Skip to content

တမန်တော်ဝတ္ထု အခန်းကြီး ၆ တွင် အသင်းတော်အတွင်းထဲမှဖြစ်သော ပဋိပက္ခတစ်ခုကို တွေ့ရပေသည်။ အသင်းတော်သည် သင်းဝင်သူများလာသဖြင့် အဆင်ပြေသည်ဟုဆိုနိုင်စရာရှိသော်လည်း မထင်မှတ်ခြင်းများထဲမှ ပဋိပက္ခတစ်ခုမဟုတ် တစ်ခုတို့သည် ပေါ်ထွက်လာတတ်သည်ကို တွေ့ရသည်။

(Commentary တစ်ခုအဆိုအရ … ဟေဗြဲလူမျိုးများသည် ဂျူးလူမျိုးတို့၏ ယဥ်ကျေးမှုကို ခံယူလိုစိတ်ရှိကြပြီး အများစုသည် ယုဒပြည်မှဂျူးလူမျိုးတို့ဖြစ်ကြသကဲ့သို့၊ ဟေလေနစ်လူမျိုးများသည် ဂရိယဥ်ကျေးမှုကို စွဲမြဲစွာ လက်ခံလိုသော ဂျူးလူမျိုးများဖြစ်ကြပြီး ရောမအင်ပါယာတစ်ဝှမ်းမှ လူစုများဖြစ်ကြသည်ဟုလေ့လာတွေ့ရှိရသည်။

ထို့ကြောင့်လည်း တစ်ဦးအပေါ်တစ်ဦး အမြင်မတူညီကြပေ။ ဟေဗြဲလူမျိုးတို့သည် ရိုးရာယဥ်ကျေးမှုထက် သာလွန်မြင့်မြတ်သယောင်ယောင်ဖြစ်ကြသည်ဟု ဟေလေနစ်လူမျိုးများက ထင်ကြမည်ဖြစ်သကဲ့သို့၊ ဟေလေနစ်လူမျိုးများသည် ဂရိယဥ်ကျေးမှုနှင့် ဝိညာဥ်ရေးရာ အပေးအယူ “Compromise” လုပ်တတ်သူများဟုလည်း ဟေဗြဲလူမျိုးများက ထင်မြင်ကြပေဦးလိမ့်မည်။)

ထိုသို့သော အသင်းတော်အတွင်းမှ ထင်မြင်ချက်များ၊ ယူဆချက်များ၊ ခံယူချက်များနှင့် သူမှန်သယောင် ကိုယ်မှန်သယောင် အပေါ်၌ စာတန်သည် အခွင့်အရေးယူခဲ့သလားဟုပင် ဆိုရပေအံ့ … အသင်းတော်တစ်ခုအတွင်း၌ရှိသော ယုံကြည်သူများ သို့တည်းမဟုတ် ယေရှုခရစ်တော်၌ ကွဲပြားခြင်းမရှိကြသော ယုံကြည်သူခရစ်ယာန်များဖြစ်ကြသော်လည်း အမျိုးမျိုးသော ယူဆချက် ခံယူချက်များဖြင့် ကွဲပြားနေကြသောသူများပင်ဖြစ်သည်။ အပြင်ပိုင်းတွင် အဆင်ပြေပြေဖြစ်နေသယောင်မြင်ရသော်လည်း အတွင်းပိုင်းတွင်မူ အပြစ်တင်ခြင်းများ၊ မြည်တမ်းခြင်းများသည် အသင်းတော်အတွင်းပိုင်းထဲ၌ သာ၍သာ၍ လှိုက်စားလာခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ ထိုမှတဆင့် ဟေလေနစ်လူမျိုးများနှင့် ဟေဗြဲလူမျိုးများသာမက အသင်းတော်တစ်ခုလုံးနှင့်ဆိုင်သော ပဋိပက္ခတစ်ခုပေါ်ပေါက်လာခဲ့ပေတော့သည်။ မုဆိုးမလုပ်ကျွေးခြင်းဆိုင်ရာ ပဋိပက္ခတစ်ခုသာဖြစ်သော်လည်း ဤအရာများမှဆင့် အစပြုကာ အသင်းတော်တစ်ခုအား ကွဲပြဲစေရန်၊ သင်းကွဲသွားစေရန်အတွက် လုံလောက်သော ပဋိပက္ခတစ်ခု အစပြုခြင်းဟုလည်း ဆို၍ရနိုင်ပေသည် မဟုတ်ပါလား။ တမန်တော်များသည် ထိုပဋိပက္ခကို မဖြေရှင်းတော့ဘဲ ရှောင်ထွက်မသွားခဲ့ကြပါ။ ထိုအရာကို မကြီးထွားလာစေရန်နှင့် ထိုပဋိပက္ခကြောင့် အသင်းတော်အား မထိခိုက်စေရန်အတွက်လည်း ကောင်းမွန်စွာ စီမံခန့်ခွဲစေခဲ့သည်။

တမန်တော်ဝထ္ထု ၆:၃
ထိုကြောင့်ညီအစ်ကိုတို့၊ ဝိညာဉ်တော်နှင့်၎င်း၊ ပညာနှင့်၎င်းပြည့်စုံလျက်၊ အသရေရှိသော လူခုနစ်ယောက်တို့ကို သင်တို့တွင် ရှာကြလော့။ ဤအမှု ကို ဆောင်ရွက်စေခြင်းငှါ ထိုသူတို့ကို ငါတို့သည် ခန့်ထားကြမည်။

တမန်တော်တို့၏ ခွဲဝေစီရင်ခြင်းအမှုကို ယနေ့ ကျွန်ုပ်တို့အသင်းတော်များသည်လည်း အတုယူစရာ၊ သင်ယူစရာဖြစ်သည်ဟုဆိုရလျှင် မှားမည်မထင်ပါ။ ပြဿနာကို မကြီးထွားရန်သော်လည်းကောင်း၊ ကိုင်တွယ်ဖြေရှင်းမည့်သူများကိုလည်းကောင်း၊ ထိုသူတို့အားရွေးချယ်ခြင်းသည်လည်းကောင်း အသင်းတော်အတွက် အင်မတန် ထိရောက်စေသော ခန့်အပ်ရွေးချယ်ခြင်းပင်ဖြစ်ချေသည် မဟုတ်ပါလား။

ယနေ့ကျွန်ုပ်တို့အသင်းတော်များတွင်လည်း ယေရှုခရစ်တော်၌ ကွဲပြားခြင်းမရှိသော်လည်း ဟေဗြဲနှင့် ဟေလေနစ်တို့အတိုင်း အတွေးအမြင်၊ ယူဆချက်၊ ထင်မြင်ချက် အမျိုးမျိုးရှိကြကာ သူမှန်သယောင် ကိုယ်မှန်သယောင်နှင့်သာ အချင်းချင်း အပြစ်တင်မြည်တမ်းလျှက် ကွဲပြားခြင်းအမျိုးမျိုး ရှိကောင်းရှိတတ်ကြပေလိမ့်မည်။ ထိုသေးငယ်သော ပဋိပက္ခတစ်ခုသည်ပင်လျှင် အသင်းတော်ကြီးတစ်ခုလုံးကို ပြိုလဲသွားစေရန်အတွက် ထိရောက်စေသော ပဋိပက္ခတစ်ခုဟုဆိုလျှင်လည်း မမှားချေ။ ထို့ကြောင့် တမန်တော်တို့၏ ထိုပဋိပက္ခကို ကိုင်တွယ်ပုံ၊ အသင်းတော်မထိခိုက်စေရန် ခွဲဝေစီရင်ခြင်းနှင့် ခန့်အပ်ရွေးချယ်ခြင်းသည် အသင်းတော်၌ဖြစ်တတ်သော ပဋိပက္ခတစ်ခုကို ကိုင်တွယ်ဖြေရှင်းရာ၌ အင်မတန်အရေးကြီးသော အခန်းကဏ္ဍတစ်ခုဟုလည်း ဆိုနိုင်ပေတော့သည် မဟုတ်ပါလား။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။