“ယေရှုသည် ထွက်ကြွ၍ လူများအပေါင်းတို့ကို တွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည် ထိန်းသူမရှိ၊ ပစ်ထားသော သိုးကဲ့သို့ ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသော ဆုံးမဩဝါဒကို ပေးတော်မူ၏။”
ရှင်မာကုခရစ်ဝင် ၆း၃၄
“When he went ashore he saw a great crowd, and he had compassion on them, because they were like sheep without a shepherd. And he began to teach them many things.”
Mark 6:34
ထိန်းသူမရှိပစ်ထားတဲ့ သိုးတွေလို လေလွင့်နေတဲ့ များစွာသောလူတွေကို သခင်မြင်တဲ့အခါမှာ ဦးစွာသနားခြင်းစိတ်တော် ရှိတော်မူတယ်။ ဤလောကကို ကယ်တင်ဖို့ရန် ကြွလာတဲ့သခင်အဖို့ ထိုသူတို့ဟာ အင်မတန်မှ တန်ဖိုးရှိပါတယ်။ သခင်ဟာ ကောင်းသောသိုးထိန်းကြီးဖြစ်သောကြောင့် ထို ထိန်းကျောင်းသူမဲ့လျက်ပစ်ထားခံရသောသိုးကဲ့သို့သော လူများအပေါင်းကို ကရုဏာသက်သည်မှာ ထူးဆန်းသည့်အရာမဟုတ်ပါ။ ကောင်းသောသိုးထိန်းဟာ သူ့သိုးတို့ကိုသူသိသောကြောင့် ကောင်းစွာထိန်းကျောင်းတတ်ပါတယ်။ ဒါကြောင့် သခင်ဟာ ထိုသူတို့ကို များစွာသော ဆုံးမဩဝါဒကို ပေးတော်မူပါတယ်။
စာရေးသူနဲ့ချစ်သောလူငယ်တို့အားလုံးဟာ ထိန်းသူမရှိပစ်ထားခံခဲ့ရသော “သိုး”တွေပါ။ သခင်မြင်တွေ့ခဲ့လို့(ကယ်တင်ခဲ့လို့)သာ ကယ်တင်ခြင်းကိုခံရတာပါ။ စဉ်းစားကြည့်ပါ သိုးလိုမျိုး သတ္တဝါဟာ အထိန်းအကျောင်းမဲ့ သွားလာနေမယ်ဆိုရင် ပထမဆုံးသူ့ရဲ့ အဆင်းသဏ္ဌာန် ဟာသိုးမွေးညှပ်ပေးသောသူမရှိသောကြောင့် လှပနေမှာတော့မဟုတ်ပါဘူး။ ဒုတိယအနေနဲ့ သူရဲ့အသက်ရှင်သန်မှုရာခိုင်နှုန်းနည်းပါးနိုင်ပါတယ်၊ ဥပမာ တောကောင်တွေ၊ သူခိုးတွေနဲ့ ရောဂါတွေအားဖြင့်ပေါ့။ သိုးထိန်းရဲ့လက်ထဲ၊ ထိန်းကျောင်းမှုထဲမှာရှိနေတဲ့ သိုးတွေရဲ့အကျိုးဟာ အင်မတန်မှကြီးပါတယ်။ ဒါကြောင့် စာရေးသူအပါအဝင် ချစ်သောလူငယ်တို့အားလုံး ကောင်းသောသိုးထိန်းကြီးရဲ့လက်တော်၌ရှိသည်အရာကို ရေတွက်ချီးမွမ်းလျက် သခင်ပေးတော်မူသော ဆုံးမဩဝါဒ(teaching)အားဖြင့် အသက်ရှင်သောအသက်တာဖြစ်ဖို့လိုပါတယ်။
“ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည် ဆင်းရဲမခံရ။”
ဆာလံကျမ်း ၂၃း၁
“The Lord is my shepherd; I shall not want.”
Psalm 23:1
ထာဝရဘုရားသခင်ဟာ ကျွန်ုပ်တို့ရဲ့သိုးထိန်းဖြစ်တယ်ဆိုတဲ့အခါ တောင့်တစရာဘာရှိမှာလဲ။
“အဘယ်သို့ ထင်ကြသနည်း။ သိုးတစ်ရာရှိသောသူ၌ သိုးတစ်ကောင်သည် လမ်းလွဲ၍ပျောက်လျှင်၊ ထိုသူသည် ကိုးဆယ်ကိုးကောင်သော သိုးတို့ကို တောင်ပေါ်မှာထားခဲ့ပြီးမှ၊ လမ်းလွဲ၍ပျောက်သော သိုးတစ်ကောင်ကို သွား၍ရှာတတ်သည် မဟုတ်လော။-”
ရှင်မဿဲခရစ်ဝင်။ ၁၈း၁၂
“What do you think? If a man has a hundred sheep, and one of them has gone astray, does he not leave the ninety-nine on the mountains and go in search of the one that went astray?”
Matthew 18:12
လမ်းလွဲ၍ပျောက်တဲ့ကျွန်ုပ်တို့ကို သေပါစေကွာ ဆိုပြီးသခင်ပစ်မထားပါ။ တွေ့အောင်ရှာပြီး ကယ်ပါတယ်။
“သင်တို့သည် အထက်ကလမ်းလွဲ၍ ပျောက်သောသိုးကဲ့သို့ ဖြစ်ကြ၏။ ယခုမူကား၊ သိုးထိန်းတည်းဟူသော သင်တို့၏ဝိညာဉ်တို့ကို အုပ်စိုးကြည့်ရှုတော်မူသော အရှင်ထံသို့ ပြန်ရောက်ကြပြီ။”
ရှင်ပေတရုသြဝါဒစာပထမစောင် ၂း၂၅
“For you were straying like sheep, but have now returned to the Shepherd and Overseer of your souls.”
1 Peter 2:25
ပျောက်ခဲ့ပြီးပြီ။ ဒါပေမယ့် အခုတော့ ဘယ်တော့မှ မပျောက်နိုင်တော့ပြီ။ ဟာလေလုယာ။
“ငါ့သိုးတို့သည် ငါ့စကားသံကိုနားထောင်၍ ငါ့နောက်သို့လိုက်ကြ၏။ ထိုသိုးတို့ကို ငါသိ၏။-”
ရှင်ယောဟန်ခရစ်ဝင် ၁၀း၂၇
“My sheep hear my voice, and I know them, and they follow me.”
John 10:27
သခင့်သိုးမှန်ရင်တော့ သခင့်အသံကိုနားထောင်ပြီးလိုက်မှာပါပဲ။ အဲ့လို နားထောင်ပြီးလိုက်တဲ့ သိုးတွေကိိုလည်း သခင်သိတာပေါ့။
“သို့ဖြစ်လျှင်၊ သိုးထိန်းအကြီး ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့သည် မညှိုးမနွမ်းတတ်သော၊ ဘုန်းကြီးသော ပန်းဦးရစ်သရဖူကို ခံရကြလိမ့်မည်။”
ရှင်ပေတရုသြဝါဒစာပထမစောင် ၅း၄
“And when the chief Shepherd appears, you will receive the unfading crown of glory.”
1 Peter 5:4
ကျွန်ုပ်တို့ဝိညာဉ်ကိုအုပ်စိုးတော်မူသောကောင်းသောသိုးထိန်းကြီး၏ကယ်တင်တော်မူခြင်းကိုယုံကြည်လျက်၊ ဆုံမဩဝါဒပေးတော်မူသည်အတိုင်း အသံတော်ကိုနားထောင်လျက် ပေါ်ထွန်းတော်မူသည့်တိုင်အောင် အဆုံးတိုင်တည်ကြည်လျက် မညိုးနွမ်း၍ဘုန်းကြီးသောပန်းဦးရစ်သရဖူကို မြော်လင့်လျက် အသက်ရှင်နေပါမည်အကြောင်း
မေတ္တာဖြင့်
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ The Blessed Desk နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။