Skip to content

တခါတရံတွင် ကျွန်ုပ်တို့ ကြားရသော စကားများသည် စိတ်ဆိုးချင်ဖွယ်၊ အလွဲအမှားများ သို့တည်းမဟုတ် အလိုမကျချင်ဖွယ်စကားများ ဖြစ်ကောင်းဖြစ်နေတတ်သည်။ မိတ်ဆွေအပေါင်းအသင်းများ၏ ကြားထဲ၌သော်လည်းကောင်း၊ လုပ်ငန်းခွင်တွင်ဖြစ်စေ၊ မိသားစုတွင်း၌ဖြစ်စေ၊ အသင်းတော်မှာပင်လျှင်ဖြစ်စေ အချိန်မရွေး ထိုသို့သော စကားများကိုလည်း ကြားရနိုင်ဖွယ်ရှိပေသည်။

ထိုသို့သော စကားများသည် ကျွန်ုပ်တို့၏ နားထဲသို့ ကန့်လန့်တိုက်တိုးဝင်၍ ပဋိပက္ခတစ်ခုဖြစ်တည်လာစေရန် စနက်တံမောင်းကို ဆွဲဖြုတ်ဖို့ရာ အချိန်ကောင်းတစ်ခုကိုလည်း အစပျိုးခြင်းဖြစ်လာတတ်ပေသည်။ ပြဿနာတစ်ခုအား မီးခွက်ထွန်းရှာရန်ပင် မလိုလောက်အောင် လောင်စာအားကောင်းကောင်းဖြင့် လောင်ကျွမ်းတတ်သော အခြေအနေတစ်ခုသည် အသင့်အနေအထားဖြင့် စောင့်ကြိုနေသည့်အလားပင် …

ထိုအချိန်မျိုးတွင် မိမိတို့ကြားသိထားသော သတင်းစကားများ၊ အကြောင်းအရာများ၊ စကားအမျိုးမျိုးတို့အပေါ်၌သာ အခြေပြု၍ စိတ်လိုက်မာန်ပါ ဖြေရှင်းရန်အတွက်သာ အားသန်တတ်ကြသည်မှာ ကျွန်ုပ်တို့ပင်ဖြစ်နေတတ်သည် မဟုတ်ပါလား။

အနည်းငယ်သော အပေါက်တစ်ပေါက်မှသည်ပင်လျှင် သင်္ဘောကြီးတစ်စီးလုံးအား ရေထဲသို့ ဆွဲချနစ်မြုပ်စေရန် တတ်စွမ်းနိုင်လေ့ရှိသကဲ့သို့ပင် ဘာမျှမရှိသေးသော ရေကန်ငယ်လေးမှသည်လည်း တဖြေးဖြေး ရေတိုက်စားကာ ကြီးထွားလာလေ့ရှိတတ်သည်ကိုလည်း အားလုံးသိကြမည်ထင်ပါသည်။

ကျွန်ုပ်တို့၏ စိတ်လိုက်မာန်ပါ အပြုအမူ၊ အပြောအဆိုများနှင့် ရန်တွေ့ခြင်းအမှုများမှသည် အချင်းချင်း စကားတစ်ခွန်းမျှပင် မပြောနိုင်တော့လောက်သည်အထိ လွှမ်းမိုးသွားကာ ရင်းနှီးကျွမ်းဝင်မှုများပျက်ဆီးသွားတတ်ပေသည်။ မိသားစုများ၊ မိတ်ဆွေများ၊ အသင်းတော်များသည်လည်း ထိုမှတဆင့် တဖြေးဖြေးအက်ကွဲကြောင်းလိုက်ကာ ပြိုလဲသည်အထိ ဆုံးရှုံးသွားနိုင်ပေသည်မဟုတ်ပါလား။

သုတ္တံကျမ်း ၁၇:၁၄
ရန်တွေ့စအမှုသည် ရေကန်ပေါင်ပေါက်စကဲ့သို့ ဖြစ်သောကြောင့်၊ ရန်မတွေ့မီ တွေ့စရာအကြောင်းကို ရှောင်လော့။

“New King James Version” တွင်တော့ ယခုကဲ့သို့ဆိုသည်။ “The beginning of strife is like releasing water;” (တနည်းဆိုရလျှင် ခိုက်ရန်ဒေါသ သို့တည်းမဟုတ် စိတ်လိုက်မာန်ပါ ရန်တွေ့ပြောဆိုခြင်းများကို စတင်လိုက်ခြင်းသည် တာကျိုးသော ရေကန် သို့မဟုတ် ဆည်ထဲမှ ရေလွှတ်သည့်နှယ်ဟုပင် ဆိုပေအံ့) “Therefore stop contention before a quarrel starts.” (ပဋိပက္ခမကြီးထွားလာစေရန် အခြေအတင်ပြောဆိုခြင်းများ၊ ရန်တွေ့ခြင်းများ၊ ဒေါသနှင့် အော်ဟစ်ပြောဆိုခြင်းများအား မစတင်လာမိခင် အစမပြုမိခင်မှာပင်လျှင် ရပ်တန့်လိုက်ပါဟု သတိပေးနေခြင်းပင်)

ထို့ကြောင့် ပဋိပက္ခတစ်ခုအား ဖြေရှင်းရန်လုပ်ဆောင်ရာတွင် ရန်တွေ့စရာအကြောင်းများကိုလည်း သတိထားကာ ရှောင်ရှားအပ်ပေသည်။ မိမိတို့၏ စိတ်အခြေအနေ၊ ကြားသိထားသော သတင်းစကားများ၊ အကြောင်းအရာအမျိုးမျိုးတို့အပေါ် အခြေခံကာ စိတ်လိုက်မာန်ပါနှင့် မဖြေရှင်းမိစေရန် သတိထားရုံမျှသာမက ရန်တွေ့စရာအကြောင်းများကိုလည်း သတိထားကာဆင်ခြင်ရန် လိုအပ်ပေသည် မဟုတ်ပါလား။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။