Skip to content

ချစ်သော လူငယ်သို့ – အပိုင်း(၂၇)

“ဘု​ရား​သ​ခင့်​ထံ​တော်၌ သ​စ္စာ​က​တိ​ပြု​မိ​လျှင်၊ သ​စ္စာ​ဝတ်​ကို မ​ဖြေ​ဘဲ​မ​နေ​နှင့်။ မိုက်​သော​သူ​တို့​ကို အား​ရ​နှစ်​သက်​တော်​မ​မူ။ သ​စ္စာ​က​တိ​ပြု​သည်​အ​တိုင်း ဝတ်​ကို​ဖြေ​လော့။ သ​စ္စာ​က​တိ​ပြု၍ ဝတ်​ကို​မ​ဖြေ​ဘဲ​နေ​သည်​ထက်၊ သ​စ္စာ​က​တိ​အ​လျှင်း​မ​ပြု​ဘဲ​နေ​သော် သာ၍​ကောင်း၏။”
ဒေသနာကျမ်း ၅း၄-၅
“When you vow a vow to God, do not delay paying it, for he has no pleasure in fools. Pay what you vow. It is better that you should not vow than that you should vow and not pay.”
Ecclesiastes 5:4-5

ခရစ်ယာန်လူငယ်တော်တော်များရဲ့ ဆယ်ကျော်သက်အရွယ်ကာလဆုတောင်းတွေဟာ ကတိကဝတ်ပြုခြင်းတွေနဲ့ဘုရားထံ “ပူဆာ”တာများပါတယ်။ “ပူဇော်”တဲ့အပိုင်းကျပြန်တော့လည်း သစ္စာကတိတည်သည်က နည်းပါတယ်။ ဥပမာတခုပြရင်လျှင် ဘုရားထံမှာလိုချင်သောအရာတစုံတခုကို တောင်းပြီး၊ ရရှိလာလျှင် ဘုရားသခင်ကို တခုခုပြန်ပြီးဆက်ကပ်မယ်ဆိုပြီး သစ္စာကတိထားတတ်ကြသော်လည်း တကယ်တမ်းရေရှည်မှာ ထိုသစ္စာကတိဝတ်ကိုမဖြေဘဲ ပြုတတ်ကြသည်မျိုးပေါ့။ ကျေးဇူးတော်ချီးမွမ်းတတ်ပြီး သစ္စာကတိကို မတည်သည်မျိုးကတော့ မဖြစ်သင့်ပါ။

ချစ်သောလူငယ်တို့ကို “ယေဖသ”၏အသက်တာအားဖြင့် ရှေ့ဦးစွာတိုက်တွန်းခွန်အားပေးလိုပါသည်။ ယေဖသ ဟာ အခြားတပါးသောမိန်းမရဲ့သားဆိုတဲ့ အကြောင်းပြချက်နဲ့ဂိလဒ်ပြည်ကနေနှင်ထုတ်ခံခဲ့ရသူပါ။ သို့သော်လည်း ဘုရားသခင်ရဲ့ကျေးဇူးပြုခြင်းအားဖြင့် ယေဖသဟာ ဂိလဒ်ပြည်သို့တဖန် ပြန်လည်ရောက်ရှိရခြင်း၊ ရန်သူအမ္မုန်အမျိုးသားတို့ကို အောင်နိုင်ရခြင်းအခွင့်နှင့်အတူ ဣသရေလလူတို့ကို ခြောက်နှစ်အုပ်စိုးခဲ့ပါတယ်။ သို့သော်ယေဖသဟာ အမ္မုန်အမျိုးသားတို့ကို စစ်မတိုက်မီ သစ္စာကတိတခုထားခဲ့ပါတယ််။
“ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ယေ​ဖ​သ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ဂိ​လဒ်​ပြည်၊ မ​နာ​ရှေ​ပြည်​ကို​လျှောက်​လျက် ဂိ​လဒ်​ပြည် မိ​ဇ​ပါ​မြို့​ကို လွန်၍ အ​မ္မုန်​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား​လေ၏။ ယေ​ဖ​သ​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​လျက်၊ အ​ကယ်၍ ကိုယ်​တော်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​လျှင်၊ အ​ကျွန်ုပ်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ရှိ​ရာ​မှ ငြိမ်​ဝပ်​စွာ ပြန်​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​ကို ခ​ရီး​ဦး​ကြို ပြု​အံ့​သော​ငှာ အ​ကျွန်ုပ်​အိမ်​တံ​ခါး​ဝ​မှ ထွက်​လာ​သော​သူ မည်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​မှန်​ဆက်​သ၍ မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ထား​ပြီး​မှ၊”
တရားသူကြီးမှတ်စာ ၁၁း၂၉-၃၁

ထာဝရဘုရားရဲ့ဝိညာဉ်တော်ဟာ သူနှင့်အတူရှိနေတယ်။ တနည်းအားဖြင့် အောင်ခြင်းအခွင့်ဟာရှိနေတယ်ဆိုတာ ယေဖသ မသိနိုင်စရာအကြောင်းတော့ မရှိပါ။ နောက်ပြီး ဘုရားသခင်ဘက်ကနေလည်း သူဆီကနေဘာကိုမှလည်း မတောင်းဆိုပါ။ သူ့ရဲ့ စိတ်အားကြီးခြင်းကနေပြုခဲ့မိသော သစ္စာကတိသည် သူ့အားကြေကွဲ ဝမ်းနည်းစေခဲ့ပါသည်။ သို့သော် “ခွန်အားကြီးသောသူရဲ” ဆိုသည်အတိုင်း ထိုသစ္စာကတိဝတ်ကို ယေဖသ ဖြေခဲ့ပါတယ်။
ချစ်သောလူငယ်တို့ ကိုယ်မလုပ်နိုင်တဲ့အရာဆိုရင်၊ ကျရှုံးမှာကိုကြောက်တတ်သူဆိုရင် ဘုရားသခင်ထံမှာ သစ္စာကတိကို အလျင်တဆော မလုပ်မိပါစေနှင့်။ မလုပ်သင့်တဲ့အရာဆိုရင်လည်း လုပ်ဖို့ မကြိုးစားမိပါစေနှင့်။ သစ္စာကတိမထားလို့ ဘုရားကကိုယ့်ကို အပြစ်မတင်ပါဘူး။ အကယ်၍ထားလာပြီးမှ ထိုဝတ်ကိုမဖြေဘဲနေခြင်းကသာ ဘုရားသခင်ရှေ့မှာအားရနှစ်သက်ခြင်းကိုခံရမှာ မဟုတ်ပါဘူး။ ဘုရားသခင်ထံ၌ သစ္စာကတိထားခြင်းအရာကို ပေါ့သေးသေးမမှတ်ယူပါနှင့်။

နောက်တဦးကတော့ “ဟန္န”ပါ။ ဟန္န ဟာခင်ပွန်းရဲ့ချစ်ခြင်းကို ခံရသောသူဖြစ်သော်လည်း ထာဝရဘုရားသည် သားဘွားသောအခွင့်ကိုပေးတော်မမူသောကြောင့် ဟန္န စိတ်ဆိုးအောင် သူမရဲ့ပြိုက်ဖက်ဖြစ်သူ သားသမီးရှိတဲ့ “ပေနိန္န”က နှောင့်ယှက်တတ်ပါတယ်။ ထိုသို့နှောင့်ယှက်ခြင်းက ဟန္နကို အစားမဝင်၊ ငိုကြွေးပင်ပန်းစေခဲ့ပါတယ်။

“ဟ​န္န​သည် ညှိုး​ငယ်​သော​စိတ်​နှင့် ထ၍၊ မျက်​ရည်​များ​စွာ​ကျ​လျက် ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​သည်​ကား၊ အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။”
ဓမ္မရာဇဝင်ပထမစောင် ၁း၁၀-၁၁

ဟန္နရဲ့သစ္စာကတိကတော့ တကယ့်ကို အရှက်ကွဲအကျိုးနည်းဆင်းရဲခံရခြင်းထဲကနေပြုခဲ့တာပါ။ သားယောက်ျားကို ပေးလျှင် ထာဝရဘုရားရဲ့ကျွန်ဖြစ်စေမယ်ဆိုတဲ့ သစ္စာကတိပဲဖြစ်ပါတယ်။ ထာဝရဘုရားကလည်း သူ့ရဲ့ဝမ်းကိုဖွင့်လျက် သားယောကျ်ားကိုပေးသနားခဲ့ပါတယ်။ အရှက်ကွဲခံရခြင်း၊ နှောင့်ယှက်ခံရခြင်းတို့ကို ပျောက်လွင့်စေမည့် သားယောကျ်ားကို သစ္စာကတိထားသည်အတိုင်း ဘုရားသခင်ထံအပ်ရမည်ဆိုသည်ကလွယ်ကူသည့်အရာတော့မဟုတ်ပါ။

“ထို​အ​ခါ ဤ​သူ​ငယ်​ကို​ရ​မည်​အ​ကြောင်း ဆု​တောင်း​ပါ၏။ တောင်း​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​သည် ပေး​သ​နား​တော်​မူ​ပြီ။ ထို​ကြောင့် ကျွန်​မ​သည် သူ့​ကို ထာ​ဝ​ရ​ဘု​ရား​အား ငှား​ပါ​ပြီ။ သူ​သည် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ငှား​ခံ၍ နေ​ရ​ပါ​မည်​သ​ခင်​ဟု လျှောက်​ပြီး​မှ၊ ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။”
ဓမ္မရာဇဝင်ပထမစောင် ၁း၂၇-၂၈

ဘုရားသခင်ထံမှာတောင်းခံခဲ့သည်အတိုင်း ဘုရားသခင်ကပေးခဲ့သလို၊ ပေးသနားတော်မူသော ဘုရားထံတော်သို့လည်း သစ္စာကတိတည်လျက် ဟန္နပြုခဲ့ပါတယ်။ ချစ်သောလူငယ်တို့ ဘဝအသက်တာမှာ တခါတရံကြုံတွေ့ရတဲ့ အခက်အခဲ၊ နာကျင်မှုတွေဟာ အကြောင်းမဲ့တော့ မဟုတ်ပါဘူး။ ထိုအရာတွေကနေ ထာဝရဘုရားထံဝန်ခံအပ်နှံတတ်တဲ့အသက်တာဖြစ်လာဖို့ အခွင့်အရေးများသာဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်အသက်တာရဲ့ တချို့သော နယ်ပယ်တွေမှာ လွန်ကျူးနေမိတဲ့ ဒုစရိုက်ပြဿနာတွေကို ကျော်လွှားဖို့ သစ္စာကတိထားသည့်အခါမှာလည်း ပေါ့ပေါ့တန်တန် ပြီးပြီးရောမလုပ်မိပါစေနှင့်။
ဒါကြောင့် အသက်တာမှာ အောင်မြင်ခြင်းကိုကြုံတွေ့ရဖို့ဖြစ်ပါစေ၊ အရှက်ကွဲခြင်းကိုလွန်မြောက်ဖို့ဖြစ်ပါစေ ထာဝရဘုရားထံဆုတောင်းတိုးဝင်လျက် သစ္စာကတိပြုသည့်အခါတိုင်း ပရမ်းပတာမဖြစ်စေဘဲ အလေးအနက်ထားတတ်သော လူငယ်တို့ဖြစ်ကြပါမည်အကြောင်းသတိပေး တိုက်တွန်းနှိုးဆော်ပါရစေ။

မေတ္တာဖြင့်