နေ့စဥ်နေ့တိုင်း ကျွန်ုပ်တို့သည် စကားများစွာပြောဆိုနေကြလေ့ရှိသည်။ ထိုအသုံးပြုလိုက်သော စကားလုံးများသည် မည်သူ့အပေါ်နာကျင်စေပြီး၊ မည်သူ့အပေါ်အနာကိုသက်သာစေသည်ကိုတော့ သတိမထားမိတတ်ကြချေ။ တခါတရံတွင် မြင်တွေ့နေရသောအရာများသည် လိုအပ်နေခြင်းများ၊ မှားနေခြင်းများကို စေတနာနှင့် ပြောဆိုရန်ဖြစ်လာတတ်ပေသည်။
ထိုသို့ပြောဆိုခြင်းသည် ထိလွယ်ရှလွယ်အခြေအနေတစ်ခုကိုပင် ဖန်တီးနိုင်စွမ်းရှိသောကြောင့် သတိထားပြောဆိုရန် အင်မတန်လိုအပ်ပေသည်။ ပဋိပက္ခကိုဦးတည်သော ဖြစ်ရပ်များသည် ထိုစကားများအားဖြင့် စတင်ဖြစ်ပေါ်လာတတ်သော ပြတင်းပေါက်ပင်တစ်ခုအလားဖြစ်ပေသည်။ အဘယ့်ကြောင့်ဆိုသော် မိသားစုများပင်ဖြစ်စေကာမူ အပြုသဘောဖြင့် မပြောဘဲ အပြစ်တင်တတ်သည့် အပျက်သဘောဆောင်ပြောဆိုခြင်း၊ လေသံမာမာဖြင့်ပြောဆိုခြင်း၊ ဆရာကြီးလုပ်သကဲ့သို့ ပြောဆိုခြင်း၊ မိမိသာမှန်သယောင် ပြောဆိုခြင်းများကို မည်သူမျှ နှစ်သက်မည်ဟု ကျွန်ုပ်မထင်ပါ။ ထို့ကြောင့် ဝေဖန်အကြံပြုခြင်း၊ မှားယွင်းခြင်းကို ထောက်ပြခြင်းများသည် အပြုသဘောဆောင်သော ပြောဆိုခြင်းဖြစ်ရပေမည်။ ထိုသို့သာ မဟုတ်လျှင်တော့ ဘာဟင်းချက်သလဲဆိုသည်မှာပင် နားခါးစရာ၊ ဆားပေါ့သည်ဟုဆိုခြင်းသည်ပင်လျှင် အပြစ်ဆိုသလိုလိုဖြစ်၍ မခံချိမခံသာဖြစ်ကာ မကြားဝံ့စရာဖြစ်နေပေတော့မည် မဟုတ်ပါလား။
အပြုသဘောဆောင်သော ပြောဆိုခြင်းသည် Constructive Way ဖြစ်၍ အပျက်သဘောဆောင်သော ပြောဆိုခြင်းသည် Destructive Way ဖြစ်ပေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ နေ့စဥ်ပြောဆိုနေသော စကားများသည် မည်သည့်ပုံစံဖြင့်ပြောဆိုနေမိသည်ကို သတိထားရန်လိုအပ်သည်။
သုတ္တံကျမ်း ၂၅:၁၁
လျောက်ပတ်သော စကားသည် ငွေအပြောက်မှာ စီချယ်သော ရွှေရှောက်ချိုသီးနှင့် တူ၏။
တင့်သင့်လျောက်ပတ်သော စကားပြောဆိုခြင်းသည် သူတပါး၏ စိတ်ကို ရွှင်လန်းစေသကဲ့သို့ နာကျင်စေမှုကို သက်သာစေတတ်ပေသည်။ မှားယွင်းနေမှုကို ဆင်ခြင်စရာ၊ လိုအပ်နေမှုကို သင်ယူစရာ၊ အနာအတွက် ဆေးကောင်းတစ်ခွက်အလား နှစ်သက်ဖွယ်ရာဖြစ်စေတတ်သကဲ့သို့ ဆွဲဆောင်မှုရှိပေသည်။ ထို့ကြောင့် အပြုသဘောဆောင်သော ပြောဆိုခြင်းသည် ထောက်ပြဝေဖန်ခြင်းများနှင့် မှားယွင်းနေသူ၏ အမှားကို ပြောပြခြင်း၊ ဝေဖန်မှုပြုပေးခြင်းများ စသဖြင့်တို့တွင်လည်း ကြားနာသူ၏ စိတ်နှလုံးအတွက် အင်မတန်အဆင်ပြေစေသကဲ့သို့ဖြစ်ပြီး အားနည်းနေသူ၊ ပြုပြင်ရန်လိုအပ်နေသူများအတွက်တော့ အားဆေးတစ်ခွက်ပင် ဖြစ်ပေတော့သည်။
ဥပမာဆိုရရင်ဖြင့် “ဒါလေးတောင်မသိဘူးလား” ဆိုသည်ထက် “ဒီလိုလေးဆိုအဆင်ပြေတယ် မကြာခင်သိသွားမယ် မှတ်မိမှာပါ” “အိတ်ကပ်ထဲ လက်ထည့်ထားတာ ကြည့်မကောင်းဘူး ထုတ်လိုက်ပါ” ဆိုသည်ထက် “လက် မထည့်ထားရင် ပိုကြည့်ကောင်းမယ်နော်၊ နောက်ဆိုလုပ်ကြည့်ပါ” စသဖြင့်ဖြစ်ပေသည်။
ထို့ကြောင့် ပဋိပက္ခကိုဦးတည်သော စကားပြောဆိုခြင်းများကို သတိထားရှောင်ရှားနိုင်ရန်အတွက် အပြုသဘောဆောင်သော ပြောဆိုခြင်းသည် အထောက်အကူပြုနိုင်ပေသည် မဟုတ်ပါလား။ ကျွန်ုပ်တို့နေ့စဥ်သုံးနေသော စကားလုံးများသည် မည်သည့်ဘက်သို့ ဦးတည်ကာ ပြောဆိုလေ့ရှိတတ်သည်ကို ယနေ့မှာဆင်ခြင်ကြပါစို့။ ပဋိပက္ခတစ်ခုကို အသွင်ပြောင်းရာတွင် (Constructive Way) ဟုခေါ်ဆိုနိုင်သော အပြုသဘောဆောင်သည့် ပြောဆိုခြင်းများသည်လည်း တစ်ထောင့်တစ်နေရာတွင် ပါဝင်ပါကြောင်း အနည်းငယ် ဝေမျှလိုက်ပါတော့တယ်။
ဘုရားရှင်ဆက်လက်စကားပြောပါစေ။
ယခုဆောင်းပါးသည် မူရင်းစာရေးသူ ဆရာ Titus Kyaw Nyi နှင့် λόγος ၏ မူပိုင်စာမူဖြစ်ပြီး ရေးသားသူ၏ ဘုရားသခင့်အမှုတော်မြတ်အတွက် ကြိုးစားအားထုတ်မှုကို လေးစားတန်ဖိုးထားကြောင်း ပြသသည့်အနေဖြင့် လျော်ကန်သော ချီးကျူးဂုဏ်ပြုမှု (appropriate credit) မပေးဘဲ အခြားနေရာများ၌ စာသားများအား ကူးယူဖော်ပြခြင်း၊ စီးပွါးဖြစ်ထုတ်ဝေကာ ရောင်းဝယ်ဖောက်ကားခြင်းများ မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်။ ကြိုက်နှစ်သက်ပါက မူရင်း website link ကို ဖော်ပြပေးကာ ထပ်ဆင့်ဖြန့်ဝေပေးခြင်းအားဖြင့် ကျွန်ုပ်တို့၏ အမှုတော်မြတ်လုပ်ငန်းကို ပံ့ပိုးကူညီနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက λόγος ၏ “အသုံးပြုခြင်းဆိုင်ရာ သတ်မှတ်ချက်များ” တွင် ဖတ်ရှုလေ့လာပါ။