Skip to content

ဒီခေတ်ကာလဟာ အင်မတန်မှ influencer များတဲ့ခေတ်ကာလပါ။ အထူးသဖြင့် social media တွေပေါ်မှာ အများဆုံးမြင်တွေ့ရနိုင်သလို၊ ထိုနေရာတွေကနေပဲ လွယ်လွယ်ကူကူနဲ့ အကောင်းရောအဆိုးနဲ့ပါ လူတွေကို လွှမ်းမိုးမှုပေးနိုင်သောကြောင့်ပါပဲ။ 

“သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။”
ရောမဩဝါဒစာ ၁၂း၂ (က)

“Do not be conformed to this world,”
Romans 12:2 (A)

ဒီကနေ့လောကကြီးရဲ့ရေစီးကြောင်းထဲမှာ မြောပါနေကြရသူတို့အဖို့ လောကီသဏ္ဌာန် မဆောင်သွားဖို့ အင်မတန်မှသတိပြုရပါတယ်။ အထက်ကပြောခဲ့သလို influencer များပြားလာနေတဲ့ခေတ်ကာလမှာ ခရစ်ယာန်တွေဟာ ပိုလို့တောင် သတိပြုသင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် လောကသားတွေရဲ့လောကီဆန်တဲ့ လွမ်းမိုးမှုတွေဟာ ခရစ်ယာန်တယောက်ရဲ့အသက်တာမှာလာရောက်စိုးမိုးနေမယ်ဆိုတာက မဖြစ်သင့်ပါဘူး။ ဤလောကရဲ့ အလင်းနဲ့ဆားဖြစ်တဲ့ ကျွန်ုပ်တို့တတွေရဲ့ လွှမ်းမိုးမှုမျိုးကသာ အသက်တာတိိုင်းမှာဖြစ်သင့်တာပါ။ 

ဒီကနေ့ လူငယ်တွေထဲမှာ လွှမ်းမိုးမှုအခံရဆုံးသော အခြေအနေတချို့ကို ဖော်ပြပြီး သတိပေးတိုက်တွန်းလိုပါတယ်။

ဆက်ကျော်သက် မြီးကောင်ပေါက်လူငယ်လေးတွေ ဖြစ်လာတဲ့အခါ မလွှဲမသွေ ဆန့်ကျင်ဖက်လိင်ရှိတဲ့ သူငယ်ချင်းတွေနဲ့ပေါင်းသင်းဆက်ဆံရလာတာဟာ လောကဓမ္မတာပါပဲ။ သို့သော်လည်းအင်တာနက်ခေတ်ရောက်လာတဲ့အခါမှာတော့ ရည်းစားရှိမှ ခေတ်မီတယ်၊ ရည်းစားဆိုတာ ၂ယောက်လောက်ရှိမှကောင်းတာ(ကောင်းတဲ့သူကိုရွေးလို့ရတာပေါ့တဲ့😵‍💫)၊ လူငယ်မှန်ရင်တော့ရည်းစားထားဖူးမှ လူဖြစ်ရကျိုးနပ်တာ စသည်ဖြင့် social media တွေမှာ ဆက်ကျော်သက်တော်တော်များများရဲ့ အရွယ်နဲ့ မလိုက်အောင်ရေးသားထားခြင်းတွေဟာ အသုံးပြုသူလူငယ်လေးများရဲ့စိတ်ကို တော်တော်လေးလွှမ်းမိုးထားတာကိုတွေ့ရပါတယ်။ တားဆီးလို့တော့မရပေမယ့် ခရစ်ယာန်မောင်မယ်လေးတွေအတော်များများရည်းစားထားကြတဲ့အခါ မိဘတချို့က သတိပေးကာသွန်သင်ဆုံးမရမယ့်အစား “စိတ်ကစားကြတဲ့အရွယ် ခဏပါပဲ”ဆိုပြီးလွှတ်ထားဖို့ မသင့်ပါ၊ “စိတ်မကောင်းစရာတွေ”ဖြစ်လာရင် ရင်ထုမနာဖြစ်ရသလို၊ ကာယကံရှင်လူငယ်တွေ၌လည်း လက်ညှိုးထိုးတတ်တဲ့အသိုင်းအဝိုင်းထဲမှာ လူရာမဝင် အရှက်တကွဲအကျိုးနည်းသွားစေနိုင်ပါတယ်။ နောက်ထပ်သတိထားစရာတခုက ကိုယ့်ရှေ့ကစီနီယာတချို့ရဲ့အကြံပေးစကားတိုင်းကိုလည်း နားမယောင်မိဖို့ အရေးကြီးပါတယ်။ ဘာလို့လဲဆိုရင် မယုံကြည်သူနဲ့ချစ်ကြိုက်ပြီး အိမ်ထောင်ကျတာ ဘယ်လောက်ကောင်းကြောင်း၊ ဘုရားကိုတော့မသိပေမယ့် ဘုရားတရားသိပါတယ်ဆိုတဲ့ ယုံကြည်သူတွေထက်သာတယ်ဆိုတာမျိုးတွေနဲ့ သူတို့ရဲ့စိတ်ဆန္ဒသာယာမှုကိုသာရှေ့တန်းတင် အားပေးမှုမျိုးတွေကိုသတိပြုသင့်ပါတယ်။ ဘယ်လောက်ပဲသင့်အပေါ်ကောင်းတဲ့သူဖြစ်နေပါစေ သခင့်ကဲ့သို့သောပုံသက်သေ၊ သခင့်ထံသို့ဆွဲခေါ်သောအသက်တာမျိုးမရှိလျှင် အလကားပါပဲ။ ခဏတာအတွက်တော့ရင်ခုန်စရာဖြစ်စေပြီး ထာဝရအတွက်တော့မရေရာရင်တုန်စရာအဖြစ်မျိုးကို ကိုယ့်အတွက်ရော၊ ကိုယ့်အနာဂတ်မျိုးဆက်အတွက်ပါ သင်ကြုံချင်မှာမဟုတ်ပါဘူး။ နောက်အခြေအနေတခုရှိပါသေးတယ် အဲ့ဒါကတော့ “ကျွန်တော်/ကျွန်မက သူ့ကိုပြောင်းလဲအောင်ဆုတောင်းပေးမယ်၊ ဝေငှမယ်” ဆိုပြီး မယုံကြည်သူနဲ့ရည်းစားထားကြသူတွေပြောတတ်ကျတဲ့ ဆင်ခြေစကားမျိုးတွေပေါ့။ ရည်းစားဘဝမှာပင်လျှင် ကိုယ့်ရဲ့ခရစ်ယာန်အသက်တာ၊ ကိုယ့်ရဲ့ယုံကြည်ခြင်းက လွှမ်းမိုးမှု မရှိရင် အိမ်ထောင်ကျပြီးသွားလျှင်လည်း ဘာမှထူးလာမှာမဟုတ်ပါဘူး။ ဘုရားထက် “ပိုနပ်” တဲ့သဘောနဲ့မလုပ်လိုက်ပါနဲ့။ အဲ့ဒီအကျိုးဆက်က အရမ်းကြီးပါတယ် ချစ်သောလူငယ်တို့။ လောကီဆန်တဲ့မည်သည့်၊ မည်သူရဲ့ လွှမ်းမိုးမှု၊ ကိုယ့်ရဲ့သွေးသားတပ်မက်ခြင်း လွှမ်းမိုးမှုမှန်သမျှကို သမ္မာတရားနှုတ်ကပတ်တော်ဖြင့် ချင့်ချိန်သင့်ပါသည်။ ကိုယ်တိုင်က နှုတ်ကပတ်တော်၏လွှမ်းမိုးမှုကိုခံယူရုံသာမက၊ ထိုအသက်ရှင်သောနှုတ်ကပတ်တော်အားဖြင့် အခြားသူတွေအပေါ်၌လည်းလွှမ်းမိုးသင့်ပါသည်။ 

ခုနောက်ပိုင်းခေတ်စားလာပြီး ယောကျ်ားလေးတွေသာမက မိန်းကလေးတွေ၌ပင်လျှင် လွှမ်းမိုးမှုအားကောင်းလာသည့်အရာတခုရှိပါသေးတယ်။ ထိုအရာကတော့ အရက်သေစာဖျော်ရည်ယမကာ သောက်သုံးတတ်လာကြခြင်းပါ။ ဘယ်လောက်တောင် လွှမ်းမိုးမှုအားကောင်းသလဲဆိုရင် ပျော်လည်းသောက်၊ ဝမ်းနည်းလည်းသောက်၊ အိမ်မှာနေလည်းသောက်၊ အပြင်ရောက်လည်းသောက်၊ အပေါင်းအသင်းနဲ့တွေ့လည်းသောက်၊ တယောက်တည်းလည်းသောက်၊ ကျန်းမာရေးထိခိုက်မှာကိုသိရဲ့သားနဲ့သောက်၊ ဆေးဖြစ်ဝါးဖြစ်အကြောင်းပြပြီးသောက်၊ စသည်ဖြင့် လူငယ်များစွာ “သောက်”တရားတွေကိုနာယူခုံမင်လျက်ရှိကြသည်မှာ စိတ်မကောင်းစရာပင်။ စာရေးသူကြုံဖူးတာကတော့ အရက်ပုလင်းလက်ထဲကမချဘဲ အရက်ပြတ်ဖို့ ဆုတောင်းပေးပါလို့ပြောလာတဲ့လူငယ်တချို့ပါပဲ။ ဆေးလိပ်နဲ့ကွမ်းလည်းထိုနည်းတူပါပဲ။ လူငယ်တော်တော်များများက ပြတ်သားမှုမရှိဘဲ ထိုအရာတွေရဲ့လွှမ်းမိုးမှုတွေကနေ “ပြတ်”ချင်ပါတယ်ဆိုတဲ့ “နှုတ်”သက်သက် လွတ်မြောက်ခြင်းမျိုးကိုသာ တောင့်တနေကြပြီး၊ အမှန်တကယ် လွတ်မြောက်ခြင်းသဘောကိုတော့ အလေးအနက်မထားကြပေ။ ထိုလွှမ်းမိုးမှုတွေက အပေါင်းအသင်းကြောင့်ဆိုလျှင် ထိုအပေါင်းအသင်းတွေကိုရှောင်ပါ။ ကိုယ်တယောက်တည်းရှိနေချိန်တွေမှာဖြစ်တတ်ရင် သမ္မာတရားလမ်းသို့သွေးဆောင်မည့် အပေါင်းအသင်းတွေကိုရှာပါ။ လွတ်မြောက်ဖို့အတွက် ကိုယ့်ကိုကိုယ် အားမနာပါနှင့်အခြားသူတွေကိုလည်း အားမနာပါနှင့်။ ပြတ်သားမှုမရှိခြင်းကသာ ကိုယ့်အသက်တာမှာ ထိုလွှမ်းမိုးမှုတွေကို အဓွန့်ရှည်စေမှာပါ။ 

သတိပြုစရာများစွာရှိပေမယ့်လည်း နောက်ဆုံးအချက်တခုနဲ့ ချစ်သောလူငယ်တို့ကို တိုက်တွန်းရင်းအဆုံးသတ်ချင်ပါတယ်။ ဒါကတော့ လူငယ်တွေဟာ မိဘနဲ့အသက်ကြီးသူတို့အပေါ် ကလန်ကဆန်၊ မရိုမသေပြုမူဆက်ဆံလာတတ်တဲ့ လွှမ်းမိုးမှုပါပဲ။ တချို့ကတော့ ကိုယ်ကြီးပြင်းလာရတဲ့မိသားစုရဲ့လွှမ်းမိုးမှုကြောင့်ထိုကဲ့သို့ဖြစ်လာကြရပေမယ့်၊ ယနေ့ကာလမှာတော့အများစုဟာ entertainer/influencer တွေရဲ့ attention ရရုံသက်သက်ဖျော်ဖြေရေးတွေ၊ စာပေတွေ ကိုအဟုတ်မှတ်ပြီး အလွှမ်မိုးခံကာ လမ်းလွဲလာနေကြတာစိတ်မကောင်းစရာပင်။ “ကိုယ့်မိဘကိုရိုသေစွာပြုသောသူ” ဒါမှဟုတ် “မိဘစကားနားမထောင်သောသူ”ဆိုသည့်ဂုဏ်ပုဒ်နှစ်ခုမှာ သင့်အပေါ်လွှမ်းမိုး၍ သင်ကိုယ်တိုင် အလွှမ်းမိုးခံစေသောအရာအားဖြင့် တခုကတော့သေချာပေါက်ပေါ်လွင်ထင်ရှားမှာပါ။ “ငါကဆိုးတယ်၊ မလိမ္မာဘူးကွာ ဒါပေမယ့်ငါ့မိဘကငါ့ကိုချစ်တယ်” လို့သင်ပြောလည်းကိစ္စမရှိပါဘူး။ ဘာကြောင့်ဆို ဘုရားသခင်ကသင့်ကို သင့်မိဘထက်တောင် သင့်ကိုချစ်လို့ပါပဲ။ ဒါကြောင့်လည်း ကိုယ်မိဘကိုရိုသေစွာပြုစေချင်တဲ့ဘုရားရဲ့အလိုတော်ပညတ်ဟာ သင့်အပေါ်မှာလွှမ်းမိုးမှု မရှိရင် “ပြည်တော်၌ကောင်းစား၍အသက်တာရှည်မည်” ဆိုတဲ့ကတိတော်ကိုသင်တောင့်တလိုချင်အားကြီးလည်းအလကားပါပဲ။ ကိုယ့်မိဘကကိုယ့်ကိုချစ်ရုံနဲ့မပြီးသွားပါဘူး။ ကိုယ့်ဘက်ကလည်းချစ်ကြောက်ရိုသေရမည့်တာဝန်ဝတ္တရားကို မမေ့သင့်ပါ။ 

“ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန်ပြောင်းလဲခြင်းသို့ ရောက်ကြလော့။-”

ရောမဩဝါဒစာ ၁၂း၂(ခ)

ချစ်သောလူငယ်တို့ လွှမ်းမိုးမှုများတဲ့လောကကြီးရဲ့လွှမ်မိုးမှုတွေအောက်မှာ ဤလောကနဲ့သဏ္ဌာန်တူလာနေသလား။ ဒါမှမဟုတ် စိတ်နှလုံးကို အသစ်ပြင်ဆင်ကာ သခင့်ရဲ့အသက်တာနဲ့သခင့်ရဲ့စကားကလွှမ်းမိုးလျက် ပုံသဏ္ဌာန်ပြောင်းလဲလာနေပြီးလားဆိုတာကို ဆင်ခြင်နိုင်ဖို့ခွန်အားပေးရင်း

မေတ္တာဖြင့်