနှင့် သွေဖီသည်ဟု ထိုစဉ်က ထင်မှတ်ကြခြင်းဖြစ်သည်။ ဇီဝဗေဒ ပညာတွင် ဆင့်ကဲပြောင်းလဲမှုဖြစ်စဉ် သို့မဟုတ် အီဗော်လူးရှင်း ဆိုသည်မှာ သက်ရှိအစုအဝေးများတွင် တွေ့ရသော မျိုးရိုးလိုက်သည့် လက္ခဏာရပ်များ အချိန်နှင့် အမျှ ပြောင်းလဲသွားခြင်းကို ခေါ်ဆိုခြင်း ဖြစ်သည်။ မျိုးရိုးလိုက်သည့် လက္ခဏာများတွင် ခန္ဓာဗေဒ ဆိုင်ရာ၊ ဇီဝဓာတုဗေဒဆိုင်ရာ နှင့် အပြုအမူဆိုင်ရာ ဂုဏ်သတ္တိများ ပါဝင်ပြီး ထို လက္ခဏာများသည် မျိုးရိုး တစ်ခုမှ အခြားမျိုးရိုးတစ်ခုသို့ ပြောင်းလဲချိန်တွင် လက်ဆင့်ကမ်း သယ်ဆောင်လေ့ရှိသည်။ ဆင့်ကဲပြောင်းလဲမှုသည် အစုအဖွဲ့အတွင်းတွင် မျိုးရိုးလိုက်သည့် လက္ခဏာများ ပြောင်းလဲမှု ဖြစ်ပေါ်လာသည့် အချိန်တွင် ဖြစ်ပေါ်နိုင်သည်။ ထိုသို့ အပြောင်းအလဲများ ဖြစ်ရသည့် အကြောင်းမှာ မျူတေးရှင်း (mutation) ခေါ် ဂျီနုမ်း အစီအစဉ်များ ပြောင်းလဲခြင်း၊ မျိုးဗီဇဆိုင်ရာ ပြန်လည် ပေါင်းစပ်ခြင်း နှင့် ဇီဝမျိုးစေ့ စီးဆင်းခြင်း တို့ကြောင့် ဖြစ်နိုင်သည်။ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ကြောင့် ဘိုးဘွားမိဘတူသော သက်ရှိများမှ တစုနှင့် တစု မတူညီဘဲ ကွဲပြားခြားနားသော သက်ရှိမျိုးကွဲများ ဖြစ်ပေါ်ပြီး ချားလ်စ်ဒါဝင် က ထိုအဖြစ်အပျက်ကို “အဆုံးမရှိအောင် လှပသော ပုံစံများ နှင့် အံဩဘနန်း ထူးဆန်းသော ပုံစံများ” ဟု ဆိုခဲ့သည်။ ထိုသို့ အမျိုးအနွယ်တစ်ခုမှ တစ်ခုသို့ အဆက်မပြတ် ပြောင်းလဲခြင်းကြောင့် ရှေးကရှိခဲ့ဖူး သော တိရစ္ဆာန်၊ သို့မဟုတ် အပင်နှင့် ယခုအခါ ရှိနေသော တိရစ္ဆာန်၊ သို့မဟုတ် အပင်သည် မတူနိုင်တော့ချေ။  (မှတ်ချက်။ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်ဆိုသည်မှာ လူသည် မျောက်မှ ဆင်းသက်လာသည်ဟူသော သီအိုရီ မဟုတ်ပေ။ မည်သည့်သိပ္ပံပညာရှင်မျှ ထိုကဲ့သို့ မပြောခဲ့ချေ။ စင်စစ် ဘာသာရေးသမားတို့ ဖန်တီးလိုက်ခြင်းသာဖြစ်ပြီး ခရစ်ယာန်တို့ နှစ်ပေါင်းများစွာ ထင်မှတ်မှားနေသည့် ဒဏ္ဍာရီတပုဒ်သာ ဖြစ်လေသည်) 

ဥပမာ ရှေးလူကြီးများသည် မိုးရွာသွန်းခြင်း၊ မိုးကြိုးပစ်ခြင်းသည် ဘုရားသခင်က ကိုယ်တော်၏ တန်ခိုးတော်ဖြင့် တိုက်ရိုက်ဖန်ဆင်းထိန်းချုပ်ထားခြင်းကြောင့်ဖြစ်သည်ဟု ထင်မှတ်ခဲ့ကြသည်။ သို့ရာတွင် မိုးရွာသွန်းခြင်းသည် ပင်လယ်သမုဒ္ဒရာများမှ ရေများသည် နေအပူရှိန်ကြောင့် အခိုးအငွေ့ပြန်ကာ မိုးတိမ်များဖြစ်ပေါ်ပြီး အောက်သို့ ပြန်ကျလာခြင်းကြောင့် ဖြစ်သည်ကို မျက်မှောက်ခေတ် ကျွန်တော်တို့ ခရစ်ယာန်များပင်လျှင် သဘောတူလက်ခံထားကြသည်။ ရှေးယခင်က ခရစ်ယာန်များသည် ဂြိုလ်ပတ်လမ်းများ၏ သဘောသဘာဝကို မသိနားမလည်သေးသည့်အခါ လသည် ကမ္ဘာအား လှည့်ပတ်နေခြင်း၊ ဂြိုလ်များသည် နေ (Sun) အား စည်းချက်ညီညီ စနစ်တကျ လှည့်ပတ်နေခြင်း (Solar System) သည် ထာဝရဘုရားသခင်၏ တန်ခိုးတော်၊ လက်တော်အားဖြင့် တိုက်ရိုက်ထိန်းချုပ်လည်ပတ်စေခြင်းကြောင့်ဖြစ်သည်ဟု ယုံကြည်ခဲ့ကြပြီး ဘုရားသခင်သည် သဘာဝနိယာမများကိုလည်း အသုံးပြု၍ သွယ်ဝိုက်ထိန်းချုပ်တော်မူသည်ကို ထိုခေတ်က ယုံကြည်သူများ နားမလည်ခဲ့ကြသေးပေ။ မျက်မှောက်ခေတ်တွင်မူ လသည် ကမ္ဘာပေါ်သို့ ကျမလာခြင်း၊ ဂြိုလ်များသည်လည်း နေထဲသို့ ဝင်မသွားဘဲ နေမင်းအား ဟန်ချက်ညီညီ လှည့်ပတ်နေခြင်း၏ အကြောင်းရင်းမှန်မှာလည်း ဒြပ်ဆွဲအား (The Force of Gravity) ကြောင့်ဖြစ်သည်ကို ခရစ်ယာန်တို့ သဘောတူလက်ခံထားကြပြီဖြစ်သည်။ ချားစ် ဒါဝင်၏ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီ (Theory of Evolution) မှာလည်း ထိုနင်း၎င်းပင်။ သို့ရာတွင် မျက်မှောက်ခေတ်ခရစ်ယာန်များက အထက်ပါ ရာသီစက်ဝန်းနှင့် ဂြိုဟ်များ၊ ကြယ်များ လှည့်ပတ်သွားလာနေခြင်းတို့သည်  သဘာဝနိယာမအတိုင်း လည်ပတ်နေသည်ကိုတော့ သဘောတူလက်ခံထားကြသော်လည်း တဖက်တွင်မူ ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ် သီအိုရီကိုတော့ ယနေ့ထက်တိုင် အပြည့်အဝလက်မခံနိုင်ကြသေးသော ခရစ်ယာန်အုပ်စုများရှိကြလေသည်။ ထိုကဲ့သို့ လက်မခံနိုင်ကြသေးသောသူများထဲတွင် YEC ဝါဒကို ခံယူကျင့်သုံးသောသူများလည်း ပါဝင်ကြပါသည်။ ဤသည်မှာ YEC အယူဝါဒ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်းဖြစ်လေသည်။ နောက်ထွက်ရှိလာမည့် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – အပိုင်း (၃) တွင်မူ “ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ” နှင့် “၎င်းတို့၏ ယုံကြည်ချက်များ” အကြောင်းကို ဖော်ပြပေးမည်ဖြစ်သောကြောင့် ဆက်လက်၍ ဖတ်ရှုလေ့လာကြဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။ စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။

ကိုးကားထားသော စာပေအရင်းအမြစ်

https://www.lexico.com/definition/young-earth_creationism (Young Earth Creationism by – LEXICO.COM) 

https://ncse.ngo/young-earth-creationism (Young Earth Creationism by – National Center for Science Education)

https://www.britannica.com/topic/creationism (Creationism – Britannica)

https://www.merriam-webster.com/dictionary/scientific%20creationism (Scientific Creationism – Merriam Webster)

https://answersingenesis.org/why-does-creation-matter/ (Young Earth Creationism by Answers in Genesis)

https://biologos.org/series/science-and-the-bible/articles/young-earth-scientific-creationism-history-and-beliefs (Young-Earth (Scientific) Creationism: History and Beliefs)

https://en.wikipedia.org/wiki/Young_Earth_creationism (Young Earth Creationism by Wikipedia)

https://www.dictionary.com/browse/creation-science (Creation Science – Dictionary)

https://www.britannica.com/event/Scopes-Trial (Scopes Trial – Britannica)

https://www.britannica.com/science/evolution-scientific-theory (Scientific Theory of Evolution – Britannica)

https://www.thykairos.com/2020/05/21/terms-and-definitions-of-evolution/ (ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး မရှုတ်ထွေးသင့်သော ဝေါဟာရများ)

– ထာဝရဘုရား၏ သမ္မာကျမ်းစာ (ဆရာကြီး ယုဒသန်ဘာသာပြန်ကျမ်း)

– Holy Bible (YouVersion)