Skip to content

ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) ဆိုသည်မှာ ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းအဖြစ်အပျက်များကို ကျမ်း စာသားအတိုင်း တိုက်ရိုက်အနက်ပြန်ဆိုခြင်း(literal Interpretation)မှ ထွက်ပေါ်လာသော ကမ္ဘာဦးကျမ်းဆိုင်ရာ ခရစ်ယာန်အယူဝါဒတခုဖြစ်သည်။ ၎င်းကို Oxford ၏ Lexico dictionary ၌လည်း ဤသို့ဖွင့်ဆိုထားပါသည်။ 

“The belief, arising from a literal interpretation of the biblical account of creation, that the universe and living organisms were divinely created relatively recently and within a comparatively short period of time.”

ယင်းယုံကြည်မှုအရ “ထာဝရဘုရားသခင်သည် စကြဝဠာကြီးနှင့် ကမ္ဘာမြေကြီးအပါအဝင် သက်ရှိသက်မဲ့၊ စွမ်းအင်၊ အချိန် စသည့်အရာခပ်သိမ်းအား ဗလာနတ္တိအခြေအနေမှ မည်သည့်သဘာဝနိယာမတရား(the laws of nature) များမပါဘဲ  ဘုရားတန်ခိုးတော်အားဖြင့် နှစ် ၁၀၀၀၀ ထက် မပိုသော (တနည်းအားဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၆၀၀၀ မှ နှစ် ၁၀၀၀၀ အတွင်း) ၆ ရက်ဖြင့် အပြီးဖန်ဆင်းခဲ့သည်၊ ထို ၆ ရက်မှာလည်း တရက်လျှင် ၂၄ နာရီတိတိသာ ကြာမြင့်ခဲ့သည်၊ ထို့ပြင် ကမ္ဘာဦးကျမ်းအား စာသားအတိုင်း(Literal Interpretation) တိုက်ရိုက်အနက်ပြန်ဆိုခြင်းသည်သာလျှင် စစ်မှန်ပြီးသမ္မာနည်းကျသည့် (Biblical) တခုတည်းသော အနက်ပြန်ဆိုခြင်းဖြစ်သည်” ဟု ခံယူကြသည်။ ထိုကဲ့သို့ အယူရှိသူကို  ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒီ (Young-Earth Creationist) ဟုခေါ်တွင်ကြသည်။ ကမ္ဘာပြားယုံကြည်သူများကို Flat Earther ဟု ခေါ်ဝေါ်သမုတ်ကြသကဲ့သို့ Young-Earth Creationist များကို Young Earther ဟုလည်း ခေါ်တွင်ကြပါသည်။ ၎င်းတို့၏ အယူဝါဒအရ ကမ္ဘာသက်တမ်းသည် နှစ် ၁၀၀၀၀ အောက်သာရှိသေးသည့်အတွက် ကမ္ဘာကြီးသည် ငယ်ရွယ်နုပျိုသေးသော ကမ္ဘာမြေကြီး (Young Earth) မို့ “ကမ္ဘာပျို” ဟူ၍ ခေါ်တွင်ကြသည်။ တဖက်တွင်မူ သိပ္ပံပညာရှင်များနှင့် ဘူမိဗေဒပညာရှင်များသည် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာဂြိုလ်(Planet Earth)၏ သက်တမ်းကို နှစ်ပေါင်း ၄.၅ ဘီလီယံ (4.5 Billion Years Old) ခန့်ရှိမည်ဟုလည်းကောင်း၊ စကြဝဠာဗေဒပညာရှင်များနှင့် နက္ခတ္တဗေဒပညာရှင်များတို့သည်  စကြဝဠာသက်တမ်းကို နှစ်ပေါင်း ၁၃.၈ ဘီလီယံ (13.8 Billion Years Old) ခန့်ရှိမည်ဟူ၍လည်းကောင်း အသီးသီး ခန့်မှန်းတွက်ချက်ထားကြပြီးဖြစ်ပါသည် (တစ် ဘီလီယံ သည် နှစ်သန်းပေါင်းတစ်ထောင်နှင့် ညီမျှသည်)။ ထို့ကြောင့် ဤအယူဝါဒသည် မျက်မှောက်ခေတ် သိပ္ပံပညာနည်းကျရှာဖွေတွေ့ရှိမှုများ၊ သိပ္ပံနည်းကျ သီအိုရီများ၊ သက်သေအထောက်အထားများနှင့် များစွာကွဲလွဲဆန့်ကျင်နေသည်ဟု ဆိုနိုင်ပါသည်။ သို့သော် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) အဖွဲ့အစည်းများကမူ ၎င်းတို့၏ ယုံကြည်မှုများကို သိပ္ပံပညာအားဖြင့် သက်သေပြနိုင်သည်ဟု ကြွေးကြော်ကြသည်။

စာမူအလျား မလိုအပ်ဘဲ ရှည်လျားမှုမရှိစေရန် Young-Earth Creationism/Creationist ကို အတိုအကောက်အနေဖြင့် YEC ဟုသာ ဆောင်းပါးတွင် တောက်လျှောက်သုံးနှုန်းရေးသားသွားပါတော့မည်။ ကမ္ဘာပေါ်တွင် ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ယုဒဘာသာ ဟူသည့် ဖန်ဆင်းရှင်ထာဝရဘုရားသခင်အား ယုံကြည်ကိုးကွယ်သည့် ဘာသာတရားကြီး (၃) ခုရှိလေရာ YEC ဟူသောအသုံးအနှုန်းသည် အများအားဖြင့် (အမြဲလိုလိုနီးပါး) ခရစ်ယာန်ဘာသာဝင်အုပ်စုအချို့ကိုသာ ရည်ညွှန်းသုံးစွဲကြပါသည်။ ခရစ်ယာန်ဘာသာဝင်အုပ်စုအချို့ဟု ဖော်ပြရသည့်အကြောင်းမှာ ခရစ်ယာန်ဘာသာဝင်တိုင်း YEC အယူဝါဒကို တရားသေယုံကြည်လက်ခံကြသည်မဟုတ်ဘဲ ကမ္ဘာဦးကျမ်းအား ထိုအယူနှင့် မတူညီသော အနက်အဓိပ္ပါယ်ပြန်ဆိုကာ ကွဲပြားသောယုံကြည်မှုကို ကျင့်သုံးသော အခြားသောခရစ်ယာန်ဘာသာဝင်အုပ်စုများလည်း ရှိသောကြောင့်ဖြစ်ပါသည်။ ဖန်ဆင်းခြင်းအကြောင်းအရာနှင့် ပတ်သက်၍ YEC နှင့်ဆန့်ကျင်ဘက်အယူဝါဒရှိသော အခြားသော ခရစ်ယာန်အုပ်စုမှာ ကမ္ဘာအို ဖန်ဆင်းခြင်းဝါဒီများ (Old-Earth Creationists / OEC) ဖြစ်ပါသည်။ ဤဆောင်းပါးတွင် OEC အကြောင်းဖော်ပြဦးမည်မဟုတ်ဘဲ YEC ဆောင်းပါးတွဲ အပိုင်းအားလုံး ထွက်ရှိပြီးသည့်နောက် ဆက်လက်ထွက်ရှိလာမည့် OEC ဆောင်းပါးတွဲများ၌သာ  အကျယ်တဝင့်ဖော်ပြပေးပါမည်။ ယခု YEC ဆောင်းပါးတွဲတွင် အပိုင်း (၄) ပိုင်း ပါဝင်မည်ဖြစ်ပါသည်။ ပထမပိုင်းတွင် “YEC အယူဝါဒ မိတ်ဆက်” နှင့်  “YEC နှင့် စပ်ဆိုင်သော ဝေါဟာရများ” ကို ရေးသားဖော်ပြမည်ဖြစ်ပါသည်။ အပိုင်း(၂) သို့ရောက်သောအခါ “YEC အယူဝါဒ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်း” ကို လေ့လာကြပါမည်။ အပိုင်း(၃) ၌ “ကမ္ဘာပျိုဖန်ဆင်းခြင်းဝါဒကို ဖြန့်ဝေနေသော အဖွဲ့အစည်းကြီးများ” နှင့် “၎င်းတို့၏ ယုံကြည်ချက်များ”ကို မိတ်ဆက်ပေးမည်ဖြစ်ပါသည်။ နောက်ဆုံးပိုင်းတွင်မူ မိမိတို့၏ “λόγος (ThyLogos) အဖွဲ့အစည်းသည် ဖန်ဆင်းခြင်းအကြောင်းအရာနှင့် ပတ်သက်၍ မည်သည့် ဝါဒကို ဆွဲကိုင်ပါသနည်း” နှင့် “စာဖတ်သူအနေဖြင့် မည်သည့် ဝါဒကို ဆွဲကိုင်ရမည်နည်း” ဆိုသည်ကို ဖော်ပြပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် စာရေးသူအကြံပြုလိုသည်မှာ ဆောင်းပါးများကို အပိုင်းနံပါတ် အစဉ်လိုက် ဖတ်ရှုလေ့လာပါ၊ စာများကို ဆုံးအောင်ဖတ်ရှုပါ၊ ထို့နောက် မိမိတို့ ဖတ်ရှုပြီးသည့်အရာများကို အချက်အလက်ပိုင်းဆိုင်ရာများ တိုက်ဆိုင်စစ်ဆေး၍ ဆင်ခြင်သုံးသပ်ပြီးမှသာ မည်သည့်အယူဝါဒကို ဆွဲကိုင်သင့်သည်ကို မိမိဘာသာ စဉ်းစားဆုံးဖြတ်ကြရန် ဖြစ်ပါသည်။ အသိပေးလိုသည်မှာ ဤဆောင်းပါးတွဲသည် မိတ်ဆက်ဆောင်းပါးသာဖြစ်ပြီး အသေးစိတ်ပိုမိုသိလိုပါက စာရေးသူဖော်ပြပေးထားသည့် စာပေအရင်းအမြစ်များသို့သွား၍ ကိုယ်တိုင် စနစ်တကျ အချိန်ပေးဖတ်ရှုလေ့လာကြပါဟု ဦးစွာ တိုက်တွန်းလိုပါသည်။ 

မြန်မာနိုင်ငံတွင် ခရစ်ယာန်အများစုမှာ YEC များဖြစ်ကြပြီး ၎င်းတို့သည် Sunday School အရွယ်မှ စ၍ အသင်းတော်များ၌ YEC အယူဝါဒများဖြင့် ပိုမို အထိအတွေ့များခဲ့ကြသည်။ ထို့ကြောင့် OEC အယူဝါဒများ၊ ခေတ်ပေါ်သိပ္ပံသတင်းများနှင့် အလှမ်းဝေးကြပြီး Young-Earth Creationism (YEC) ဟူသည့် အခေါ်အဝေါ်ကို သိပ်မကြားဖူးကြားသည့်တိုင် မြန်မာခရစ်ယာန်အများစုမှာ YEC အယူရှိပြီးကြသူများဖြစ်သည်။ စာဖတ်သူများအနေဖြင့် YEC အယူဝါဒနှင့် ပတ်သက်၍ သိထားသင့်သည့် နောက်ထပ် ဝေါဟာရ သုံးခုမှာ “Creationism” ဟူသည့် “ဖန်ဆင်းခြင်းဝါဒ” ၊ “Scientific Creationism” ဟူသည့် “သိပ္ပံနည်းကျ ဖန်ဆင်းခြင်းဝါဒ”  နှင့် “Creation Science” ဟူသည့် “ဖန်ဆင်းခြင်း သိပ္ပံ”  တို့ဖြစ်ကြပါသည်။ ထိုဝေါဟာရ သုံးခုသည် YEC အဖွဲ့အစည်းကြီးများက ၎င်းတို့၏ ယုံကြည်ချက်များကို သိပ္ပံပညာအားဖြင့် သက်သေပြနိုင်သည်ဟု ကြွေးကြော်ကြရာတွင် အသုံးများသော ဝေါဟာရများလည်း ဖြစ်ကြလေသည်။

ဝေါဟာရများနှင့် ၎င်းတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ


Creationism” ဟူသည့် ဖန်ဆင်းခြင်းဝါဒ”

Oxford အဘိဓာန်တွင် “Creationism” ကို ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ 

“the belief that the universe was made by God exactly as described in the Bible.”

မြန်မာဘာသာဖြင့် ရိုးရိုးရှင်းရှင်း “ဖန်ဆင်းခြင်းဝါဒ” ဟုပြန်ဆို၍ရမည်ဖြစ်ပြီး “ကမ္ဘာဦးကျမ်း၌ ပါရှိသော ဖန်ဆင်းခြင်းအကြောင်းအရာအား ကျမ်းစာသားအတိုင်း ယုံကြည်ခြင်း” ဟူ၍ အနက်အဓိပ္ပါယ်ရှိပါမည်။ ထို့ကြောင့် “ဖန်ဆင်းခြင်းဝါဒ” ဟူသည့် စကားလုံးဖြစ်လင့်ကစား Creationism ကို YEC အယူဝါဒကို ရည်ညွှန်းပြောဆိုသည့်အခါတွင်သာ အနောက်တိုင်းနိုင်ငံများ၌ တွင်တွင်ကျယ်ကျယ် သုံးစွဲကြပါသည်။ YEC အယူဝါဒနှင့် သဘောမတူသော အခြားသော ခရစ်ယာန်အုပ်စုများဖြစ်သည့် OEC များ၊ အခြားသောဘာသာဝင်များဖြစ်သည့် မွတ်စလင်များနှင့် ဂျုးဘာသာဝင်များကို ပြောဆိုသုံးနှုန်းလေ့ သိပ်မရှိပေ။ 

Scientific Creationism” ဟူသည့် သိပ္ပံနည်းကျ ဖန်ဆင်းခြင်းဝါဒ”

Merriam Webster အဘိဓာန်တွင် “Scientific Creationism” ကို ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ 

a doctrine holding that the biblical account of creation is supported by scientific evidence.”

မြန်မာဘာသာဖြင့် ရိုးရိုးရှင်းရှင်း “သိပ္ပံနည်းကျ ဖန်ဆင်းခြင်းဝါဒ” ဟုပြန်ဆို၍ရမည်ဖြစ်ပြီး     “ကမ္ဘာဦးကျမ်းပါ ဖန်ဆင်းခြင်းအကြောင်းအရာအား ကျမ်းစာသားအတိုင်း ယုံကြည်ခြင်းအတွက် သိပ္ပံပညာဆိုင်ရာ သက်သေအထောက်အထားများရှိသည်ဟု သွန်သင်ထားသော ဩဝါဒ” ဟူ၍ အနက်အဓိပ္ပါယ်ရှိပါမည်။ နောက်ထပ် သိထားသင့်သည့်အချက်မှာ Scientific Creationism သည် သိပ္ပံပညာ (Science) မဟုတ်ပါ။ ဘာသာရေးနှင့် ရောယှက်သောဩဝါဒ (doctrine) ဖြစ်ပါသည်။ ထို့ကြောင့် သိပ္ပံပညာရှင်အသိုင်းအဝိုင်းများက Scientific Creationism ကို သိပ္ပံယောင် (pseudoscience) ဟု သတ်မှတ်ထားကြပါသည်။ 

Pseudoscience ~ a collection of beliefs or practices mistakenly regarded as being based on scientific method

ဆက်စပ်ဖော်ပြရလျှင် သိပ္ပံယောင် (pseudoscience) ဆိုသည်မှာ သိပ္ပံပညာဟု ထင်မှတ်အောင် အယောင်ဆောင်ထားသည့် အရာကို ဆိုလိုသည်။ “မိမိတို့၏ ဘာသာတရားယုံကြည်ကိုးကွယ်မှုနှင့် ကျင့်သုံးမှုများသည် သိပ္ပံနည်းလမ်းကျသည်ဟု ကြွေးကြော်ကြသော်လည်း အမှန်မှာမူ သိပ္ပံနည်းလမ်းစဉ်များနှင့် ဆီလျော်မှုမရှိခြင်း” ဖြစ်သည်။ ထို့ကြောင့် ဝေါဟောရတွင် “Scientific” (သိပ္ပံနည်းကျ) ဟူသည့် စာလုံးပါဝင်တိုင်း “သိပ္ပံပညာနှင့် စပ်ဆိုင်မှာပဲ” ဟု တရားသေ မမှတ်ထားသင့်ပေ။

Creation Science” ဟူသည့် ဖန်ဆင်းခြင်း သိပ္ပံ”

DICTIONARY.COM အဘိဓာန်တွင် “Creation Science” ကို ဤကဲ့သို့ အဓိပ္ပါယ်ဖွင့်ဆိုပါသည်။ 

“a form of creationism advocated as an alternative to the scientific theory of evolution, and holding that the creation of the universe and everything in it was supernatural and relatively recent.”

မြန်မာဘာသာဖြင့် ရိုးရိုးရှင်းရှင်း “ဖန်ဆင်းခြင်း သိပ္ပံ” ဟုပြန်ဆို၍ရမည်ဖြစ်ပြီး ၎င်းသည် Scientific Creationism နှင့် အဓိပ္ပါယ်ဆင်တူပါသည်။ ဤဝေါဟောရတွင်လည်း Science” (သိပ္ပံ) ဟူသည့် စာလုံးပါဝင်တိုင်း သိပ္ပံပညာဟု မမှတ်ယူသင့်ပေ။ အကြောင်းမှာ အဘိဓာန်၌ ဖော်ပြထားသည့်အတိုင်း သိပ္ပံပညာနှင့် သက်ဆိုင်ခြင်းမရှိဘဲ ဘာသာရေးအယူဝါဒတခုသာ ဖြစ်ပါသည်။ So called a form of creationism” ပါ။

အထက်ပါ ဝေါဟာရသုံးလုံးသည် အမှတ်တမဲ့ကြည့်လျှင် အလွန်ဆင်တူပါသည်။ ထို့ကြောင့် စာဖတ်သူများအနေဖြင့် ဆောင်းပါး၏ context အရ “Creationism”၊ “Scientific Creationism” နှင့် “Creation Science”ဟူသည့် ဝေါဟာရ (၃) လုံးကို “YEC” အယူဝါဒနှင့် တွဲမှတ်ထားသင့်ပေသည်။ 

အထက်ပါ အင်္ဂလိပ်ဘာသာဖြင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များသည် ယုံကြည်စိတ်ချရသော ဗြိတိသျှနှင့် အမေရိကန် အင်္ဂလိပ်အဘိဓာန်များထဲမှ အဓိပ္ပါယ်ဖွင့်ဆိုချက်များဖြစ်ပြီး စာရေးသူ၏ ကိုယ်ပိုင် အဓိပ္ပါယ်ဖွင့်ဆိုချက်တစ်ခုမှ မပါဝင်ပါ။ သို့သော် မြန်မာဘာသာဖြင့် အဓိပ္ပါယ်ဖွင့်ဆိုချက်များမူ ထိုအဘိဓာန်များ၏ အင်္ဂလိပ်ဘာသာအဓိပ္ပါယ်ဖွင့်ဆိုချက်များပေါ် အခြေခံ၍ စာဖတ်သူတို့ ပိုမိုနားလည်သဘောပေါက်နိုင်စေရန် စာရေးသူ အနီးစပ်ဆုံးမြန်မာမှုပြုထားပေးခြင်းဖြစ်ပါသည်။ ထိုဝေါဟာရ သုံးလုံးအား အဘိဓာန်များ၌ အထက်ပါတိုင်း အဓိပ္ပါယ်ဖွင့်ဆိုထားသော်လည်း ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒီ(YEC) သမားများမှာမူ ကမ္ဘာဦးကျမ်းအား စာသားအတိုင်း(Literal Interpretation) တိုက်ရိုက်အနက်ပြန်ဆိုခြင်းသည် သိပ္ပံနည်းလမ်းစဉ်များဖြင့် သက်သေပြနိုင်သည်၊ သိပ္ပံနည်းလမ်းကျသည်ဟု ကြွေးကြော်ရာတွင် မကြာခဏသုံးစွဲသော ဝေါဟာရများဖြစ်ကြလေသည်။ စာဖတ်သူများအနေဖြင့် ဝေါဟာရများအား ရင်းနှီးကျွမ်းဝင်မှုရှိနေခြင်းနှင့် ယုံကြည်စိတ်ချဖွယ်ရာအဘိဓာန်ပါ ၎င်းဝေါဟာရတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များအား သိရှိနားလည်ထားခြင်းသည် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (YEC) အား မိမိကိုယ်တိုင်လေ့လာလိုက်စားရာတွင် ပိုမိုနားလည်သဘောပေါက်စေရန် များစွာ အထောက်အကူပေးနိုင်မည်ဖြစ်ပြီး အယူဝါဒ မတူသော အခြားသူများနှင့် ကျိုးကြောင်းဆီလျော်စွာ ဆွေးနွေးငြင်းခုံရာတွင်လည်း အခြေအမြစ်မရှိသော ရန်ကိုပွားများစေတတ်သည့် စကားနိုင်လုခြင်းများ၊ မည်သူအတွက်မျှ အကျိုးမရှိသည့် လိုရင်းမရောက်နိုင်သော ငြင်းခုန်မှုများတို့မှ သမ္မာသမတ်ရှိစွာရှောင်ထွက်နိုင်ပေလိမ့်မည်။ လူတိုင်း ကိုယ်သုံးစွဲနေသော ဝေါဟာရတို့၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များကို သေချာစွာ သိရှိထားရမည်ဖြစ်ပြီး ၎င်းတို့၏အနက်အဓိပ္ပါယ်တို့သည်လည်း အဘိဓာန်အတိုင်း အမြဲတမ်းတသတ်မတ်တည်း ဖြစ်နေသင့်ပေသည်။

နောက်ထွက်ရှိလာမည့် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ (Young-Earth Creationism) – အပိုင်း (၂) တွင်မူ “ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ ဖြစ်ပေါ်လာပုံ သမိုင်း၏ အစောပိုင်းကာလများနှင့် မျက်မှောက်ခေတ် ကမ္ဘာပျို ဖန်ဆင်းခြင်းဝါဒ” အကြောင်းကို ဖော်ပြပေးမည်ဖြစ်သောကြောင့် ဆက်လက်၍ ဖတ်ရှုလေ့လာကြဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။ စာဖတ်သူတိုင်းအား ဘုရားသခင် ကောင်းကြီးပေး၍ ဓမ္မအသိ၊ သိပ္ပံအသိများ ယခုထက် သာ၍ ကြွယ်ဝကြပါစေ။ အာမင်။

ကိုးကားထားသော စာပေအရင်းအမြစ်

https://www.lexico.com/definition/young-earth_creationism (Young Earth Creationism by – LEXICO.COM) 

https://ncse.ngo/young-earth-creationism (Young Earth Creationism by – National Center for Science Education)

https://www.britannica.com/topic/creationism (Creationism – Britannica)

https://www.merriam-webster.com/dictionary/scientific%20creationism (Scientific Creationism – Merriam Webster)

https://answersingenesis.org/why-does-creation-matter/ (Young Earth Creationism by Answers in Genesis)

https://biologos.org/series/science-and-the-bible/articles/young-earth-scientific-creationism-history-and-beliefs (Young-Earth (Scientific) Creationism: History and Beliefs)

https://en.wikipedia.org/wiki/Young_Earth_creationism (Young Earth Creationism by Wikipedia)

https://www.dictionary.com/browse/creation-science (Creation Science – Dictionary)

https://www.britannica.com/event/Scopes-Trial (Scopes Trial – Britannica)

https://www.britannica.com/science/evolution-scientific-theory (Scientific Theory of Evolution – Britannica)

https://www.thykairos.com/2020/05/21/terms-and-definitions-of-evolution/ (ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်နဲ့ ပတ်သက်ပြီး မရှုတ်ထွေးသင့်သော ဝေါဟာရများ)

– ထာဝရဘုရား၏ သမ္မာကျမ်းစာ (ဆရာကြီး ယုဒသန်ဘာသာပြန်ကျမ်း)

– Holy Bible (YouVersion)