Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၂၈)

“သင်​တို့​ကို​သ​တိ​နှင့် ကြည့်​ရှု​တော်​မူ​သော​ကြောင့်၊ သင်​တို့၌ စိုး​ရိမ်​ခြင်း​အ​မှု​ရှိ​သ​မျှ​တို့​ကို ကိုယ်​တော်၌ အပ်​နှံ​ကြ​လော့။”
ရှင်ပေတရုသြဝါဒစာပထမစောင် ၅း၇
“casting all your anxieties on him, because he cares for you.”
1 Peter 5:7

စိုးရိမ်စရာအမှုများတဲ့ လူ့ဘောင်လောကထဲ အထူးသဖြင့် ယနေ့ဟုခေါ်ဝေါ်တဲ့ ဒီကာလမှာ စိုးရိမ်မှုကြောင့်ကြမှုကို အရွယ်မရွေးတွေ့ကြုံရင်ဆိုင်ကြရပါတယ်။ ခေတ်ကြီးကတိုးတက်မှုမြန်ဆန်လာသည်နှင့်အမျှ ကလေး လူငယ် လူကြီး တိုင်းကလည်း စီးပွါးရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေး စသည့်ကဏ္ဍတွေမှာ ကြိုးစားဖွေရှာလုပ်ဆောင်ရင်း ပင်ပန်းလျက်ရှိကြပါတယ်။ ပင်ပန်းနွမ်းလျမှုတွေကို ပြောမပြကြရင်တောင်မှ အမြင်အားဖြင့်သိနိုင်သောကြောင့် အားပေးလို့ရပေမယ့်၊ စိုးရိမ်ခြင်းကျတော့ မတူပါဘူး။ ဘာလို့ဆိုလူတိုင်းရဲ့ခန္ဓာဟာနေ့စဉ်တော့ မပင်ပန်းနိုင်ပါဘူး။ အနားယူလို့ရပါတယ်။ သို့သော် စိတ်ကတော့ အနားယူဖို့ခက်ပါတယ်။ ခန္ဓာက အနားယူနေရင်တောင်မှ စိတ်ကပြေးလွှားနေတတ်ပါတယ်။ စားရေး၊ သောက်ရေး၊ နေထိုင်ရေး အနာဂတ်ရေး အတွေးတွေက လက်တွေ့ အကောင်အထည်ပေါ်မလာခင်နှင့်ပေါ်လာတဲ့ အချိန်ထိ စိုးရိမ်ခြင်းဆိုတဲ့ အရာက ကပ်ပါးကောင်လို အမြဲပါလာတတ်ပါတယ်။
ဥပမာဆိုရရင် စိတ်ပြေလက်ပျောက်အပျင်းပြေဝါသနာပါတာကိုလုပ်နေရင်း တိုက်ဆိုင်မှုတခုခု အတွေးခုခု ဝင်လာတဲ့အခါ ချက်ခြင်းဆိုသလို လူဟာငိုင်သွားတတ်၊ တွေဝေသွားတတ်ပါတယ်။ သောကဗျာပါရ(anxiety) ရှိတဲ့လူရဲ့သဘာဝပါပဲ။ ချစ်သောလူငယ် စိုးရိမ်စရာအမှုတွေများနေပါသလား။ များပါလိမ့်မယ်။ သို့သော် မှီခိုရာ မများပါစေနှင့်။ လွတ်မြောက်ခြင်းရှာသည့်အခါ မမှားပါစေနှင့်။

“အ​ကျွန်ုပ်၏​နှ​လုံး​ထဲ​မှာ စိတ်​များ​ပြား​သော​အ​ခါ၊ ကိုယ်​တော်​သည် သက်​သာ​စေ​တော်​မူ​သ​ဖြင့်၊ အ​ကျွန်ုပ်၏ ဝိ​ညာဉ်​သည် ရွှင်​လန်း​ပါ၏။”
ဆာလံကျမ်း ၉၄း၁၉
“When anxiety was great within me, your consolation brought me joy.”
Psalms 94:19

သောကဗျာပါရ များတဲ့ (ကြီးတဲ့) ခရစ်ယာန်တယောက်အတွက် ရွှင်လန်းစရာ၊ နှလုံးငြိမ်းချမ်းရာဖြစ်သော တခုတည်းသောလွတ်မြောက်ရာက သခင်ဘုရားရဲ့ နှစ်သိမ့်သက်သာစေခြင်း(consolation)ပါပဲ။ အချစ်ဆုံးသူငယ်ချင်းကတောင် မပေးနိုင်တဲ့အရာကို အကောင်းမိတ်ဆွေထံမှပဲရနိုင်ပါတယ်။ “သူနဲ့ငါနဲ့က ရင်ဖက်ခြင်းတူတယ်”ဆိုတာအခြေအနေတခုထိတော့ဟုတ်နိုင်ပေမယ့် သခင်ကတော့ သင့်နှလုံးကိုဖန်ဆင်းကာ ပြုပြင်ပေးသူဆိုတာကိုတော့ မမေ့လိုက်ပါနှင့်။

“ထို​ကြောင့် ငါ​ဆို​သည်​ကား၊ အ​ဘယ်​သို့ စား​သောက်​ရ​မည်​ဟု အ​သက်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​ဘယ်​သို့ ဝတ်​ရ​မည်​ဟု ကိုယ်​အ​ဖို့ မ​စိုး​ရိမ်​ကြ​နှင့်။ အ​စာ​ထက် အ​သက်​မြတ်​သည် မ​ဟုတ်​လော။ အ​ဝတ်​ထက် ကိုယ်​မြတ်​သည် မ​ဟုတ်​လော။”
ရှင်မဿဲခရစ်ဝင် ၆း၂၅

စားသောက်ရမည့် အသက်အဖို့၊ ဝတ်ရမည့် ကိုယ်အဖို့ သခင်ကဤကဲ့သို့ နှစ်သိမ့်သက်သာစေပါတယ်။ သာ၍မြတ်တဲ့အရာတွေအပေါ်မှာ စိုးရိမ်နေရမယ့်အစား နေ့စဉ်အတွက်အနည်းငယ်ရှိရုံမျှနဲ့ အဆင်ပြေနိုင်တဲ့ အရာတွေအပေါ် အထူးအလေးပေးစိုးရိမ်ခြင်းကလည်း မဖြစ်သင့်ပါဘူး။ “တောင်းမှာအကွပ် လူမှာအဝတ်” ဆိုရိုးစကားအရ လူဟာအဝတ်ရှိလို့တင့်တယ်ပေမယ့် “ကိုယ်ခန္ဓာက” အကောင်းစားတွေကိုပဲ တောင့်တကာ စျေးကြီးတာတွေကို မဝတ်နိုင်မှာ၊ branded တွေကိုမဝယ်နိုင်မှာကို စိုးရိမ်နေတာကလည်း မဖြစ်သင့်ပါ။ မယုံရင် facebook live တွေသာကြည့်လိုက်ပါ။ အဝတ်အစားတွေ ရောင်းကြတာမှ ဘေထုပ်ရော၊ အသစ်ရော၊ အကောင်းစားရော၊ အလတ်တန်းစားရော စုံလင်လှပါတယ်။
အစားအသောက်ဆိုလည်း ပြည်တွင်းတင်မက၊ ပြည်ပအစားအစာများပါ စုံလင်စွာရောင်းချသူတွေ၊ စားသုံးသူတွေနဲ့ စည်ကားလျက်ပါပဲ။ ချစ်သောလူငယ်တို့ကို ဒီအရာနဲ့ပက်သက်လို့ စာရေးသူက မစားနဲ့၊ မဝတ်နဲ့လို့ ပြစ်တင်နေခြင်း မဟုတ်ပါဘူး။ လိုအပ်ရင် ဝယ်စားပါ၊ ဝယ်ဝတ်ပါ ကိုယ့်အကြိုက်နဲ့ကိုယ်ပါပဲ။ အဓိကနှိုးဆော်ချင်တာက စိုးရိမ်စိတ်တွေဖြစ်လောက်တဲ့အထိ၊ မြတ်သောအသက်နဲ့ခန္ဓာကိုပြုစုဖို့မေ့လျော့သည့်အထိ ထိုအရာတွေကို အထူးအာရုံ မပြုစေချင်ခြင်းသာ။ ချစ်သောလူငယ်တို့ တခါတရံ ကိုယ်စိုးရိမ်တဲ့အရာတွေဟာ ကိုယ်ဂရုစိုက်တဲ့အရာတွေပဲဆိုတာ မြင်စေချင်ပါတယ်။ ဘာကိုပိုပြီး ဂရုစိုက်နေမိပါသလဲ။

“အ​ဘယ်​အ​မှု​ကို​မျှ စိုး​ရိမ်​ခြင်း​မ​ရှိ​ဘဲ အ​ရာ​ရာ၌ ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ခြင်း​နှင့်​တ​ကွ ဆု​တောင်း​ပ​တ္ထ​နာ ပြု​သော​အား​ဖြင့်၊ သင်​တို့​တောင်း​ပန်​လို​သော အ​ရာ​များ​တို့​ကို ဘု​ရား​သ​ခင်​အား ကြား​လျှောက်​ကြ​လော့။”
ဖိလိပ္ပိဩဝါဒစာ ၄း၆

အထက်ကနှုတ်ကပတ်တော်မှာတော့ စိုးရိမ်ခြင်းအမှုရှိသမျှကို အပ်နှံခိုင်းပါတယ်။ သဘောကတော့ ကိုယ်ထိန်းချုပ်မရသည့်အရာကို ဘုရားသခင်ထံ အပ်နှံခြင်းပါပဲ။ ယခုနှုတ်ကပတ်တော်မှာတော့ တောင်းပန်လိုသမျှအရာကို ဘုရားသခင်အားကြားလျှောက်ခိုင်းပါတယ်။ အမှုရှိသမျှကို သင်ဟာစိုးရိမ်နေမယ်ဆိုရင် သင်တောင်းလျှောက်လိုတဲ့အရာကို သင်ကိုယ်တိုင်တောင် ဘာမှန်းမသိဖြစ်နေပါလိမ့်မယ်။ ဒါကြောင့် အဘယ်အမှုကိုမျှစိုးရိမ်ခြင်းမရှိဘဲ (စိုးရိမ်ခြင်းအမှုရှိသမျှကို ဘုရားထံအပ်နှံပြီး) ကျေးဇူးတော်ချီးမွမ်း၊ ဆုတောင်းပတ္ထနာပြုကာ တောင်းပန်လိုတဲ့အရာများကိုကြားလျှောက်ပါ။ ထိုသို့ပြုလျှင်
“အ​ဘယ်​သူ​မျှ​ကြံ၍ မ​မီ​နိုင်​သော ဘု​ရား​သ​ခင်၏ ငြိမ်​သက်​ခြင်း​သည် ယေ​ရှု​ခ​ရစ်​အား​ဖြင့် သင်​တို့၏​စိတ်​နှ​လုံး​တို့​ကို စောင့်​မ​လိမ့်​မည်။” ဖိလိပ္ပိဩဝါဒစာ ၄း၇

အ​ဘယ်​သူ​မျှ​ကြံ၍​မမီ​နိုင်​သောဘု​ရား​သ​ခင်၏ငြိမ်​သက်​ခြင်းထက်အ​ဘယ်​သူ​မျှ​ကြံ၍မ​မီ​နိုင်​သော သင့်ရဲ့စိုးရိမ်ခြင်းကနေရာယူနေပါသလား။ ချစ်သောလူငယ်တို့နဲ့ စာရေးသူတို့ဟာ စိုးရိမ်ခြင်းကို ဖျောက်လို့မရတဲ့သူတွေဖြစ်ပေမယ့် ထိုစိုးရိမ်ခြင်းအမှုတွေကို သတိနှင့်ကြည့်ရှုပေးတဲ့ဘုရားသခင်ထံအပ်နှံနိုင်ရခြင်းအခွင့်ရှိနေကြသူတွေပါ။ ဒါကြောင့်လည်း နေ့စဉ်စိုးရိမ်စရာများတဲ့လောကကြီးထဲမှာ ဘယ်လိုအမှုအမျိုးမျိုးကိုမဆို စိုးရိမ်ခြင်းမရှိဘဲ ကျေးဇူးတော်ချီးမွမ်းလျက် ဆုတောင်း ပဌနာပြုနိုင်ရခြင်းနှင့်အတူ အ​ဘယ်​သူ​မျှ​ကြံ၍​ မမီ​နိုင်​သောဘု​ရား​သ​ခင်၏ငြိမ်​သက်​ခြင်းဖြင့် စိတ်နှလုံးကိုစောင့်မပေးခြင်းကျေးဇူးဟာကြီးလှပါ၏ဟု ဝန်ခံတိုက်တွန်းနှိုးဆော်ရင်း

မေတ္တာဖြင့်