Skip to content

တခါတခါတွင် ကျွန်ုပ်တို့ပြောမိသောစကားများသည် ကြားရသည့် သူတပါးအတွက် နားဝင်မချိုသောစကားများဖြစ်နေတတ်သည်။ တခါတခါတွင်လည်း စိတ်မရှည်ခြင်းများစွာ ပါဝင်နေတတ်ပေသည်။ အကြောင်းအရာများအပေါ်မူတည်၍လည်း အမျက်ဒေါသထွက်လာတတ်ကြသေး၏။ အခြေအနေ၊ အချိန်အခါအလိုက် စိတ်ဒေါသထွက်လာတတ်ကြကာ စကားပြောရာ၌လည်း အမှားများပါသွားတတ်ကြပေသည်။ ထိုအရာများသည် ပဋိပက္ခများကိုဖြစ်ပေါ်လာစေတတ်သောအရာများထဲမှ တစ်ခုအပါအဝင်ဖြစ်ချေသည်။

မိမိတို့ကသာ သူတပါးထံမှ ဖြေးညှင်းသောစကားများကို ကြားလိုကာ၊ စိတ်ရှည်ခြင်းများနှင့် ဆက်ဆံသည့်သဘောကို လိုချင်ကြသည်။ သို့သော် မိမိတို့ကတော့ ထိုသို့ မလုပ်ဆောင်မိတတ်ကြသည့် အခိုက်အတန့်များစွာ ရှိမိနေတတ်ကြပေသည်။

စိတ်တိုခြင်း၊ အမျက်ဒေါသထွက်လွယ်ခြင်း၊ စိတ်မရှည်ခြင်း၊ ခက်ထန်စွာပြောဆိုမိခြင်း၊ ကြမ်းတမ်းစွာစကားပြောခြင်း စသဖြင့် သူတပါးတို့ကို စကားအားဖြင့် နာကျင်စေမိတတ်ကြသည့်အခိုက်အတန့်များစွာ ရှိကောင်းရှိကြပေလိမ့်မည်။

“ဖြည်းညှင်းသော စကားသည် စိတ်ကိုဖြေတတ်၏။ ကြမ်းတမ်းသော စကားမူကား၊ အမျက်ကို နှိုးဆော်တတ်၏။” ဆိုသည့်အတိုင်း ဆင်ခြင်တတ်ပါစေ။

တခါတခါတွင်လည်း ကျွန်ုပ်တို့ကြားသိရသော အကြောင်းအရာများ၊ စကားများ၊ မြင်တွေ့ရသော အဖြစ်များသည် မိမိတို့၏ အမျက်ဒေါသများကို နှိုးဆွသော စနက်တံအလားပင်ဖြစ်နေတတ်ပြန်သေး၏။ ထိုသို့သော အခြေအနေတိုင်းတွင် ကျွန်ုပ်တို့သည် ပေါက်ကွဲထွက်လေ့ရှိကောင်းရှိကြပေလိမ့်မည်ဖြစ်သော်လည်း ယနေ့မှစ၍ မိမိတို့၏ အမျက်ဒေါသများကို ချုပ်တည်းခြင်းအား တတ်စွမ်းလာနိုင်စေရန် လေ့ကျက်နိုင်ဖို့ရာ ဘုရားရှင်ကောင်းကြီးရှိပါစေ။

လုပ်ငန်းခွင်တွင်ဖြစ်စေ၊ ပတ်ဝန်းကျင်တွင်ဖြစ်စေ၊ မိသားစုအရေး၊ လူမှုရေး စသဖြင့် မည်သည့်အရေးကိုမဆို ကြုံတွေ့ရချိန်တွင် သမ္မာသတိနှင့် ထိန်းကာ မိမိတို့၏ အမျက်ဒေါသများကို အခွင့်မပေးမိစေရန် ဆင်ခြင်တတ်စေဖို့ရာလည်း အင်မတန်မှအရေးကြီးပေသည်။ ဒေါသနှင့်မပြောဆိုမိစေဘဲ မိမိတို့၏လျှာသည် အနာကိုပင်ငြိမ်းစေသောလျှာဖြစ်ပါစေ။ “သမ္မာသတိရှိသောသူသည် မိမိအမျက်ဒေါသကို ချုပ်တည်းတတ်၏” ဟုဆိုသည့်အတိုင်း ကျွန်ုပ်တို့သည် သမ္မာသတိရှိသောသူများဖြစ်ကြသည်မဟုတ်ပါလား။

ရှင်ယာကုပ်ဩဝါဒစာ ၁:၁၉
သို့ဖြစ်၍၊ ငါချစ်သော ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကားပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ။

ကျွန်ုပ်တို့သည် မိမိတို့ပြန်ပြောရမည့်စကားများကို အချိန်ယူကာ ပြန်လည်ဆင်ခြင်၍ အမျက်ဒေါသကို စစ်ထုတ်ခြင်းကို ပြုကျင့်သင့်ပေသည်။ ကျွန်ုပ်တို့ကိုယ်တိုင်သည်ပင်လျှင် အမျက်ဒေါသပါသော စကားကြားရခြင်းထက် ချိုသာသောစကားကို ကြားရခြင်းကိုသာ၍ နှစ်သက်ကြသည်မဟုတ်ပါလား။ ပဋိပက္ခတစ်ခုဖြစ်တည်ရာ အမျက်ဒေါသစကားများကိုမပြောမိစေဖို့ရာ မိမိတို့၏အမျက်ဒေါသများကို သမ္မာသတိနှင့် ထိန်းကာချုပ်တည်းခြင်း၊ စကားပြောရာတွင် အမျက်ဒေါသများကို စစ်ထုတ်ကာ ဆင်ခြင်ပြောဆိုခြင်းများသည် မရှိမဖြစ်လိုအပ်သောအရာများလည်းဖြစ်ချေသည်။

ထို့ကြောင့် “ညီအစ်ကိုတို့၊ ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှါ လျင်မြန်ကြစေ။ စကားပြောခြင်းငှါ၎င်း၊ အမျက်ထွက်ခြင်းငှါ၎င်း နှေးကြစေ” ဆိုသည့်အတိုင်း ယနေ့မှစ၍ ဆင်ခြင်ကာ သမ္မာသတိနှင့်ထိန်းကြပါစို့။

ဘုရားရှင်ဆက်လက်စကားပြောပါစေ။