အသင်းတော်၊ သာသနာလုပ်ငန်းဖြစ်စေ၊ အခြားသော ပြင်ပလုပ်ငန်းများတွင်ဖြစ်စေ လုပ်ငန်းတာဝန်များစွာရှိကြသည်။ ထိုနေရာတွင် တာဝန်ရှိသူတစ်ဦးအနေဖြင့် အခြားသူများကို တာဝန်ခွဲဝေပေးခြင်းများလည်း လုပ်ဆောင်ရလေ့ရှိသည်။ စေခိုင်းခြင်းနှင့်ပတ်သတ်၍ Business Management သင်ရိုးတွင် အခွင့်အာဏာ သုံးမျိုးကိုတွေ့ရသည်။ ထိုအရာများမှာ (Traditional Authority, Legal Authority, Charismatic Authority) တို့ဖြစ်ကြသည်။
Traditional မှာ မိသားစုလိုက်ဆင်းသက်သော အာဏာဖြစ်ပြီး ဥပမာဆိုရလျှင် မိဘသည် လုပ်ငန်းပိုင်ရှင်ဖြစ်လျှင် သားသမီးသည် သူဌေးကဲ့သို့အလိုအလျှောက်ဖြစ်ကာ အာဏာရှိခြင်း၊ Legal မှာ တရားဝင် ရာထူးအာဏာဖြစ်ပြီး ထိုသူများသည် မန်နေဂျာ၊ Head of Departments (HOD) စသဖြင့်၊ Charismatic မှာ လူတစ်ဦး၏ သိက္ခါသမ္မာဓိ အကျင့်စာရိတ္တကောင်းခြင်း သူရဲကောင်းဆန်ခြင်းများကိုကြည့်၍ လိုက်နာကြခြင်း နာခံစကားနားထောင်ခြင်းမျိုးဖြစ်သည်။
မိမိ၏တာဝန်ပေးခြင်းများကို မိမိအာဏာကြောင့် လုပ်စေချင်သလား၊ ချစ်ခင်လေးစားသောကြောင့် နားထောင်စေချင်သလား စသဖြင့်တည်ဆောက်လေ့ရှိကြသည်။ ထိုအထဲတွင်မှ မည်သို့သော Authority ဖြစ်ချင်သလဲဟူ၍ မိမိကိုယ်တိုင် ပုံဖော်ကြသည်ဟု သိရှိရသည်။ အသင်းတော်များတွင်လည်း သတိထားလေ့လာကြည့်မည်ဆိုလျှင် ထိုသို့သော အရာများလည်း အနည်းငယ်ပါဝင်လေ့ရှိသည်။
ကျွန်ုပ်တို့သည် ထိုသို့တာဝန်ပေးရာတွင် ရွှေရှောက်ချိုသီးအလား ချိုသာစွာလည်း ပြောဆိုသင့်သည်။ ထိုစကားသည် တဖက်လူ၏ မလုပ်ဆောင်ချင်သောစိတ်သည်ပင်လျှင် လုပ်ပေးချင်လာသည့်အလား အစွမ်းထက်ပေမည်။ သို့သော်လည်း သတိထားရမည့်အရာတစ်ခုရှိသည်။ ထိုအရာမှာ တဖက်လူအတွက် ထိုတာဝန်သည် အဆင်ပြေစွာ ထမ်းဆောင်နိုင်မည်လား၊ ငြင်းဆိုမည်လား၊ အခက်အခဲဖြစ်နေမည်လား အစရှိသဖြင့်လည်းဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်အပြန်အလှန်စကားပြောခြင်းလိုအပ်သလို တဖက်လူ၏ သဘောထားများကိုလည်း နားထောင်ပေးရမည်။ ထိုသူ၏ အခက်အခဲ၊ ထိုသူ၏ အချိန်ပေးနိုင်မှု၊ ထိုသူ၏ စိတ်ပါဝင်စားမှု၊ ထိုသူ၏ လုပ်ဆောင်ပေးနိုင်စွမ်း အစရှိသဖြင့်ကိုလည်း ထည့်သွင်းစဥ်းစားပေးရမည် ဖြစ်ပေသည်။
တဖက်လူသည် တာဝန်ပေးခြင်းအား ငြင်းဆန်မည်ဆိုလျှင် အကြောင်းပြချက်ရှိကြမည်ကို သိကြသော်လည်း ကျွန်ုပ်တို့ လျစ်လျှူရှုမိလေ့ရှိတတ်ကြသည်။ ထိုအရာသည် ပဋိပက္ခဖြစ်စေရန် အစပျိုးခြင်းဖြစ်နိုင်သည်။ ထို့ကြောင့် အကြောင်းပြချက်ကို သေချာစွာ နားထောင်ရန်၊ ပိုင်းခြားရန်၊ စဥ်းစားရန်အရေးကြီးပေသည်။ အချို့က သူတို့အား ဘုရားသခင်စေခိုင်းခြင်းဖြစ်သည်ဟု မခံစားရ၍ (သူတို့ Calling သူတို့သိခြင်းလည်းဖြစ်နိုင်သည်)၊ အချို့က အချိန်အဆင်မပြေ၍ မလုပ်ဆောင်နိုင်ခြင်း၊ အချို့က ပြင်ပလုပ်ငန်း၏ ဖိအားများရှိသဖြင့် မလုပ်ဆောင်နိုင်ခြင်း၊ အချို့က ပင်ပန်းသဖြင့် အနားယူလို၍၊ အချို့က အခြားကိစ္စအမျိုးမျိုးရှိသဖြင့်၊ အချို့က တာဝန်ကြီးသဖြင့် မလုပ်နိုင်ခြင်း၊ အချို့က လုပ်ချင်ပါသော်လည်း မလုပ်တတ်သဖြင့်၊ အချို့က လုပ်ချင်စိတ်မရှိသဖြင့်လည်း ဖြစ်နိုင်သည်။
ကျွန်ုပ်တို့သည် ထိုအကြောင်းအရင်းများကို အဖြေရှာ၍ မည်သူ့ကို မည်သို့ပြောဆိုမည်၊ မည်သူ့အား တာဝန်ပေးမည်၊ မည်သူ့ကိုတော့ ကူညီရမည်၊ မည်သူ့ကိုတော့ စိတ်ပါလက်ပါ လုပ်ဆောင်ချင်စိတ်ဖြစ်စေရန်နှိုးဆော်ရမည်ဟူ၍ ဗျူဟာ ပြန်လည်ချရပေမည် မဟုတ်ပါလား။ တခါတလေတွင် တဖက်သား မလုပ်ဆောင်နိုင်သော အကြောင်းအရင်းများထက် မိမိစေခိုင်းခြင်းကို မလုပ်ဆောင်ခြင်းဟုသာ မြင်မိခြင်းသည် တကိုယ်ကောင်းဆန်ခြင်းနှင့် မတရားစေခိုင်းခြင်းကိုဖြစ်စေသဖြင့် တဖက်သား၏ စိတ်ခံစားချက်ကို အကြမ်းဖက်သည့်သဖွယ် ဖြစ်ပွားစေတတ်သည်ကို သတိပြုကြရန်အင်မတန်အရေးကြီးသည်။
ဖိလိပ္ပိဩဝါဒစာ ၂:၄
ကိုယ်အမှုအရာကိုသာ မရှုမမှတ်ဘဲ၊ သူ့အမှုအရာကို အချင်းချင်းရှုမှတ်ကြလော့။
ကိုယ့်အမှုအရာကဲ့သို့ သူ့အမှုအရာကို ရှုမှတ်ကာ သူသည် မည်သည့်အတွက်ကြောင့် တာဝန်မယူနိုင်သနည်းဟု တွေးကြည့်ပေးမည်၊ နားထောင်ပေးမည်၊ စဥ်းစားပေးကာ နားလည်ပေးမည်ဆိုလျှင် ကျွန်ုပ်တို့ အသင်းတော်၊ သာသနာလုပ်ငန်းများတွင် တာဝန်ခွဲပေးခြင်းမှ ဖြစ်ပွားလာတတ်သော ပဋိပက္ခများကို ရှောင်ရှားလာနိုင်မှာဖြစ်ပေသည်မဟုတ်ပါလား။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။